လက်ဘနွန်နိုင်ငံတွင် ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိခဲ့မှုအပေါ် အင်ဒိုနီးရှားနိုင်ငံက အထူးစိုးရိမ်ပူပန်ကြောင်း ဖော်ပြ
လက်ဘနွန်တောင်ပိုင်းတွင် ကုလသမဂ္ဂ ယာယီငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ (UNIFIL) ၌ တာဝန်ထမ်းဆောင်နေသည့် အင်ဒိုနီးရှားနိုင်ငံသား ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် သုံးဦးသည် သောကြာနေ့ (ဧပြီ ၃) တွင် ဒဏ်ရာ ရရှိခဲ့ပြီးနောက် အင်ဒိုနီးရှားအစိုးရက အထူးစိုးရိမ်ပူပန်ကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။
UNIFIL မစ်ရှင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားရာ၌ ပေါက်ကွဲမှုတစ်ခုကြောင့် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ အနက် နှစ်ဦးမှာပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက X လူမှုကွန်ရက်ပေါ်တွင် တင်ထားသည့် ထုတ်ပြန်ချက်၌ "ဒါဟာ တစ်ပတ်အတွင်းမှာ အင်ဒိုနီးရှား ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေတဲ့ တတိယမြောက် ပြင်းထန်တဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်" ဟု ဖော်ပြထားသည်။
ထို့အပြင် "ဒီလိုမျိုး ထပ်ခါတလဲလဲတိုက်ခိုက်ခံရတာ ဒါမှမဟုတ် ဖြစ်ရပ်တွေဖြစ်ပွားနေတာဟာ လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး၊ ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ပိုမိုအန္တရာယ်များလာတဲ့ ပတ်ဝန်းကျင်မှာ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေရဲ့ ဘေးကင်းလုံခြုံရေးကို မြှင့်တင်ဖို့ အရေးတကြီး လိုအပ်နေပြီဆိုတာကို ဒီဖြစ်ရပ်တွေက မီးမောင်း ထိုးပြ နေပါတယ်" ဟုလည်း ဝန်ကြီးဌာနက ဆိုသည်။
ဝန်ကြီးဌာနက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် အဆိုပါကိစ္စကို အရေးတကြီးဖြေရှင်းပေးရန်နှင့် UNIFIL တွင် တပ်ဖွဲ့ဝင်များ ပါဝင် ကူညီနေသည့် နိုင်ငံများအနေဖြင့် တပ်ဖွဲ့ဝင်များ၏ ကာကွယ်ရေးအစီအမံများကို ပြန်လည်သုံးသပ်ရန်နှင့် အားကောင်းစေရေးဆောင်ရွက်ရန် အစည်းအဝေးတစ်ရပ်ခေါ်ယူရန် တိုက်တွန်းခဲ့သည်။
သီးခြားဖြစ်ရပ်တစ်ခုအနေဖြင့် ပြီးခဲ့သည့် တနင်္လာနေ့ (မတ် ၃၀) ကလည်း အဆိုပါဒေသတွင်ပင် အကြောင်းရင်းမသိရသေးသည့် ပေါက်ကွဲမှု တစ်ခုကြောင့် ၎င်းတို့၏ယာဉ်ပျက်စီးသွားပြီး ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ကြောင်း UNIFIL က ပြောကြားခဲ့သည်။
မတ်လ ၁ ရက်နေ့မှစ၍ အစ္စရေးစစ်တပ်နှင့် အီရန်ကျောထောက် နောက်ခံပြု ဟစ်ဇဘိုလာအဖွဲ့တို့အကြား တိုက်ပွဲများသည် လက်ဘနွန် တောင်ပိုင်းတွင် သိသိသာသာ ပြင်းထန်လာခဲ့ပြီး အစ္စရေး၏ မြေပြင်စစ်ဆင်ရေးများ တိုးချဲ့လာခြင်းနှင့်အတူ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အခြေအနေများမှာလည်း ပိုမိုဆိုးရွားလာလျက်ရှိသည်။
ကိုးကား- CNN
Photo: The Edge Malaysia
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,
,
,
,
,