ကျောက်ဆည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ကာကွယ်ဆေး ထိုးနှံခြင်းနှင့် အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်
ကျောက်ဆည် မေ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အစိုးရ သစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် သင်တောင်းကျေးရွာအုပ်စု၊ တောင်လွှဲကျေးရွာ၌ ဒေသနွားနှင့် နို့စားနွားများအား ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေး ကြိုတင်ထိုးနှံခြင်းနှင့် နွားမွေးမြူသည့် တောင်သူများအား တိရစ္ဆာန် ကူးစက်ရောဂါများအကြောင်း အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းခန့်နှင့်ဝန်ထမ်းများက နိုင်ငံတော်အစိုးရသစ်လက်ထက် ရက် (၁၀၀) စီမံချက်ဖြင့် ဒေသနွားနှင့် နို့စားနွားများတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ကျေးရွာ အတွင်းရှိ နွားကောင်ရေ ( ၄၁၁ ) ကောင်အား ပေါင်ပုပ်လက်ပုပ် ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစိုးစိုးထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နွားမွေးတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ပထမရက် (၁၀၀) စီမံချက်ကာလအတွင်း မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၉) အုပ်စုရှိ နွားကောင်ရေ (၆၆၀၀) ကောင် အား ကူးစက်ရောဂါကာကွယ်ဆေးများ ထိုးနှံသွားမည်ဖြစ်ရာ သင်တောင်းကျေးရွာအုပ်စု၊ ဆူးလေကုန်းကျေးရွာအုပ်စုနှင့် သံရွာကျေးရွာအုပ်စုတို့တွင် နွားကောင်ရေ (၇၃၆) ကောင် ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရှိသော ကျေးရွာများသို့လည်း ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းခန့် ပြောပြ၍ သိရသည်။
သက်မောင်(ကျောက်ဆည်)
