အမေရိကတွင် အမျိုးသားနှင့် အမျိုးသမီး - မည်သူက အိမ်ထောင်ပြုခြင်း ကို ပိုလိုအပ်သလဲ?
Posted_Date
Image
Body
ရှည်လျားခိုင်မာနေခဲ့သော သမားရိုးကျ အယူအဆများနှင့် ဆန့်ကျင်ဘက်အနေဖြင့် အိမ်ထောင်ပြု ခြင်းသည် အမျိုးသားများအား ငွေကြေးဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာတည်ငြိမ်မှုကို ပေးစွမ်းနိုင် သောကြောင့် အမျိုးသားများသည် စောစီးစွာ အိမ်ထောင်ပြုလိုကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြထားသည်။
"Pretty Woman" သို့မဟုတ် "Sleepless in Seattle" ကဲ့သို့သော ဂန္ထဝင်အမေရိကန် ရုပ်ရှင်များ သည် ဆက်ဆံရေးအတွင်း ကျားမအခန်းကဏ္ဍများဆိုင်ရာ လူသိများသည့် အမြင်များကို ရောင်ပြန် ဟပ်ကာ အမျိုးသမီး ဇာတ်လိုက်များသည် စောစောစီးစီး အိမ်ထောင်ပြုလိုကြသည်ဟု မကြာခဏ သရုပ်ဖော်ကြသည်။
Kinsey Institute မှ အကြီးတန်း သုတေသန ပညာရှင် Justin Lehmiller က "အမျိုးသမီးများ သည် 'စိတ်ချင်းရင်းနှီးသည့် တာဝန်ယူမှုရှိသောဆက်ဆံရေး (သို့) ကတိသစ္စာပြုခြင်း' (အိမ်ထောင်ပြုခြင်း) ကို ပိုလိုအပ်ပြီး အရာရာကို မြန်မြန်ဆန်ဆန် လုပ်လေ့ရှိကြောင်း မကြာခဏ ရှုမြင်တတ်ကြပါသည်" ဟု ဆိုသည်။
သို့သော် DatingNews.com နှင့် Kinsey Institute တို့မှ အမေရိကန် လူပျို/ အပျိုများအပေါ် ပြုလုပ် ခဲ့သော နောက်ဆုံးရ သုတေသနတွေ့ရှိချက်သည် ထိုအယူအဆကို ဆန့်ကျင်ဖော်ပြခဲ့သည်။ ရလဒ် များအရ အမျိုးသား ၂၉% နီးပါးသည် အတူတကွ အိမ်တစ်အိမ်တည်းနေရန် လုပ်ငန်းစဉ်ကို အရှိန်မြှင့် လိုကြောင်း ဖော်ပြခဲ့ပြီး အမျိုးသမီး ၁၉% ကသာ အလားတူဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။ အိမ်ထောင် ပြုခြင်းနှင့်ပတ်သက်၍ အမျိုးသား ၁၉% က အိမ်ထောင်ပြုလိုကြောင်း ဖော်ပြခဲ့ပြီး အမျိုးသမီး ၁၃.၇% ကသာ အိမ်ထောင်ပြုလိုကြောင်း ဖော်ပြခဲ့သည်။
Kinsey Institute က အဆိုပါအလားအလာကို ရှင်းပြရာတွင် အလုပ်အကိုင်အခွင့်အလမ်းများ လျော့နည်းလာပြီး ဈေးနှုန်းများ မြင့်တက်နေသော အမေရိကန်နိုင်ငံ၏ ခက်ခဲသော စီးပွားရေး အခြေအနေတစ်ရပ်တွင် အမျိုးသားများသည် ၎င်းတို့၏ ငွေကြေးအခြေအနေကို တည်ငြိမ်စေလိုပြီး နေထိုင်မှုစရိတ်များကို ချွေတာလိုသောကြောင့် ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
ထို့အပြင် ကျွမ်းကျင်သူများက အမျိုးသားများသည် လူမှုရေးနှင့် စိတ်ခံစားမှုဆိုင်ရာ အထောက် အပံ့၏ အဓိကအရင်းအမြစ်တစ်ခုအနေဖြင့် ချစ်ခြင်းမေတ္တာဆိုင်ရာ ဆက်ဆံရေးကို ပိုမိုအားကိုး ကြောင်း ညွှန်ပြကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် အမျိုးသမီးများသည် မိတ်ဆွေများနှင့် မိသားစုဝင် များ၏ ကျယ်ပြန့်သော အကူအညီပေးနိုင်သည့် ကွန်ရက်ကြောင့် ပိုမိုကောင်းမွန်သော ပျော်ရွှင်မှုကို ထိန်းသိမ်းထားနိုင်ကြောင်း ကနေဒါနိုင်ငံ၊ Toronto တက္ကသိုလ်မှ စိတ်ပညာပါမောက္ခ Geoff Mac Donald ၏ သုတေသနအရ သိရသည်။
ယောက်ျားပီသမှုဆိုင်ရာ ရိုးရာယူဆချက်များသည် အမျိုးသားများအား ၎င်းတို့၏ ခံစားချက်များကို ဖော်ပြရန်နှင့် ၎င်းတို့၏ အရွယ်တူများနှင့် နက်ရှိုင်းသော၊ ရင်းနှီးသော ဆက်ဆံရေးများ ဖွဲ့စည်းရန် ခက်ခဲစေတတ်ကြောင်း Lehmiller က ထပ်လောင်းပြောကြားခဲ့သည်။ "ထို့ကြောင့် ၎င်းတို့သည် ရင်းနှီးမှုနှင့် ဆက်သွယ်မှုကို အဓိကအားဖြင့် ချစ်ခြင်းမေတ္တာဆိုင်ရာ ဆက်ဆံရေးများတွင် ရှာဖွေလေ့ ရှိကြသည်" ဟု ၎င်းက ဆိုသည်။
ထိုအချက်ကို အချစ်ရေး အကြံပေးပညာရှင်များကလည်း သတိပြုမိကြသည်။ Relationship Hero အကြံပေးကုမ္ပဏီ၏ ဒါရိုက်တာ Kyle Scheinkman က ၎င်း၏ ကိုယ်တိုင်အတွေ့အကြုံများမှ တစ်ဆင့် ၎င်း၏ အကြံပေးခံရသူအမျိုးသားများသည် အိမ်ထောင်ပြုရန် စိတ်အားထက်သန်ကြောင်း မကြာခဏ သတိပြုမိခဲ့ကြောင်း ပြောကြားခဲ့သည်။ "အမျိုးသားတွေက အကြံပေးခံယူမှု ပိုများလာ နေပြီး ၎င်းတို့အနေဖြင့် ချက်ချင်းပဲအိမ်ထောင်ဖက်ရှာဖို့ မျှော်လင့်ချက်ဖြင့် ကာလရှည်သင်တန်း တွေမှာ မကြာခဏ တက်ရောက်ကြပါသည်" ဟု ၎င်းက မျှဝေခဲ့သည်။
အမျိုးသားများ စောစီးစွာ အိမ်ထောင်ပြုလိုကြခြင်းတွင် အပြုသဘောဆောင်သော အချက်များရှိ သည်။ အိမ်ထောင်ပြုခြင်းသည် အမျိုးသားများအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ငွေကြေး ဆိုင်ရာ အကျိုးကျေးဇူးများစွာရှိပြီး ၎င်းတို့အား ပိုမိုတည်ငြိမ်သောဘဝရရှိစေရန် ကူညီပေးကြောင်း သက်သေပြခဲ့သည်။
သို့သော် ကျွမ်းကျင်သူများက ဂရုတစိုက် စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ အိမ်ထောင်ပြုရန် အလျင်စလို လုပ်ဆောင်ခြင်းသည် ဆက်ဆံရေးတွင် ခိုင်မာသော အခြေခံမရှိဘဲ ပြိုကွဲမှုအန္တရာယ် ပိုမိုမြင့်မား စေနိုင်ကြောင်း သတိပေးထားကြသည်။
အမေရိကန်ပြည်ထောင်စုရှိ သုတေသနများက ကွာရှင်းပြတ်စဲမှုများ၏ ၆၆-၆၉% ကို အမျိုးသမီး များမှ စတင်ကြောင်း ဖော်ပြထားသည်။ Marriage.com မှ ကျွမ်းကျင်သူများက စုံတွဲများအား လအနည်းငယ်သာ ချစ်ခင်ရင်းနှီးပြီးနောက် အိမ်ထောင်ပြုရန် အလျင်စလိုမလုပ်ဘဲ ယုံကြည်မှုနှင့် နားလည်မှုကို တည်ဆောက်ရန် အချိန်ယူသင့်ကြောင်း အကြံပြုထားသည်။
"လူမှုရေးရှုထောင့်မှ ကြည့်လျှင် အမျိုးသားများ စောစီးစွာ အိမ်ထောင်ပြုလိုကြသည့် အလားအလာ သည် ပြောင်းလဲလာသော ကျားမအခန်းကဏ္ဍများကို ရောင်ပြန်ဟပ်ကာ ဆက်ဆံရေးအတွင်း ကျားမတန်းတူညီမျှမှုကို မြှင့်တင်နိုင်သည်" ဟု Lehmiller က ဆိုသည်။
VN Express ဆောင်းပါးရှင် Ngoc Ngan တွင် ရေးသားသည့် “Men and women - who needs marriage more?” ဆောင်းပါး အား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန (၂) က ဆီလျော်အောင်ဘာသာပြန်ဆိုထားပါသည်။
