ထိုင်ဝမ်၏ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မှုနှင့် တရုတ်ပြည်မကြီးသို့ သွားရောက်သည့် အတိုက်အခံတို့၏ ငြိမ်းချမ်းရေးခရီးစဉ်
ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများမြင့်တက်နေစဉ်အတွင်း ထိုင်ဝမ် အစိုးရနှင့် အတိုက်အခံပါတီတို့အကြား နိုင်ငံရေးအမြင်နှင့် လုံခြုံရေး ဆိုင်ရာ ချဉ်းကပ်ပုံများ သိသိသာသာ ကွဲပြားလျက်ရှိသည်။ သမ္မတ လိုင်ချင်းတယ် (Lai Ching-te) သည် ‘အာဏာရှင်စနစ်၏ ခြိမ်းခြောက်မှု’ ကို တုံ့ပြန်ရန်အတွက် ဒေါ်လာ ၄၀ ဘီလီယံနီးပါး အကုန်အကျခံမည့် စစ်ရေးအင်အား တိုးချဲ့မှုအစီအစဉ်ကို ပြီးခဲ့သည့် သောကြာနေ့ (ဧပြီ ၃) တွင် တင်ပြခဲ့သည်။
၎င်းက ထိုင်ဝမ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အစိတ်အပိုင်းမဟုတ်ကြောင်းနှင့် ဒေသတွင်းငြိမ်းချမ်းရေးအတွက် စစ်ရေးအင်အား တောင့်တင်းမှုနှင့် အနောက်နိုင်ငံများအပါအဝင် မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ အဆိုပါစစ်ရေးအသုံးစရိတ် အဆိုပြုချက်သည် ထိုင်ဝမ်သို့ လက်နက်အဓိကထောက်ပံ့နေသည့် အမေရိကန်လွှတ်တော်အမတ်များ ကျွန်းသို့ လာရောက်လည်ပတ်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အခြားတစ်ဖက်တွင်မူ အဓိကအတိုက်အခံဖြစ်သော ကူမင်တန် (KMT) ပါတီသည် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ် ပြည်မကြီးသို့ သွားရောက်ကာ ထိပ်သီးဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ KMT ဥက္ကဋ္ဌ ချန်းလီဝမ် (Cheng Li-wun) က ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်ခြင်းသည်သာ ဒေသတွင်းငြိမ်းချမ်းရေးကို အာမခံနိုင်မည့် နည်းလမ်းဖြစ်ကြောင်းနှင့် ထိုင်ဝမ်ရေလက်ကြားအခြေအနေသည် စစ်ပွဲဆီသို့ ဦးတည်နေခြင်းမျိုးမဟုတ်ကြောင်း နန်ကျင်းမြို့၌ ပြောကြားခဲ့သည်။
သမိုင်းကြောင်းအရ ထိုင်ဝမ်သည် ၁၉၄၉ ခုနှစ်ကတည်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်နေသော်လည်း ပေကျင်းအစိုးရကမူ “One China” မူဝါဒအရ ၎င်းတို့၏ နယ်မြေအဖြစ် သတ်မှတ်ထားဆဲ ဖြစ်သည်။ လက်ရှိတွင် ထိုင်ဝမ်ပြည်တွင်း၌ ‘စစ်ရေးအင်အားဖြင့် ခုခံကာကွယ် လိုသည့် အစိုးရ’နှင့် ‘ဆွေးနွေးညှိနှိုင်းမှုဖြင့် ငြိမ်းချမ်းရေးကိုရှာဖွေလိုသည့် အတိုက်အခံ’ တို့အကြား မူဝါဒရေးရာအငြင်းပွားမှုများ ပြင်းထန် နေသည်။
ကိုးကား- RT
Photo: The Hill
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,
,