အမေရိကန်-အီရန် စစ်ပွဲကြောင့် စွမ်းအင်ဈေးကွက် မတည်ငြိမ်ချိန်တွင် မက္ကဆီကိုက ၎င်း၏ သဘာဝဓာတ်ငွေ့ အရင်းအမြစ်သစ်များကို အသုံးချရန် ကြိုးပမ်းနေ
အမေရိကန်နှင့်အစ္စရေးတို့က အီရန်အပေါ်ဆင်နွှဲနေသော စစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်များ တုန်လှုပ်ချောက်ချားနေချိန်တွင် မက္ကဆီကို နိုင်ငံ၏ စွမ်းအင်ဆိုင်ရာ လွတ်လပ်စွာစီမံခန့်ခွဲပိုင်ခွင့်ကို မြှင့်တင်ရန်အတွက် ပုံမှန်မဟုတ်သော သဘာဝဓာတ်ငွေ့သိုက်များ (Unconventional gas deposits) ကို ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ကြောင်း သမ္မတ ကလော်ဒီယာ ရှိန်းဘမ် (Claudia Sheinbaum) က ပြောကြားလိုက်သည်။
အမေရိကန်၏ တောင်ဘက်အိမ်နီးချင်းဖြစ်သော မက္ကဆီကိုသည် အမေရိကန်ထံမှ သဘာဝဓာတ်ငွေ့ကို အများဆုံး တင်သွင်းနေရသည့် နိုင်ငံဖြစ်ပြီး ၎င်း၏ ပြည်တွင်းလိုအပ်ချက် လေးပုံသုံးပုံ (၇၅%) ခန့်ကို အမေရိကန်က ပံ့ပိုးပေးနေခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် မက္ကဆီကို နိုင်ငံအတွင်းရှိ ပုံမှန်ဓာတ်ငွေ့တွင်းများမှထွက်ရှိမှုသည် လျော့နည်းလာ နေပြီး နိုင်ငံ၏ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တော့ပေ။
ဗုဒ္ဓဟူးနေ့ (ဧပြီ ၈) က ပြောကြားခဲ့သောမိန့်ခွန်းတွင် သမ္မတ ရှိန်းဘမ်က “ကျွန်မတို့ ဒီအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင် သဘာဝဓာတ်ငွေ့တွေ ကို ပိုပြီးတော့ပဲ တင်သွင်းနေရပါလိမ့်မယ် ၊ ဒါကြောင့် ကျွန်မတို့မှာရှိတဲ့ တခြားရွေးချယ်စရာကတော့ Shale gas လို့ခေါ်တဲ့ ပုံမှန်မဟုတ်တဲ့ သဘာဝဓာတ်ငွေ့အရင်းအမြစ်တွေပဲ ဖြစ်ပါတယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။
‘ပုံမှန်မဟုတ်သော သဘာဝဓာတ်ငွေ့သိုက်များ’ ဆိုသည်မှာ ကျောက်လွှာများကြားတွင် ပိတ်မိနေသည့် ဓာတ်ငွေ့များကို ဆိုလိုခြင်းဖြစ်ပြီး၎င်းတို့သည် အလိုအလျောက် စီးထွက်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် ၎င်းတို့ကိုထုတ်ယူရန်အတွက် Hydraulic fracturing (ခေါ်) Fracking ကဲ့သို့သော ပိုမိုရှုပ်ထွေးသည့်နည်းပညာများကို အသုံးပြုရမည်ဖြစ်သည်။ သို့သော်လည်း ထိုသို့ထုတ်ယူခြင်းသည် ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန် မှုများ၊ ရေအမြောက်အမြားအသုံးပြုရမှု၊ စည်းမျဉ်းစည်းကမ်းမသေချာမှုနှင့် နိုင်ငံရေးအရ ကန့်ကွက်မှုများကြောင့် ယခင်က ကန့်သတ်ထားခဲ့ခြင်း ဖြစ်သည်။
သမ္မတ ရှိန်းဘမ်က တင်သွင်းမှုအပေါ် မှီခိုနေရခြင်းနှင့်ပတ်သက်၍ မေးမြန်းမှုကို “တင်သွင်းနေရတာက ဘာပြဿနာရှိလို့လဲလို့ မေးစရာရှိပါတယ် ၊ အီရန်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် ကမ္ဘာပေါ်က နိုင်ငံတော်တော်များများ ဘယ်လောက်တောင် ဒုက္ခရောက်နေကြရသလဲဆိုတာကို ကြည့်လိုက်ရင် အဖြေပေါ်ပါတယ်” ဟု ဖြေကြားခဲ့သည်။
သမ္မတ ရှိန်းဘမ်၏ အဆိုပါပြောကြားချက်များသည် မက္ကဆီကိုစီးတီးနှင့် ဝါရှင်တန်ဒီစီတို့အကြား တင်းမာမှုများမြင့်တက်နေချိန်တွင် ထွက်ပေါ် လာခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုကို မူးယစ်ဆေးဝါးမှောင်ခိုမှုဖြင့် အမေရိကန် ကွန်မန်ဒို များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က မက္ကဆီကို နယ်နိမိတ်အတွင်းရှိ မူးယစ်ဂိုဏ်းများကို တိုက်ခိုက်ရန် အမိန့်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ထရမ့်က မက္ကဆီကိုနိုင်ငံအား မူးယစ်ဂိုဏ်းများက ထိရောက်စွာ ထိန်းချုပ်ထားသည်ဟု စွပ်စွဲခဲ့ပြီး မက္ကဆီကိုသည် အမေရိကန်အတွင်းသို့ မူးယစ်ဆေးဝါးများနှင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ရေလွှမ်းသကဲ့သို့ ပေးပို့နေသည်ဟုလည်း ပြစ်တင်ထားသည်။
မက္ကဆီကိုနိုင်ငံသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း ပြည်ပစစ်တပ်အခြေစိုက်မှုကိုမူ ငြင်းပယ်ထားသည်။ ထိုသို့သော မည်သည့်စစ်ရေးလှုပ်ရှားမှုမဆို မိမိတို့၏ အမျိုးသားအချုပ်အခြာအာဏာ ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု သမ္မတ ရှိန်းဘမ်က သတိပေးပြောကြားထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,
,