အမေရိကန်-အီရန် အပစ်ရပ်စဲရေး ပထမဆုံးနေ့တွင် ဘဂ္ဂဒက်ရှိ အမေရိကန် ဝန်ထမ်းများ တိုက်ခိုက်ခံရ
အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးမှ ဝန်ထမ်းများသည် ဗုဒ္ဓဟူးနေ့ (ဧပြီ ၈) က ‘ဘဂ္ဂဒက်နိုင်ငံတကာလေဆိပ်အနီးတွင် အီရတ် အကြမ်းဖက် စစ်သွေးကြွအဖွဲ့တစ်ခု၏ ဒရုန်းများဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်’ ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက သောကြာနေ့ (ဧပြီ ၁၀) တွင် ပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုအတွက် မည်သည့်စစ်သွေးကြွအဖွဲ့တွင် တာဝန်ရှိသည်ကို အဆိုပါအရာရှိက အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိ သော်လည်း ဝန်ထမ်းအားလုံး ဘေးကင်းလုံခြုံကြောင်း စာရင်းဇယား အတည်ပြုပြီးဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။
အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲစတင်ကတည်းက အီရတ်နိုင်ငံရှိ အမေရိကန်ဝန်ထမ်းများနှင့် အဆောက်အအုံများသည် အီရန်လိုလားသော လက်ဝေခံအဖွဲ့များ၏ တိုက်ခိုက်မှုကို အကြိမ်ပေါင်းများစွာ ခံခဲ့ရသည်။ သို့သော်လည်း ဗုဒ္ဓဟူးနေ့ (ဧပြီ ၈) က ဖြစ်စဉ်သည် အမေရိကန်နှင့် အီရန်တို့အကြား သဘောတူညီထားသည့် အပစ်အခတ်ရပ်စဲရေး၏ ပထမဆုံးသောနေ့ရက်တွင် ဖြစ်ပွားခဲ့ခြင်းကြောင့် ပိုမို အရေးပါလျက်ရှိသည်။
"ကျွန်တော်တို့အနေနဲ့ အီရတ်အစိုးရထံ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်း အသိပေးထားပြီး ဖြစ်စဉ်ကို အပြည့်အဝ စုံစမ်းစစ်ဆေးဖို့နဲ့ ကျူးလွန်သူတွေကို အရေးယူဖို့ တိုက်တွန်းထားပါတယ်" ဟု အဆိုပါ အရာရှိက သောကြာနေ့ (ဧပြီ ၁၀) တွင် ပြောကြားခဲ့သည်။
အမေရိကန်သံရုံး၏ ဗုဒ္ဓဟူးနေ့ လုံခြုံရေးသတိပေးချက်တွင်မူ "အီရန် လိုလားသော အီရတ်အကြမ်းဖက်စစ်သွေးကြွများသည် သံတမန်ရေးရာ အထောက်အကူပြုစင်တာနှင့် ဘဂ္ဂဒက်နိုင်ငံတကာလေဆိပ်အနီးသို့ ဒရုန်း များဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သည်" ဟု ဖော်ပြထားသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာ လန်ဒေါ (Christopher Landau) သည် အမေရိကန်ဆိုင်ရာ အီရတ်သံအမတ်ကြီး နီဇာ ခီရူလာ (Nizar Khirullah) ကို ကြာသပတေးနေ့ (ဧပြီ ၉) တွင် ခေါ်ယူတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် "ဧပြီလ ၈ ရက်နေ့က ဘဂ္ဂဒက်မြို့ရှိ အမေရိကန် သံတမန်များကို ခြုံခိုတိုက်ခိုက်ခဲ့မှုအပါအဝင် အီရတ်နယ်မြေအတွင်းမှနေ၍ အမေရိကန်သံတမန်များနှင့် အဆောက်အအုံများကို အီရန်လိုလားသော စစ်သွေးကြွအဖွဲ့များက ဆိုးဝါးစွာ အကြမ်းဖက်တိုက်ခိုက်ခဲ့မှုအပေါ် အမေရိကန်အစိုးရက ပြင်းထန်စွာ ရှုတ်ချကြောင်း" ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,
,
,
,
,
,
,
,
,
,
,
,
,
,