အီရန်စစ်ပွဲအတွင်း ဥရောပက လုံလောက်စွာမကူညီဟု စွပ်စွဲချက်များအပေါ် EU နိုင်ငံခြားရေးအကြီးအကဲ တုံ့ပြန်

News Image

  • အီရန်စစ်ပွဲအတွင်း ဥရောပက လုံလောက်စွာမကူညီဟု စွပ်စွဲချက်များအပေါ် EU နိုင်ငံခြားရေးအကြီးအကဲ တုံ့ပြန်

အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲတစ်လျှောက်တွင် ဥရောပနိုင်ငံများ အနေဖြင့် ပံ့ပိုးကူညီမှု လုံလောက်စွာမရှိခဲ့ဟု Trump အစိုးရနှင့် ပင်လယ်ကွေ့နိုင်ငံအချို့မှ တာဝန်ရှိသူများ၏ ဝေဖန်စွပ်စွဲချက်များသည် မတရားရာရောက်သည်ဟု ဥရောပသမဂ္ဂ (EU) ၏ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ Kaja Kallas က CNN သို့ ပြောကြားခဲ့သည်။

ဒေသတွင်းဖြစ်ပေါ်နေသော အခြေအနေများကို ဥရောပက ဖန်တီးခဲ့ခြင်း မဟုတ်သော်လည်း လေကြောင်းရန်ကာကွယ်ရေးစနစ်များ ပံ့ပိုးပေးခြင်း၊ ပင်လယ်နီဒေသကို ကာကွယ်ပေးခြင်းနှင့် လက်ဘနွန်အစိုးရကို ကူညီ ထောက်ပံ့ခြင်းအပါအဝင် လုပ်ဆောင်ချက်များစွာကို ဥရောပက လုပ်ဆောင်နေဆဲဖြစ်ကြောင်း သူမက တုံ့ပြန်ပြောဆိုခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကိုကျူးကျော်ချိန်၌ ပင်လယ်ကွေ့ နိုင်ငံများသည် ဥရောပဘက်မှရပ်တည်ပေးရန် အများအားဖြင့် ပျက်ကွက် ခဲ့ကြကြောင်း Kallas က ထောက်ပြခဲ့ပြီး ယင်းအခြေအနေမှာ ‘တစ်ဖက်သတ် အကူအညီ’ သဘောမျိုး မဖြစ်သင့်ကြောင်း ဆိုသည်။

“ဒါဟာ တကယ့်ကို မတရားဘူးလို့ ကျွန်မ ခံစားရပါတယ် ၊ ဟုတ်ပါတယ် … ကျွန်မတို့အားလုံး အခုထက်ပိုပြီး လုပ်ဆောင်နိုင်ကြတာမှန်ပေမဲ့ မေးစရာ ရှိတာက ကျွန်မတို့ ဥရောပမှာလည်း ကိုယ်တိုင်ရင်ဆိုင်နေရတဲ့ လုံခြုံရေး ပြဿနာနဲ့ ရုရှားရဲ့ စစ်ပွဲရှိနေပါတယ် ၊ ကျွန်မတို့ဘက်ကို ပင်လယ်ကွေ့ နိုင်ငံတွေက ကူညီတာမျိုး တကယ့်ကို မတွေ့ရသေးပါဘူး ၊ ဒါက တစ်ဖက်သတ်ပဲ မဖြစ်သင့်ဘူးလေ … အကယ်၍ ကျွန်မတို့ရဲ့ရန်သူတွေ စည်းလုံးနေကြသလိုမျိုး ကျွန်မတို့တွေသာ အတူတကွ ရှိနေမယ်ဆိုရင် ဒီထက်မက ပိုပြီး အင်အားတောင့်တင်းလာမှာပါ” ဟု သူမက CNN ၏ Becky Anderson သို့ ပြောကြားခဲ့သည်။

ထို့အပြင် ပါကစ္စတန်အရာရှိများနှင့် ဆွေးနွေးမှုများအပေါ်အခြေခံ၍ ကြားဝင်စေ့စပ်ထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် လက်ဘနွန်နိုင်ငံကိုပါ ထည့်သွင်းသင့်ကြောင်းနှင့် အစ္စရေး၏ ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများကို ရပ်တန့်ရန် Kallas က တောင်းဆိုခဲ့သည်။

“တုံ့ပြန်မှုတွေက အရမ်းကို ပြင်းထန်လွန်းနေပါတယ် ၊ အရပ်သားတွေ သေဆုံးနေရတာဟာ တကယ့်ကို လက်ခံနိုင်စရာ မရှိပါဘူး ၊ အကယ်၍ အပစ်အခတ်ရပ်စဲရေးထဲမှာ မပါဝင်သေးဘူးဆိုရင်လည်း အခုချက်ချင်း ထည့်သွင်းရပါမယ် ၊ အပစ်အခတ်ရပ်စဲရေးဟာ နုနယ်သေးတယ်ဆိုတာ ရှင်းပါတယ်၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ဆွေးနွေးပွဲစားပွဲဝိုင်း မှာထိုင်ပြီး ညှိနှိုင်းနိုင်ဖို့အတွက် ဒီအပစ်ရပ်မှု ခိုင်မြဲအောင် ကျွန်မတို့ အတတ်နိုင်ဆုံး လုပ်ဆောင်ရပါလိမ့်မယ်” ဟု သူမက ဖြည့်စွက် ပြောကြားခဲ့သည်။

ကိုးကား- CNN

Photo: The National

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး