ရေးပါဆိုသော် “မျှော်” နှင့် “မြှော်” “မြင်မြော်” မည်သို့ရေးမည်နည်း

Posted_Date

Image

ရေးပါဆိုသော် “မျှော်” နှင့် “မြှော်” “မြင်မြော်” မည်သို့ရေးမည်နည်း

Body

စာရေးသားကြတဲ့အခါ  စာလုံးပေါင်းသတ်ပုံမှန်ကန်ရေးဟာ အရေးပါတဲ့ ကဏ္ဍတစ်ရပ်မှ ပါဝင်နေပါတယ်။ စကားလုံးတို့ရဲ့ အနက်အဓိပ္ပာယ်ကို ကွဲကွဲပြားပြား မသိရှိကြတဲ့အတွက်ကြောင့် စာလုံး‌ပေါင်းသတ်ပုံတွေ မှားယွင်းနေကြတာ ဖြစ်ပါတယ်။ ယပင့်၊ ယရစ် တို့နဲ့ပေါင်းရတဲ့ စကားလုံး တွေဟာ အသံထွက်တူနေကြပြီး အရေးကတော့  ခြားနားပါတယ်။  အသံတူအက္ခရာ နှစ်မျိုးသုံးမျိုးတို့ ရှိနေတာဟာလည်း  စာလုံးပေါင်းသတ်ပုံမှားယွင်းဖို့  အကြောင်းတရားတစ်ရပ် ဖြစ်ပါတယ်။ အသံ ထွက်တူ “မျှော် နဲ့ မြှော်” စကားလုံးတွေဟာ စာလုံးပေါင်းသတ်ပုံ မတူကြသလို အဓိပ္ပာယ်လည်း မတူကြပါဘူး။ အဲဒီ စကားလုံးတွေဟာ သူ့အဓိပ္ပာယ်နဲ့သူ ရှိနေပါတယ်။

မြန်မာစာမြန်မာစကားတွေမှာ အသံထွက်ချင်းတူပြီး သတ်ပုံအရေးမတူတဲ့ စကားလုံးတွေ ရှိနေပါတယ်။ “မျှော် နဲ့ မြှော်၊ မြင်မြော်” စကားလုံးတွေဟာ အသံတူ အရေးကွဲတဲ့ သံတူကြောင်းကွဲ စကားလုံးတွေဖြစ်ကြပြီး အနက်အဓိပ္ပာယ်တွေကလည်း မတူကြပါဘူး။ 

“အရင်ဆုံး “သဝေထိုးမယပင့်ဟထိုးရေးချရှေ့ထိုးမျှော် အကြောင်းနဲ့ပတ်သက်ပြီး ပြောပြပါမယ်။ သူ့ရဲ့အနက်အဓိပ္ပာယ်ကတော့  အနီးကြည့်၊ အဝေးကြည့်၊ မနီးမဝေးကြည့် ဆိုတဲ့ ကြည့်ခြင်း အနက် တွေပဲ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အမှတ်မထင်မြင်တဲ့အခါ ကြည့်တဲ့အကြည့်မျိုးမဟုတ်ဘဲ တစ်စုံတစ်ခုကိုရယူလိုတဲ့  လောဘဇောဖြင့် တွေ့မြင်လိုစိတ်၊ သိရှိလိုစိတ် ပြင်းပြတဲ့ဆန္ဒနဲ့ အနီးကပ် စူးစိုက်စွာ ကြည့်တဲ့အကြည့်ကို “မျှော်သည်”လို့  ဆိုလိုခြင်းဖြစ်တယ်။ တစ်နည်းဆိုရရင် မျက်စိ တစ်ဆုံးမြင်နိုင်လောက်တဲ့အဝေးကို လှမ်းပြီးကြည့်တာကို  “မျှော်သည်” လို့ ခေါ်ပါတယ်။

မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာနက ထုတ်ဝေတဲ့  မြန်မာအဘိဓာန်မှာ “မျှော်” ရဲ့အနက်က အဝေးအရပ်သို့ မျက်နှာမူ၍ကြည့်သည်၊ စောင့်လင့်သည်၊ ငံ့လင့်စောင့်စားသည် လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ဉပမာ-

          “ကလေးငယ်က မုန့်စားနေတဲ့  သူ့အစ်မကို ပါးစပ်တပြင်ပြင်နဲ့ အနားကနေ ကြည့်နေတာကို အစ်မဖြစ်သူက ကလေးငယ်အား “သူများတကာစားနေတာ ဘာလို့မျှော်နေရတာလဲ” လို့  “ကလေးငယ် ကိုလှမ်း၍ပြောသည်”ဆိုတဲ့ဝါကျမှာ “မျှော်”ရဲ့အနက်အဓိပ္ပာယ်ဟာ  စားချင်စိတ် အာသာဆန္ဒပြင်းပြ စွာဖြင့် စူးစူးစိုက်စိုက်ကြည့်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။  ဒါ့အပြင် “တမ်းတငံ့လင့်သည်”ဆိုရင် “မျှော်ကိုး” “အဝေးသို့လှမ်းကြည့်ရန်အဆောက်အအုံအမြင့်” ဆိုရင်  မျှော်စင်” “ရည်မှန်း စောင့်စားသည်” ဆိုရင်တော့ “မျှော်လင့်”လို့ ရေးသားသုံးနှုန်းကြပါတယ်။ 

          ဆက်လက်ပြီး “သဝေထိုးမရရစ်ဟထိုးရေးချရှေ့ထိုးမြှော်”ဆိုတဲ့ စကားလုံးသုံးနှုန်းပုံကို မပြော ခင် သူ့ရဲ့အနက်အဓိပ္ပာယ်ကို ပြောပြပါမယ်။ မြှော်ရဲ့အနက်အဓိပ္ပာယ်ကတော့ “စောင့်စားခြင်း၊  ငံ့လင့်ခြင်း”လို့ အနက်ရပါတယ်။

          မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာနက ထုတ်ဝေတဲ့  မြန်မာအဘိဓာန်မှာ “မြှော်” ရဲ့အနက်အဓိပ္ပာယ်ကို  “မိမိ၏စိတ်သည် တစ်ခုသောအာရုံ၌ ဇောကပ်ပြီးနေခြင်း၊ အာရုံ တစ်ခုကို  မက်မက်မောမော တောင့်တောင့်တတ ဖြစ်နေခြင်း”လို့ ဖွင့်ဆိုထားပါတယ်။ ဉပမာ-

           “မြန်မာ့ရုပ်သံမှ အဆုံးသတ်ဇာတ်လမ်း တစ်ပုဒ်ကြည့်နေချိန် ကောင်းခန်းရောက်တဲ့အခါ  ဖြတ်ထားပြီး နောက်လာမယ့်အခန်းကို ကြည့်ဖို့စောင့်နေခြင်းဟာ စိတ်ကို ဇာတ်လမ်းထဲက ထွက်မ သွားစေဘဲ အဲဒီဇာတ်လမ်းကို ဆက်ကြည့်လိုစိတ် ဇောကပ်နေတယ်ဆိုရင် “သဝေထိုးမရရစ်ဟထိုး ရေးချရှေ့ထိုးမြှော်”ကို သုံးရပါတယ်။ တစ်နည်းပြောရရင်  ဇာတ်လမ်းကိုကြည့်ဖို့  စောင့်စားနေခြင်း၊ ဇာတ်လမ်းကြည့်လိုတဲ့ ဆန္ဒကို မိမိစိတ်က တောင်းတနေခြင်း၊ မျှော်လင့်နေခြင်း သဘောမျိုးဖြစ် ပါတယ်။ 

          “မြှော်” ဟာ ပကတိစက္ခုရဲ့  မြင်ကွင်းမဟုတ်ဘဲ လူတို့ရဲ့အတွင်းစိတ်ကနေ သူတို့ရဲ့ ဆန္ဒအရ ပေါက်ဖွားလာတဲ့ စိတ်ခံစားချက်၊ တောင့်တမှုကို သရုပ်ဖော်ရာမှာ “သဝေထိုးမရရစ်ဟထိုးရေးချ ရှေ့ထိုးမြှော်”ကို သုံးရပါမယ်။ ဉပမာ-

                    “မင်းကိုလူကောင်းတစ်ယောက် ဖြစ်လာလိမ့်မည်ဟု မြှော်လင့်တယ်။

                    ခရီးသည်များသည် လိုင်းကားအလာကို မြှော်နေကြတယ်။

                    ရုံးဝန်ထမ်းများသည် နှစ်သစ်ကူးမုန့်ဖိုးပေးမည်ကို မြှော်လင့်နေကြတယ်။”ဆိုတဲ့ဝါကျ တွေပဲ ဖြစ်ပါတယ်။

“ထိုမြှော်၊ ဤမြှော်” အသုံးတွေဟာ  အာရုံတစ်ခုခုကို စောင့်စားငံ့လင့်ခြင်း အနက်အဓိပ္ပာယ် သဘော သက်ရောက်နေပြီး မိမိစိတ်ထဲမှာ ဖြစ်လိုတဲ့ဆန္ဒကို ဉာဏ်နဲ့မြှော်တာဆိုရင် “သဝေထိုး မရရစ် ဟထိုးရေးချရှေ့ထိုးမြှော် ”နဲ့ သုံးရပါတယ်။

ဆက်လက်ပြီး ဟထိုးမပါတဲ့ သဝေထိုးမရရစ်ရေးချရှေ့ထိုးမြော်”အသုံးကို ပြောပြပါမယ်။  ဉာဏ်ပညာမျက်စိနဲ့ကြည့်ပြီး တွေးတော၊ ကြံစည်၊ စိတ်ကူးတာ တစ်စုံတစ်ခုသော အကြောင်းအရာ၊ တစ်ဦးတစ်ယောက်သောပုဂ္ဂိုလ်တို့ရဲ့ဖြစ်ရပ်ကို အလေးအနက်ပြုပြီး  စိတ်နဲ့တွေးတာမျိုးဆိုရင်  “သဝေထိုး မရရစ်ရေးချရှေ့ထိုးမြော်”ကို သုံးရပါတယ်။ 

မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာနက ထုတ်ဝေတဲ့ မြန်မာအဘိဓာန်မှာ “မြော်” ရဲ့ အနက်အဓိပ္ပာယ်ကို “ချင့်ချိန်ဆင်ခြင်သည်၊ ရှုမြင်သည်”လို့  ဖွင့်ဆိုထားပါတယ်။ 

မန်လည်ဆရာတော်ရေးသားတဲ့ မာဃဒေဝတွင် “အမြဲရှုမျှော်၊ ကြံတွေးခေါ်လျက်၊ ရှေ့မြော် နောက်မြင် ပညာရှင်တို့၊ လျှောက်တင်ရေးရာ”လို့ဆိုထားပါတယ်။ ပညာရှင်တွေဟာ အမြဲတမ်း ကြံစည်တွေးခေါ်နေပြီး ရှေ့ရေးကိုမျှော်မြင်နိုင်စွမ်းသလို နောက်မှာဖြစ်နေတဲ့အရေးကိစ္စတွေကိုလည်း မြင်နိုင်စွမ်းရှိပြီး ဉာဏ်မျက်စိနဲ့ ရှုမြင်သုံးသပ်လျှောက်တင်ကြတာကို ဆိုလိုတာပါ။ 

“မြော်”ဟာ စိတ်အလုပ်၊ ဉာဏ်အလုပ်၊ ပညာအလုပ် ဖြစ်ပါတယ်။ ကိုယ်ပိုင်ဉာဏ်ကို အသုံးချပြီး စူးစူးစိုက်စိုက်ကြည့်ကာ  တွေးတောဆင်ခြင်တတ်တာကို ပေါ်လွင်စေချင်တဲ့အခါ “မြော်” ဆိုတဲ့ စကားလုံးကို သုံးရပါတယ်။ မြော်နဲ့ပတ်သက်တဲ့ ဝါကျတွေကို ပြောပြရမယ်ဆိုရင်-

          “ဝိဓူရသည် အမြော်အမြင်ကြီးသော ပညာရှိသုခမိန်ဖြစ်သည်။ 

          ကြာရိုးကို မြော်ထောက်၍ ‌ရေတိမ်ရေနက်ကိုသိရ၏။

          ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတိဂုံဘုရားကို ဖူးမြော်သည်။

          မြော်တွေးသော်လည်း ရေးရေးမျှမပေါ်။”ဆိုတဲ့ ဝါကျတွေပဲဖြစ်ပါတယ်။

မြော်ဟာ ဉာဏ်ပညာမျက်စိဖြင့်ကြည့်၍ တွေးတောခြင်း၊ ကြံစည်ခြင်း၊ စိတ်ကူးခြင်း အနက် သဘောကို ဆောင်ပါတယ်။

 မြော်နဲ့ မြှော်ဟာ စိတ်၌အရင်းခံပြီး ဖြစ်ပေါ်လာတာချင်းတူပေမဲ့လည်း ခြားနားချက်တော့ ရှိပါတယ်။ ဟထိုးပါတဲ့ မြှော်ဟာ အဝေးအာရုံကို စိတ်ဖြင့်မှန်းဆ၍ တောင့်တသည်” လို့ အဓိပ္ပာယ် ရပြီး ဟထိုးမပါတဲ့ မြော်ကတော့ “အကြောင်းအရာဖြစ်ရပ်တစ်ခုခုကို ဝမ်းတွင်းဓာတ်ခံ ပင်ကိုယ် ဉာဏ်ဖြင့် နက်နဲစွာ တွေးခေါ်သည်” လို့ အဓိပ္ပာယ်ရပါတယ်။ “သဝေထိုး မယပင့် ဟထိုး ရေးချ ရှေ့ထိုးမျှော်” ရဲ့ အဓိပ္ပာယ်ကတော့ “အာရုံတစ်ခုခုကို ပကတိမျက်စိဖြင့် အနီးကပ် စူးစိုက်စွာ ကြည့်သည်” ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။ 

ခုဆိုရင် မျှော် နဲ့ မြှော်၊ မြင်မြော် စကားလုံးတွေရဲ့ အသုံးကို “ဘယ်လိုသုံးရတယ်၊ ဘယ်နေရာ မှာသုံးရတယ်” ဆိုတာတွေကို သိရှိသွားလောက်ပြီလို့ ထင်ပါတယ်။ စကားလုံးအသုံးအနှုန်းနဲ့ စာလုံးပေါင်းသတ်ပုံတွေကို သူ့နေရာနဲ့သူ မှန်မှန်ကန်ကန်သုံးတတ်စေဖို့ ရည်ရွယ်ပြီး “မှတ်သားစေလို သတ်ပုံကို မှတ်သားလိုက်နာနည်းယူရန်”ဆိုတဲ့ အခန်းကဏ္ဍကနေ တင်ဆက်ပေးလိုက်ရပါတယ်ရှင်။