အီရန်နိုင်ငံခြားရေးဝန်ကြီး အစ္စလာမ္မာဘတ်သို့ ရောက်ရှိလာပြီး မီနပ် ကျောင်းတိုက်ခိုက်မှုတွင် သေဆုံးသူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်များ ပြသ

News Image

  • အီရန်နိုင်ငံခြားရေးဝန်ကြီး အစ္စလာမ္မာဘတ်သို့ ရောက်ရှိလာပြီး မီနပ် ကျောင်းတိုက်ခိုက်မှုတွင် သေဆုံးသူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်များ ပြသ

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီ (Abbas Araghchi) သည် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့သို့ ရောက်ရှိလာပြီး တာဝန်ရှိသူ များနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ကြောင်း အီရန်သတင်းဌာနများက ဖော်ပြခဲ့သည်။ တရားဝင်သတင်းဌာနဖြစ်သော Mehr News Agency ၏ ရုပ်သံမှတ်တမ်းများအရ ဝန်ကြီးသည် ဒေသစံတော်ချိန် နံနက် ၅ နာရီခွဲ တွင် အစ္စလာမ္မာဘတ်ရှိ နေရာတစ်ခုသို့ရောက်ရှိလာကာ တာဝန်ရှိသူများကို ပြုံးရွှင်စွာ လက်ဆွဲနှုတ်ဆက်ခဲ့ပြီးနောက် ကော်ဇောနီလမ်းထက် တွင် ကြိုဆိုပန်းစည်းများကို လက်ခံရယူခဲ့သည်။

အဆိုပါခရီးစဉ်အတွင်း ဝန်ကြီးအာရက်ချီ၏ Telegram အကောင့်တွင် ထူးခြားသော ဓာတ်ပုံအချို့ကိုလည်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဓာတ်ပုံများတွင် ဝန်ကြီးသည် ကိုယ်စားလှယ်အဖွဲ့စီးနင်းလာသည့် လေယာဉ်ပေါ်၌ စစ်ပွဲပထမရက်က မီနပ် (Minab) မြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းအား အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသည့် ကလေးငယ်များ၏ ဓာတ်ပုံများနှင့် ကျောင်းလွယ်အိတ်များ အနီးတွင် ရပ်နေသည်ကို တွေ့ရသည်။ အီရန်အစိုးရပိုင် မီဒီယာများ၏ အဆိုအရ ၎င်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၆၈ ဦးနှင့် ဆရာ၊ ဆရာမ ၁၄ ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ ဝမ်းနည်းဖွယ်ဖြစ်ရပ်နှင့်ပတ်သက်၍ အမေရိကန်စစ်တပ်၏ ကနဦး စုံစမ်းစစ်ဆေးမှုများအရ ယင်းတိုက်ခိုက်မှုသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းမဟုတ်ဘဲ အနီးနားရှိ ရေတပ်စခန်းတစ်ခုနှင့် ပတ်သက်သည့် ခေတ်မမီတော့သော သတင်းအချက်အလက်များကြောင့် မှားယွင်း တိုက်ခိုက်မိသည့် မတော်တဆမှုတစ်ခုသာ ဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ဝန်ကြီးအာရက်ချီသည် ယခုခရီးစဉ်အတွင်း ထိုအထိမ်းအမှတ်ပစ္စည်းများကို လေယာဉ်ပေါ်၌ ခင်းကျင်းပြသလာခြင်းမှာ အဆိုပါဖြစ်ရပ်အတွက် နိုင်ငံတကာ၏အာရုံစိုက်မှုကို ရရှိစေရန် ရည်ရွယ်ကြောင်း ယူဆရသည်။

ကိုးကား- CNN

Photo: MSN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး