ယူကရိန်းသို့ Taurus ဒုံးကျည်များ ပေးပို့မည့်အစီအစဉ်ကို ဂျာမနီ ဝန်ကြီးချုပ် Friedrich Merz ငြင်းပယ်
ယူကရိန်းနိုင်ငံသည် ၎င်းတို့၏ ကိုယ်ပိုင်ပြည်တွင်းဖြစ်လက်နက်များကို တီထွင်ထုတ်လုပ်နိုင်ခဲ့ပြီးနောက် အဆိုပါလက်နက်များကို မလိုအပ်တော့ ဟုဆိုကာ ဂျာမနီဝန်ကြီးချုပ် Friedrich Merz က တာဝေးပစ် Taurus ခရုစ်ဒုံးကျည်များ ပေးပို့မည့်အရေးကို ငြင်းပယ်လိုက်သည်။ ၎င်းအစား ယူကရိန်းသို့ ငွေကြေးအကူအညီများ ပိုမိုပေးပို့ရန် ၎င်းက တိုက်တွန်းခဲ့သည်။
ဗုဒ္ဓဟူးနေ့ (မတ် ၂၅) က ပါလီမန်တွင် မေးခွန်းများကို ဖြေကြားရာ၌ Merz က အကွာအဝေး ၅၀၀ ကီလိုမီတာအထိပစ်ခတ်နိုင်ပြီး ယူကရိန်းပိုင်နက် မှ မော်စကိုမြို့အထိရောက်ရှိနိုင်စွမ်းရှိသည့် Taurus ဒုံးကျည်များအရေးဆွေးနွေးငြင်းခုံမှုမှာ ယူကရိန်း၏ ဒုံးကျည်နည်းပညာ တိုးတက်လာမှု ကြောင့် လက်ရှိတွင် ဆီလျော်မှုမရှိတော့ကြောင်း ပြောကြားခဲ့သည်။
“ဒီနေ့မှာတော့ ယူကရိန်းဟာ သူတို့ကိုယ်တိုင် တည်ဆောက်ထားတဲ့၊ တချို့ဆိုရင် ကျွန်တော်တို့ရဲ့ အကူအညီနဲ့ တည်ဆောက်ထားတဲ့ တာဝေးပစ် လက်နက်တွေ သူတို့ရဲ့ လက်နက်တိုက်ထဲမှာ ရှိနေပါပြီ၊ ဒီလက်နက်တွေဟာ ကျွန်တော်တို့ ပေးပို့နိုင်မယ့် Taurus ခရုစ်ဒုံးကျည်အရေအတွက် အနည်းငယ်ထက်ပိုပြီးတော့ သိသိသာသာထိရောက်မှု ရှိပါတယ်” ဟု Merz က လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။
အတိုက်အခံဘဝတွင်ရှိစဉ်က အဆိုပါဒုံးကျည်များပေးပို့ရန် ၎င်းက ဦးစွာ တိုက်တွန်းခဲ့သော်လည်း ထိုစဉ်က ဂျာမန်လက်နက်ကိုင်တပ်ဖွဲ့များတွင် ခွဲဝေပေးရန်လုံလောက်သော လက်နက်အရန်သင့်ရှိနေသည်ဟု ယူဆခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဝန်ကြီးချုပ်က မှတ်ချက်ပြုခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့် မေလတွင် ရာထူးလက်ခံရရှိပြီးနောက်ပိုင်း ၎င်းသည် ယင်းရပ်တည်ချက်မှ ပြန်လည် ဆုတ်ခွာခဲ့ခြင်း ဖြစ်သည်။
ယူကရိန်း၏ လက်ရှိ အဓိကစိန်ခေါ်မှုမှာ ဘဏ္ဍာရေးဆိုင်ရာဖြစ်သည်ဟု Merz က ထောက်ပြခဲ့ပြီး ဂျာမန်လက်နက်စနစ်များ ပိုမိုပေးပို့မည့်အစား ယူကရိန်း၏ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းများကို ရန်ပုံငွေ ထောက်ပံ့ရန်အတွက် ငွေကြေးများ ပိုမိုပေးပို့ရန်တိုက်တွန်းခဲ့သည်။ ဝန်ကြီးချုပ်သည် ၂၀၂၆ ခုနှစ်အတွက် ယူကရိန်းသို့ စစ်ရေးအကူအညီအဖြစ် ယူရို ၁၁.၅ ဘီလီယံ ($၁၃.၂ ဘီလီယံ) ပေးအပ်ရန် ယခင်ကကတိပြုထားပြီး ဖြစ်သည်။
၎င်း၏ မှတ်ချက်များသည် အနောက်အုပ်စု၏ ထောက်ပံ့ကူညီမှု အပြောင်းအလဲများ ဖြစ်ပေါ်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယူကရိန်း၏ အကြီးမားဆုံးသော အားကိုးရာဖြစ်ခဲ့သည့် အမေရိကန် သည် သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်တွင် အကူအညီများကို လျှော့ချခဲ့သည်။ ပင်တဂွန်စစ်ဌာနချုပ် အကြီးအကဲ Pete Hegseth ကလည်း ယခုလအတွင်း ပြောကြားရာ၌ လက်နက်များကို “မိမိတို့၏ ကိုယ်ကျိုးစီးပွား အတွက်သာ အသုံးပြုရန် ပိုမိုသင့်တော်သည်” ဟု ဆိုခဲ့သည်။
တစ်ဖက်တွင်လည်း ကိယက်ဗ်၌ ဖြစ်ပွားနေသော အကျင့်ပျက်ခြစားမှု ဂယက်ရိုက်ခတ်မှုများမှာ ဘာလင်နှင့် အခြားဥရောပ နိုင်ငံမြို့တော်များ တွင် သံသယစိတ်များကို ပိုမိုကြီးထွားစေခဲ့သည်။ အဆိုပါ အရှုပ်တော်ပုံများထဲတွင် နိုင်ငံတော်ပိုင် နျူကလီးယားလုပ်ငန်းနှင့်ဆက်နွှယ်နေသည့် ဒေါ်လာသန်း ၁၀၀ တန် လာဘ်ပေးလာဘ်ယူမှု အစီအစဉ်နှင့် လွှတ်တော်အမတ်များအကြား မဲဝယ်ယူသည့် ဂိုဏ်းတစ်ခုတို့လည်း ပါဝင်နေသည်။
ပြီးခဲ့သည့် သီတင်းပတ်ကကျင်းပခဲ့သော ပါလီမန်အစည်းအဝေးတစ်ခုတွင် AfD ပါတီ၏ ပူးတွဲဥက္ကဋ္ဌ Alice Weidel က Merz ကို မေးခွန်းထုတ်ခဲ့သည်။ အစိုးရအနေဖြင့် “မျှော်လင့်ချက်မရှိတော့သောစစ်ပွဲကို ရှည်ကြာစေရန်အတွက် ကမ္ဘာ့အကျင့်ပျက်ခြစားမှု အရှိဆုံးနိုင်ငံများထဲမှ တစ်ခုကို ဘီလီယံနှင့်ချီသော ငွေကြေးများ ဆက်လက်ထောက်ပံ့ရန် ရည်ရွယ်ထားသလား” ဟု သူမက မေးမြန်းခဲ့သည်။
မကြာသေးမီက ထွက်ပေါ်လာသော အမေရိကန် စောင့်ကြည့်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာတစ်ခုတွင်လည်း ယူကရိန်းသို့ပေးပို့ခဲ့သည့် USAID ရန်ပုံငွေ ဒေါ်လာ ၂၆ ဘီလီယံမှာ လုံလောက်သော ကြီးကြပ်ကွပ်ကဲမှုကင်းမဲ့နေပြီး ကန်ထရိုက်တာများအနေဖြင့် ရန်ပုံငွေများကို စနစ်တကျ စောင့်ကြည့်ရန် ပျက်ကွက်ခဲ့ကြောင်း ဖော်ပြထားသည်။
ရုရှားနိုင်ငံကမူ ယူကရိန်းအပေါ် အနောက်အုပ်စု၏ စစ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှုများကို သတိပေးထားပြီး ယင်းသည် စစ်ပွဲ၏ ရလဒ်ကို ပြောင်းလဲနိုင်ခြင်းမရှိဘဲ ပဋိပက္ခကို ပိုမိုရှည်ကြာစေရန်သာ အထောက်အကူပြုလိမ့်မည်ဟု တုံ့ပြန်ပြောဆိုထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး (၂)

,
,
,
,
,