အမေရိကန်၏ မြို့ကြီးများတွင် ဘုရင်မရှိဟု ဆန္ဒပြ

အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့သည့် စစ်ပွဲတစ်လပြည့်ချိန်တွင် အမေရိကန်နိုင်ငံ တစ်ဝန်းရှိ မြို့ကြီးများတွင် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အုပ်ချုပ်မှုကို ဆန့်ကျင်သည့် “No Kings” (ဘုရင် မရှိစေရ) ဆန္ဒပြပွဲများသည် တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ထိုကဲ့သို့ လမ်းလျှောက်ချီတက်ဆန္ဒပြပွဲများသည် သမ္မတထရမ့် ဒုတိယသက်တမ်း စတင်ပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တတိယမြောက် ပြုလုပ်သည့် ဆန္ဒပြပွဲများဖြစ်ပြီး ယခုတစ်ကြိမ်တွင် အီရန်စစ်ပွဲ ကို ဆန့်ကျင်သည့် အသံများ ပိုမိုကျယ်လောင်လာခဲ့သည်။

အာဏာရှင်နှင့် သက်ဦးဆံပိုင် ဘုရင်စနစ်တို့ကို ဆန့်ကျင်ရန် ရည်ရွယ်လှုပ်ရှားခဲ့သည့် “No Kings” ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် ၅၀ လုံးတွင် ဆန္ဒပြပွဲ စုစုပေါင်း ၃၃၀၀ ကျော်ကို ကျင်းပရန် စီစဉ်ထားသည်။

ထိုဆန္ဒပြပွဲများအနက် နယူးယောက် (New York) ၊ လော့စ်အိန်ဂျလိစ် (Los Angeles) နှင့် ဝါရှင်တန်ဒီစီ (Washington, DC) ကဲ့သို့သော မြို့ကြီးများတွင် လူအင်အား အမြောက်အမြား တက်ရောက်ကြမည်ဟု မျှော်လင့် ရသည်။

ထို့ပြင် ရောမ (Rome) ၊ ပဲရစ် (Paris)နှင့် ဘာလင်(Berlin)ကဲ့သို့သော ဥရောပမှ မြို့ကြီးများတွင်လည်း တစ်ပြိုင်နက်တည်း ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိသည်။

ပွဲစီစဉ်သူများသည် ကွန်ဆာဗေးတစ်ဝါဒီများ အားကောင်းသည့် အမေရိကန်မြို့ကြီးများ၏ ပြင်ပဒေသများတွင် နေထိုင်သူများကို စည်းရုံးရန် ရည်ရွယ်ထားကြသည်။

ဆန္ဒပြပွဲများတွင် ပါဝင်ဆင်နွှဲသူ စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်မှာ မြို့လယ်ခေါင်နေရာများတွင် မဟုတ်သော ပြင်ပ ဒေသများရှိ ဆန္ဒပြပွဲများတွင် ပါဝင်ကြလိမ့်မည်ဟု ပွဲစီစဉ်သူများကဆိုသည်။

ဒီစနေနေ့ လူထုလှုပ်ရှားမှုရဲ့ ထူးခြားတဲ့အချက်က လူဘယ်လောက်များများ ဆန္ဒပြနေကြတာလဲ ဆိုတာတင် မဟုတ်ဘဲ ဘယ်နေရာတွေမှာ ဆန္ဒပြနေကြတာလဲ ဆိုတာပါပဲဟု ပြီးခဲ့သည့်နှစ်က No Kings လှုပ်ရှားမှုကို စတင်ခဲ့သည့် Indivisible အမည်ရှိ အကျိုးအမြတ် မယူသည့်အဖွဲ့၏ ပူးတွဲ တည်ထောင်သူ လီယာဂရင်းဘာ့ချ် (Leah Greenberg) က ပြောကြားခဲ့သည်။

သို့သော် အဓိက ဆန္ဒပြပွဲကို မင်နီဆိုးတား (Minnesota) ပြည်နယ်ရှိ Twin Cities ဟု လူသိများသော မင်နီယာ ပိုလစ် - စိန့်ပေါလ် (Minneapolis-St Paul) ဒေသတွင် ကျင်းပရန် စီစဉ်ထားသည်။

အမေရိကန် အလယ်ပိုင်းတွင်ရှိသည့် မင်နီဆိုးတားပြည်နယ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း သမ္မတ ထရမ့်၏ ရွှေ့ပြောင်းများနှိမ်နင်းသည့် Operation Metro Surge စစ်ဆင်ရေး၏ အချက်အခြာကျသည့် နေရာတစ်ခု ဖြစ်လာ ခဲ့သည်။

အဆိုပါ စစ်ဆင်ရေးအတွင်း ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေး (ICE) အေးဂျင့်ပေါင်း ၃၀၀၀ ကျော်သည် Twin Cities ဒေသသို့ ဝင်ရောက်စီးနင်းခဲ့ကြပြီး လူပေါင်းများစွာကို အင်အားအလွန်အကျွံ အသုံးပြုပြီး ဖမ်းဆီးခဲ့ကြောင်းဟု စွပ်စွဲခံခဲ့ရသည်။ 

ကိုးကား - CNI International News

Subject-Image

  • အမေရိကန်၏ မြို့ကြီးများတွင် ဘုရင်မရှိဟု ဆန္ဒပြ

Posted-Date