သွေးချိုဆီးချိုရောဂါအတွက် အကျိုးကျေးဇူးများ ပေးနိုင်သော ကန်စွန်းဥ

Posted_Date

Image

သွေးချိုဆီးချိုရောဂါအတွက် အကျိုးကျေးဇူးများ ပေးနိုင်သော ကန်စွန်းဥ

Body

ကမ္ဘာတစ်ဝန်းတွင်   သွေးချိုဆီးချိုရောဂါနှင့် သွေးတွင်းသကြားဓာတ်ပြဿနာများ မြင့်တက်လာ နေသည့်အချိန်၌  ကျန်းမာရေးနှင့်ညီညွတ်သော ဂလူးကို့စ်ထိန်းချုပ်မှုကိုပံ့ပိုးပေးသည့်   ရိုးရှင်းပြီး ဈေးသက်သာသော အစားအစာများကို ရှာဖွေနေကြသည်။ ထူးခြားသော ဟင်းသီးဟင်းရွက်အဖြစ် သတ်မှတ်ခံထားရသည့် ကန်စွန်းဥများသည် မကြာ သေးမီနှစ်များအတွင်း ရေပန်းစားလာခဲ့ပြီး သုတေသနနှင့် အာဟာရဆိုင်ရာ ပြန်လည်သုံးသပ်ချက်များ အရ Smart ကာဗိုဟိုက်ဒရိတ်ရွေးချယ်မှု ဖြစ်ကြောင်း ထုတ်ဖော်ပြသခဲ့သည်။ ကန်စွန်းဥ၏သဘာဝအချို ဓာတ်ကြောင့်  အစာစားချင်စိတ်ကိုထိန်းပေးပြီး အမျှင်ဓာတ်ကြောင့် ဗိုက်ပြည့်ဝသကဲ့သို့ခံစားရစေ သည့်အပြင် သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို နှေးကွေးစေသော အကျိုးကျေးဇူးကြောင့် သွေးချို ဆီးချိုရောဂါရှိသူများသည်   ကန်စွန်းဥကို အတန် အသင့် စားသုံးနိုင်သည်။

ကန်စွန်းဥ၏သဘာဝအချိုဓာတ်ကြောင့် သွေးတွင်း ဂလူးကို့စ်ပမာဏကို မြင့်တက်စေမည့်အစားအစာ တစ်ခုကဲ့သို့ ထင်ရနိုင်သည်။ သို့သော်လည်း အာဟာရ ဆိုင်ရာ သုတေသနပြုချက်တွင် ဆန့်ကျင်ဘက်ဖြစ်သည်။    အမျှင်ဓာတ်၊   ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ(Beta-Carotene၊ ဗီတာမင်-C)၊ ဗီတာမင်နှင့် နှေးကွေးသော ကစီဓာတ်များကြွယ်ဝသော သာမန်၊  အမြစ် ဟင်းသီးဟင်းရွက်ဖြစ်သော ကန်စွန်းဥသည် ဈေးသက်သာပြီး   အရသာရှိသည်။  မှန်ကန်သောနည်းလမ်းဖြင့်ပြင်ဆင်ပြီး အသင့်အတင့်စားသုံးသော အခါတွင် သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေရန် အင်ဆူလင်အာရုံခံနိုင်စွမ်းနှင့် ရေရှည်ဇီဝဖြစ်စဉ် ကျန်းမာရေးကို ထောက်ပံ့ပေးနိုင်ပြီး အရေးကြီးသော ဗီတာမင်များနှင့်   ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို ပေးစွမ်းနိုင်သည်။

သွေးချိုဆီးချိုရောဂါရှိသူများ သို့မဟုတ် တည်ငြိမ် သောစွမ်းအင်နှင့် ပိုမိုကောင်းမွန်သော ဇီဝဖြစ်စဉ် ကျန်းမာရေးကို ရှာဖွေနေသူများအတွက် ကန်စွန်းဥ ကို မည်ကဲ့သို့ရွေးချယ် ချက်ပြုတ်စားသုံးရမည်ကို သိရှိခြင်းက အစားအသောက်အတွက် အထောက်အကူဖြစ်စေနိုင်သည်။

ကန်စွန်းဥ၏ အကျိုးကျေးဇူးများ

ကန်စွန်းဥသည် Beta-Carotene ကြွယ်ဝစွာပါဝင် သောကြောင့် ကိုယ်ခံအားစနစ်နှင့် အသားအရေကို ကျန်းမာသန်စွမ်းစေပြီး အမြင်အာရုံကောင်းမွန်စေပါ သည်။ အမျှင်ဓာတ်၊ ဗီတာမင်-A၊ ဗီတာမင်-C၊ ဗီတာမင်-B6 နှင့်   မဂ္ဂနိစ်ပါဝင်သောကြောင့်  သွေးချို ဆီးချိုရောဂါအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာတစ်ခုဖြစ်သည်။ ဇီဝဗေဒဆိုင်ရာ ဒြပ်ပေါင်းများပါဝင်သောကြောင့် အင်ဆူလင်ထုတ်လွှတ်မှုကို မြှင့်တင်ပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်သည်။ ဗီတာမင်-သည် အင်ဆူလင်ထုတ်သည့် ပန်ကရိယဘီတာဆဲလ်များ၏ လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စေရန်  ကူညီပေးပြီး ဗီတာမင်-သည် ကြွက်သားများ၊ ကော်လာဂျင်နှင့် သွေးကြောများ ဖွဲ့စည်းခြင်းနှင့် ပြုပြင်ခြင်းတွင် အရေးကြီးပါသည်။  ဗီတာမင် B6 သည် ယိုယွင်းလာသောရောဂါများနှင့် ဆက်စပ်နေသည့်  ဓာတုဒြပ်ပေါင်း  Homocysteine ကို  လျှော့ချရာတွင်  ကူညီပေးသည်။  မဂ္ဂနိစ်ပါဝင် သောကြောင့်  အင်ဆူလင်ခံနိုင်ရည်ကိုလျှော့ချပေးနိုင်ပြီး အင်ဆူလင်တုံ့ပြန်မှုကို ပိုမိုကောင်းမွန်စေသဖြင့် အမျိုးအစား-၂   သွေးချိုဆီးချိုရောဂါရှိသူများတွင် သွေးတွင်းသကြားဓာတ်ပမာဏကို တည်ငြိမ်စေရန်  အထောက်အပံ့ပေးနိုင်သည်။  ကန်စွန်းဥသည် ပိုတက်ဆီယမ်   အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပြီး သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်သည်။

ကန်စွန်းဥတွင် ခန္ဓာကိုယ်ကို ဖရီးရယ်ဒီကယ်များမှ ကာကွယ်ပေးနိုင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း များကြွယ်ဝသည်။ ခန္ဓာကိုယ်တွင်းရှိ ဖရီးရယ်ဒီကယ်များ လွန်ကဲပါက ကင်ဆာ၊ နှလုံးရောဂါနှင့် အရွယ် မတိုင်မီ  အိုမင်းရင့်ရော်ခြင်းကဲ့သို့သော နာတာရှည်ရောဂါများဖြစ်လာနိုင်သည်။ ကန်စွန်းဥကဲ့သို့ ဓာတ် တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝသော အစားအစာ ကို   စားသုံးခြင်းက   ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှု အန္တရာယ်နှင့် နာတာရှည်ရောဂါများကို လျှော့ချပေး နိုင်ပါသည်။ သုတေသနပြုချက်တချို့ဖြင့် မတူညီသော ကန်စွန်းဥများ (ခရမ်းရောင်၊ အဖြူရောင်) နှင့် တချို့ သော အမျိုးအစားများသည် ထူးခြားသောဓာတ်တိုး ဆန့်ကျင်ပစ္စည်းများကို ပေးစွမ်းနိုင်သည်ဟု National Institutes of Health မှ မှတ်ချက်ပြုသည်။ ခရမ်းရောင် ကန်စွန်းဥများသည်   နက်မှောင်သော   ခရမ်းရောင် အရောင်ခြယ်ပစ္စည်း Anthocyanins ကိုပေးစွမ်းနိုင် သောကြောင့် ကျန်းမာရေးနှင့်ညီညွတ်သော အူလမ်း ကြောင်း ဗက်တီးရီးယားများကို ထောက်ပံ့ပေးနိုင် ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာတွင် ကူညီပေးကြောင်းပြသထားသည်။ Anthocyanins သည်   ရောင်ရမ်းမှုကိုဆန့်ကျင်ပြီး   နှလုံးရောဂါကို လည်း ကာကွယ်ပေးနိုင်သည်။ 

ကန်စွန်းဥသည် တခြားအမျှင်ဓာတ်များသော အစားအစာများကဲ့သို့ အစာခြေစနစ်ကို အထောက် အကူပြုပြီး ဝမ်းမှန်စေရန် ကူညီပေးသည်။ ထို့ပြင် ကန်စွန်းဥသည် အူလမ်းကြောင်းအတွင်း ဗက်တီးရီး ယားပိုးမွှားများကို ထိန်းညှိပေးကာ အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပြီး အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည့်အပြင် ရောင်ရမ်းမှု ကိုလျှော့ချခြင်းနှင့်အင်ဆူလင်အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးခြင်းတို့နှင့် ဆက်စပ်နေကြောင်း သုတေ သနပြုချက်များအရ သိရသည်။

အမျှင်ဓာတ်သည်   အစားအစာများမှ သကြားစုပ်ယူမှုကို နှေးကွေးစေပြီး သွေးတွင်းသကြားဓာတ် တည်ငြိမ်စေရန် အထောက်အပံ့ပေးနိုင်သောကြောင့် သွေးချိုဆီးချိုရောဂါရှိသူများအတွက် ကန်စွန်းဥစားခြင်းဖြင့် အကျိုးကျေးဇူးရရှိနိုင်ပါသည်။ အမျှင်ဓာတ်များသော အစားအစာများသည် အမျိုးအစား- ၂ သွေးချိုဆီးချိုရောဂါမဖြစ်ပွားစေရန် ကူညီပေးပါသည်။ ကန်စွန်းဥသည် ကာဗိုဟိုက်ဒရိတ်နည်းသော အစားအသောက်များတွင် အရသာရှိသော အစိတ်အပိုင်းတစ်ခုဖြစ်နိုင်ပြီး   တစ်ခွက်လျှင်   ကာဗိုဟိုက်ဒရိတ် ၂၇ ဂရမ် ပါဝင်ပါသည်။ ခန္ဓာကိုယ်အတွင်းရှိ ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကို နှေးကွေးစေရန်အတွက် ကြက်သား သို့မဟုတ် ပင်လယ်စာကဲ့သို့သော ပရိုတင်း အရင်းအမြစ်များနှင့် တွဲစားနိုင်ပါသည်။

ကန်စွန်းဥ၏ သွေးတွင်းသကြားဓာတ်အပေါ် အကျိုးသက်ရောက်မှု

ကန်စွန်းဥကိုကျန်းမာရေးနှင့်ညီညွတ်သောအစားအစာဟု  သတ်မှတ်ကြသော်လည်း   ကန်စွန်းဥ၏ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုက သွေးတွင်းသကြားဓာတ် ကို မြင့်တက်စေနိုင်သည်။ သို့သော်လည်း အမျှင်ဓာတ် ပါဝင်မှုမြင့်မားသောကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်မှုကို နှေးကွေးအောင် ကူညီပေးနိုင်ကြောင်း ကိုလည်း  သတိပြုရမည်ဖြစ်သည်။ ထို့ကြောင့်ကန်စွန်းဥကို   မျှတအောင်စားသုံးပြီး   သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို လျော့နည်းစေမည့်နည်း လမ်းများဖြင့် ချက်ပြုတ်ရန်လိုအပ်ပါသည်။ သွေးချို ဆီးချိုရောဂါရှိသူများ ကန်စွန်းဥစားသောအခါ အရွယ် အစားပမာဏကို သတိထားရပါမည်။

ကန်စွန်းဥ၏ သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို ထိန်းချုပ်ခြင်း

ကန်စွန်းဥတွင် Glycemic Index (GI) သကြားဓာတ် အညွှန်းကိန်းနိမ့်ပြီး ရှုပ်ထွေးသော ကာဗိုဟိုက်ဒရိတ် နှင့် အမျှင်ဓာတ်များပါဝင်သောကြောင့် သကြားနှင့် ကစီဓာတ်များ ချေဖျက်မှုကို နှေးကွေးစေရန်  ကူညီ ပေးသည်။ ထို့ကြောင့် အစားစားပြီးနောက် သွေးတွင်း သကြားဓာတ်မြင့်တက်ခြင်းကို ကာကွယ်ပေးနိုင်သည်။

ကစီဓာတ်ကို များသောအားဖြင့် ကောင်းမွန်မှုမရှိဟု ယူဆသော်လည်း   တချို့သောကစီဓာတ်များသည် ပိုကောင်းသည်။ ခရမ်းရောင်ကန်စွန်းဥကဲ့သို့သောကန်စွန်းမျိုးကွဲတချို့တွင် ခံနိုင်ရည်ရှိသောကစီဓာတ် ရှိသည်။ ခံနိုင်ရည်ရှိသော ကစီဓာတ်သည် ခန္ဓာကိုယ် အတွင်း   တစ်စိတ်တစ်ပိုင်းမျှသာကွဲထွက်ပြီး  သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းကို ကာကွယ်ပေး သည်။ သို့သော်လည်း ကင်ခြင်း၊ ဖုတ်ခြင်း၊ ပေါင်းခြင်း၊ မိုက်ခရိုဝေ့ဖြင့် ကြော်ခြင်းကဲ့သို့သော ချက်ပြုတ်နည်း တချို့သည် ကစီဓာတ်မော်လီကျူးများကို ဖြိုခွဲသော ကြောင့် အစာကြေလွယ်ပြီး ကန်စွန်းဥ၏ သကြား ဓာတ်အညွှန်းကိန်းကို မြှင့်တင်နိုင်သောကြောင့် သွေးတွင်းသကြားဓာတ်များ     မြင့်တက်လာနိုင်သည်ကိုသတိပြုရမည်ဖြစ်သည်။   အထူးသဖြင့် ကန်စွန်းဥများကို   အခွံခွာထားလျှင်   အမျှင်ဓာတ်ပါဝင်မှုကို လျော့နည်းစေသောကြောင့်  သကြားဓာတ် အညွှန်းကိန်းများ မြင့်တက်လာနိုင်သည်။ ထို့ကြောင့် ဖုတ်မည့် အစား ကန်စွန်းဥကို ပြုတ် သို့မဟုတ် ရေနွေးငွေ့ဖြင့် ပေါင်းပါ။ ကန်စွန်းဥကို အစိမ်းစားခြင်း သို့မဟုတ် ပြုတ်စားခြင်းသည် သကြားဓာတ်အညွှန်းကိန်းအနိမ့် ဆုံးဖြစ်သည်။ ထို့ပြင် လေ့လာမှုတစ်ခုအရ ခရမ်းရောင် ကန်စွန်းဥများကို ခေါက်ဆွဲအဖြစ်ပြုလုပ်သောအခါ တွင် သကြားဓာတ်အညွှန်းကိန်း အနိမ့်ဆုံးရှိကြောင်း တွေ့ရှိခဲ့သည်။ ဤနည်းလမ်းများသည် ခံနိုင်ရည်ရှိ သော ကစီဓာတ်ကို ပိုမိုထိန်းသိမ်းထားရန် အထောက် အကူဖြစ်စေပြီး အစာခြေခြင်းကို နှေးကွေးစေကာ သွေးတွင်းသကြားဓာတ်အပေါ်   သက်ရောက်မှုကို လျော့နည်းစေသည်ဟု ယူဆကြသည်။ သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို ထိန်းချုပ်ရန် ကန်စွန်းဥ စားသုံးမှုပမာဏကို ကန့်သတ်ထိန်းညှိပါ။ ကန်စွန်းဥကို ပရိုတင်း သို့မဟုတ် ကျန်းမာရေးနှင့်ညီညွတ်သောအဆီများနှင့်အတူ တွဲ၍စားသောအခါ အစာခြေနှေးပြီး   သွေးတွင်းသကြားဓာတ်မြင့်တက်မှုဖြစ်စဉ်ကို သက်သာစေနိုင်သည်။

အချုပ်အားဖြင့်ဆိုသော် ကန်စွန်းဥသည် အာဟာရ ဓာတ်ကြွယ်ဝသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ် ပြီး သွေးချိုဆီးချိုရောဂါရှိသူများအတွက် ကျန်းမာ ရေးနှင့်ညီညွတ်သော  ရွေးချယ်မှုတစ်ခုဖြစ်သည်။ 

သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှုကို ထိန်းချုပ်ရန်အတွက် ပြင်ဆင်ချက်ပြုတ်သည့်ပုံစံနှင့် အရွယ်အစားပမာဏ မည်မျှစားသည်ကိုအာရုံစိုက်၍ စားသုံးသောအခါတွင် အကျိုးကျေးဇူးများပေးစွမ်း နိုင်သောအစားအစာတစ်မျိုးဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။

MWD