တပ်မတော်သားများသည် နိုင်ငံတော်နှင့် ပြည်သူကို သစ္စာခံထားသူများဖြစ်၍ ပြည်သူက အားကိုးရသည့် တိုင်းပြည်ကအားထားရသည့် တပ်မတော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်၍ ကျေပွန်စွာ ထမ်းဆောင်
နေပြည်တော် ဧပြီ ၂၃
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ကျိုင်းတုံ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌လည်းကောင်း၊ ယနေ့မွန်းလွဲပိုင်းတွင် မိုင်းခတ်နှင့် မိုင်းယန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား မိုင်းခတ် တပ်နယ်ခန်းမ၌လည်းကောင်း သီးခြားစီ တွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော် သားများ ဖြစ်သည့်အတွက် စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံမှုနှင့် စနစ်တကျ နေထိုင် တတ်မှုသည် အရေးကြီးကြောင်း၊ ကွပ်ကဲအုပ်ချုပ်သည့် ခေါင်းဆောင်များအနေဖြင့် မိမိ ကိုယ်တိုင်က စ၍ စည်းစနစ်တကျနေထိုင်ပြီး လက်အောက်ကိုလည်း စည်းကမ်းတကျ ကွပ်ကဲအုပ်ချုပ်ရန် လိုကြောင်း၊ သို့မှသာ ပြည်သူက လေးစားအားကျ ယုံကြည်အားကိုးရသည့် တပ်မတော်သားကောင်းများ ဖြစ်ပေါ် လာမည်ဖြစ်ကြောင်း။
တပ်မတော်၏ ကောင်းမွန်သည့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကာကွယ်ရန်မှာ တပ်မတော်သားအားလုံးတွင် တာဝန်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ရန် အဓိကတာဝန်ရှိပြီး ထိုသို့တာဝန်ထမ်းဆောင်နိုင်ရေးအတွက် တိုက်စွမ်းရည်၊ တိုက်စွမ်းအားများ ပြည့်ဝရမည်ဖြစ်ကြောင်း၊ စွမ်းရည်ရှိသည့် တပ်မတော်သားများ ဖြစ်စေရေး မိမိတို့တတ်မြောက်ထားသည့် စစ်အတတ်ပညာများကို ကျွမ်းကျင်တတ်မြောက်စွာ အသုံးချနိုင်အောင်၊ ကျန်းမာကြံ့ခိုင်သည့် တပ်မတော်သားများဖြစ်အောင် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း တိတိကျကျ လေ့ကျင့်နေကြရန်လိုကြောင်း။
တပ်မတော်အနေဖြင့် စွမ်းရည်သုံးရပ်နှင့်ပြည့်စုံသည့် တပ်မတော်ဖြစ်ရန်လိုအပ်ပြီး စွမ်းရည်ရှိရန် ကျန်းမာကြံ့ခိုင်မှု၊ ကျွမ်းကျင်မှုနှင့် ရဲစွမ်းသတ္တိများရှိအောင် လေ့ကျင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သင်ယူထားသော စစ်ပညာများကို ကြံရည်ဖန်ရည်ဖြင့် အသုံးချနိုင်ရန်လိုအပ်ကြောင်း၊ စစ်မြေပြင်တွင် တစ်ဦးချင်း၏ တိုက်ပွဲစွမ်းရည်ကို ဟန်ချက်ညီပေါင်းစပ်၍ အဖွဲ့အစည်း၏ တိုက်ပွဲစွမ်းရည်ကို မြှင့်တင်နိုင်ရန် လိုအပ်ကြောင်း၊ ပြောင်းလဲလာသည့် စစ်အတတ်ပညာနှင့် စစ်လက်နက်ပစ္စည်းများကို အမြဲလေ့လာနေရမည်ဖြစ်ပြီး စစ်မြေပြင်တွင် လက်တွေ့အသုံးချနိုင်ရန်လိုကြောင်းနှင့် ပြည်သူက ယုံကြည် အားကိုးရသည့် စွမ်းရည်ပြည့်ဝသောတပ်များဖြစ်အောင် အမြဲကြိုးပမ်းဆောင်ရွက်သွားကြ ရန်လိုကြောင်း၊
မည်သည့်နေရာသို့ရောက်သည်ဖြစ်စေ၊ မည်သည့်ကိစ္စကို လုပ်ဆောင်သည်ဖြစ်စေ အခြေခံ အချက်များနှင့် ပြည့်စုံပြီး ပုံစံတကျရှိနေရန်လိုကြောင်း၊ ယူနီဖောင်းဝတ်ဆင်မှုနှင့် သွားလာလှုပ်ရှားမှု တို့တွင် ပုံစံတကျဖြစ်နေရန်လိုပြီး ယင်းအချက်သည် စစ်ရေးစွမ်းရည်အပိုင်းတွင် များစွာအထောက် အကူပြုကြောင်း၊ စည်းကမ်းဆိုရာတွင် သတ်မှတ်ထားသော ဆံပင်ပုံစံ၊ ဝတ်စားဆင်ယင်မှုမှစ၍ အခြေခံကျကျ အလေးထားလိုက်နာရန်လိုကြောင်း၊ ထို့ပြင် အထက်အောက်လေးစားမှု၊ အမိန့်နာခံမှု၊ သစ္စာရှိမှုကို ဖော်ညွှန်းသည့် အလေးပြုခြင်းစနစ်ကိုလည်း သတ်မှတ်ပုံစံတကျဆောင်ရွက်သွားရန် လိုကြောင်း။
တပ်မတော်တွင် အုပ်ချုပ်ရေးစွမ်းရည်သည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍတွင်ရှိပြီး အုပ်ချုပ်မှု မကောင်းလျှင် စစ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်ပါ မကောင်းနိုင်သဖြင့် စွမ်းရည်သုံးရပ်တွင် အုပ်ချုပ်မှုစွမ်းရည်သည် အလွန်အရေးကြီးကြောင်း၊ အုပ်ချုပ်မှုအားနည်းလျှင် စည်းလုံးညီညွတ်မှုကို အားနည်းစေမည်ဖြစ်ကြောင်း၊ အုပ်ချုပ်မှုကောင်းရန် စည်းကမ်းကောင်းမွန်မှုသည် အရေးကြီးကြောင်း။
အုပ်ချုပ်ရေးနှင့် ပတ်သက်၍ စစ်ဆင်ရေး၊ လုံခြုံရေးနှင့်လေ့ကျင့်ရေးဆိုင်ရာများ အောင်မြင်ရန် အုပ်ချုပ်ရေးသည် အဓိကကျကြောင်း၊ တပ်မတော်ရုံးလုပ်ငန်းများကို ဦး၊ ရေး၊ ထောက် ဒေါက်တိုင် ၃ ရပ် ကောင်းမွန်စွာ လည်ပတ်မှုဖြင့် ထိန်းကျောင်းထားကြောင်း၊ စစ်စည်းကမ်းဆိုင်ရာ စည်းမျဉ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကိုလိုက်နာ၍ ဦး၊ ရေး၊ ထောက်လုပ်ငန်းများကို ဟန်ချက်ညီ ထိန်းကျောင်းသွားရန်လိုကြောင်း၊ အုပ်ချုပ်ရေးပိုင်းကို ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများ ၏ သက်သာချောင်ချိမှုကိုလည်း ထိရောက်စွာလုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း။
တပ်မတော်သည် အဆင့်ဆင့်ကွပ်ကဲအုပ်ချုပ်သော အဖွဲ့အစည်းဖြစ်သည့်အတွက် ခေါင်းဆောင်မှု ပိုင်းသည် အလွန်အရေးကြီးကြောင်း၊ တပ်မတော်တွင် အဆင့်ဆင့် သတင်းပို့တင်ပြမှုသည် အရေးကြီးသည့်အတွက် မှန်မှန်ကန်ကန်ဖြင့် အတ္တ၊ ပရ ညီညွတ်မျှတစွာ သတင်းပို့တင်ပြရန် လိုကြောင်း၊ တာဝန်ရှိသူအဆင့်ဆင့်ကလည်း လက်အောက်က သတင်းပို့တင်ပြမှုများအပေါ် အရေးတယူ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးကြရန်လိုကြောင်း။
တပ်တွင်းစည်းလုံးညီညွတ်ရေးများတွင် ဦးဆောင်သူများသည် မှန်ကန်သောဦးဆောင်မှုများ လုပ်ဆောင်သွားရန် လိုပြီး မှန်ကန်သော ဦးဆောင်မှုဆိုသည်မှာ ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့် ကိုက်ညှိလုပ်ဆောင်ရန်လိုကြောင်း၊ တပ်မတော်သားများအနေဖြင့် စစ်စည်းကမ်းနှင့်အညီ နေထိုင် ကျင့်ကြံရမည်ဖြစ်ပြီး တစ်ဦးချင်းနှင့် အဖွဲ့အစည်းအပေါ် ထိခိုက်စေနိုင်သည့် လုပ်ကိုင်ပြုမှု နေထိုင်မှုများကို ရှောင်ကြဉ်ကြရန်လိုကြောင်း၊ အသောက်အစား အပျော်အပါးများကြောင့် မိမိတို့ တစ်ဦးချင်း စွမ်းဆောင်ရည်များနှင့် မိမိတို့၏ မိသားစု၊ အဖွဲ့အစည်းအပေါ်တွင် ထိခိုက်မှုမရှိအောင် ထိန်းထိန်းသိမ်းသိမ်း နေထိုင်ကြရမည်ဖြစ်ကြောင်း။
တပ်မတော် အနေဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာချောင်ချိရေးအတွက် နေရေး၊ စားရေး၊ ဝတ်ရေး၊ ကျန်းမာရေးနှင့် အခြားအထွေထွေ လိုအပ်ချက်များကို တတ်စွမ်းသရွေ့ အမြဲမပြတ် ဖြည့်ဆည်းပေးလျက်ရှိပြီး ထိုက်သင့်သည့် ချီးမြှင့်မှုများနှင့်လိုအပ်သည့် သက်သာ ချောင်ချိရေး ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် တပ်ပိုင်နှင့် တစ်နိုင် တစ်ပိုင် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြရေး တိုက်တွန်း လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် မိသားစု၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေမည်ဖြစ်ပြီး သက်သာချောင်ချိမှု ဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာချောင်ချိရေး ကိစ္စရပ်များကို တာဝန်ရှိသူများ အနေဖြင့် စနစ်တကျ ဖော်ဆောင်ပေးသွားရန် အလေးထားမှာကြားလိုကြောင်း၊ အုပ်ချုပ်မှုနှင့် သက်သာချောင်ချိမှုများ အားကောင်းပါက စိတ်ဓာတ်သည်လည်း အလိုလိုအားကောင်းလာမည် ဖြစ်ကြောင်း။
အရာရှိ၊ စစ်သည်များအနေဖြင့် မိမိဝင်ငွေနှင့်ထွက်ငွေကို မျှတစွာ သုံးစွဲတတ်ရန်လိုအပ်ပြီး တာဝန် ရှိသူများကလည်း သက်သာချောင်ချိမှုများ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဝင်ငွေနှင့်ထွက်ငွေ မျှတစေရေး၊ ခြိုးခြံချွေတာရန် လိုအပ်သကဲ့သို့ မလိုလားအပ်ဘဲ အပိုကုန်ကျနိုင်မည့် အပျော်အပါး၊ လောင်းကစားမှုဆိုင်ရာကိစ္စ စသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်း အရာရှိ၊ စစ်သည်၊ မိသားစုများ လိုက်နာရန် လိုအပ်ကြောင်း။
တပ်မတော်အနေဖြင့် တပ်မတော်သား မိသားစုဝင်များ၏ သားသမီးများသာမက တပ်မတော် သားများ၏ ပညာရည်မြင့်မားစေရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပြီး ပညာရည် မြင့်မားစေရေးအတွက် လိုအပ်သည်များ စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မိဘများအနေဖြင့်လည်း စစ်သည်များ၊ ကလေးငယ်များ၏ ပညာရည် မြင့်မားရေးကို အလေးပေးဆောင်ရွက်ကြရန်၊ တပ်မတော်သားများ၏ သား/သမီးအားလုံးကို KG+9 အဆင့်အထိ အနည်းဆုံး တတ်မြောက်အောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ KG+9 တက်ရောက် အောင်မြင်ပြီးသူများ အနေဖြင့်လည်း စက်မှုသိပ္ပံကျောင်းများ၊ စိုက်ပျိုးရေး သိပ္ပံကျောင်းများ၊ မွေးမြူရေးသိပ္ပံကျောင်းများသို့ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်သဖြင့် တာဝန်ရှိသူများအနေဖြင့် အခွင့်အလမ်းများရရှိအောင် စီမံဆောင်ရွက်ပေးကြရန်လိုကြောင်း။
တပ်မတော်သားများသည် သစ္စာအဓိဋ္ဌာန် (၄) ချက်ကို ရွတ်ဆိုနေကြသူများဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူကို သစ္စာခံထားသူများဖြစ်၍ ၂၄ နာရီပေးအပ်သည့် အမိန့်နှင့် တာဝန်များကို သင်ကြားလေ့ကျင့် ပေးသည့် စစ်ပညာရပ်များကို အသုံးချ၍ ပြည်သူကအားကိုးရသည့်၊ တိုင်းပြည်က အားထားရသည့် တပ်မတော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်၍ ကျေပွန်စွာထမ်းဆောင်နိုင်ရန်လိုကြောင်း ပြောကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကို မေးမြန်းကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် စားသောက်ဖွယ်ရာပစ္စည်းများနှင့် ချီးမြှင့်ငွေများကိုပေးအပ်ရာ တိုင်းမှူးနှင့် တပ်နယ်မှူးတို့က လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက တပ်နယ်များရှိ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တိုင်းမှူး၏ဇနီးနှင့် တပ်နယ်မှူး၏ ဇနီးကလည်းကောင်း လက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက် လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ထို့ပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ညနေပိုင်းတွင်လည်း တြိဂံဒေသ တိုင်းစစ်ဌာနချုပ် စိုက်ပျိုး/မွေးမြူရေးဇုန်အတွင်းရှိ နို့စားနွား၊ အသားတိုးနွား၊ DYL ဝက်၊ ငါး၊ ဥစားကြက်၊ အသားစားကြက်၊ ကာကီကင်းဘဲများ၊ ဒေသကြက်များ မွေးမြူထားရှိမှုနှင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
MDN
သတင်းစဉ်
