“ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်စို့”သန့်ရှင်းသောလေထုမှ စတင်သော ရာသီဥတု ကာကွယ်ရေးဆီသို့

Posted_Date

Image

“ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်စို့”သန့်ရှင်းသောလေထုမှ စတင်သော ရာသီဥတု ကာကွယ်ရေးဆီသို့    Climate Action မှ ရရှိလာမည့် ပူးတွဲအကျိုး ကျေးဇူးများ

Body

Climate Action မှ ရရှိလာမည့် ပူးတွဲအကျိုး ကျေးဇူးများ

ယနေ့ကမ္ဘာကြီးတွင် အပူချိန်မြင့်တက်လာခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အပူလှိုင်းဖြစ်ပေါ်ခြင်းနှင့် လေထုညစ်ညမ်းမှုများကို ပိုမိုတွေ့ကြုံလာရသည်။ တစ်ချိန်က ရာသီဥတုပြောင်းလဲမှုသည် ဝေးလံသော အနာဂတ်ပြဿနာတစ်ခုလို ထင်မြင်ခဲ့ကြသော်လည်း ယနေ့တွင် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝထဲသို့ရောက်ရှိလာပြီဖြစ်သည်။

 ပူပြင်းလာသော ရာသီဥတု၊ အသက်ရှူရခက်စေသော မီးခိုးမြူများနှင့် မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲလာခြင်းများသည် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို နေ့စဉ်သတိပေးနေသည်။

၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏  ဆောင်ပုဒ်ဖြစ်သော A Global Call for Climate Action - ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့ သည် ရာသီဥတုပြောင်းလဲမှုကို ကမ္ဘာတစ်ဝန်းပူးပေါင်းတိုက်ဖျက်ရန် နှိုးဆော်ထားခြင်းဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုကိုလျှော့ချရန်နှင့် သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ရန် ဆောင်ရွက်သော   လုပ်ငန်းများသည် Climate Action ဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုခြင်း၊ လျှပ်စစ်စွမ်းအင်ချွေတာသုံးစွဲခြင်း၊ အများပြည်သူသုံးယာဉ်များ အသုံးပြုခြင်း၊ အမှိုက်မီးမရှို့ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် လေထုညစ်ညမ်းမှုလျှော့ချခြင်းတို့သည် Climte Action ၏ အရေးကြီးသော အစိတ်အပိုင်းများဖြစ်သည်။  ထို့ပြင်   ရေကိုချွေတာသုံးစွဲခြင်း၊ ပလတ်စတစ်အသုံးပြုမှုလျှော့ချခြင်း၊ ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများကို အသုံးပြုခြင်း၊ စွန့်ပစ်ပစ္စည်းများကို စနစ်တကျခွဲခြားစွန့်ပစ်ခြင်း၊  သဘာဝသစ်တောများနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ထိန်းသိမ်းခြင်းတို့သည်လည်း Climate Action တွင်ပါဝင်သည်။

Climate Action ၏ အရေးကြီးသောအချက်တစ်ခုမှာ ရာသီဥတုပြောင်းလဲမှုကို လျှော့ချပေးရုံသာမက   လူသားတို့၏ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေးနှင့် လူမှုဘဝအတွက်ပါ အကျိုးကျေးဇူးများစွာကို တစ်ပြိုင်နက်ရရှိစေခြင်းဖြစ်သည်။ ထိုအကျိုးကျေးဇူးများကို ပူးတွဲ အကျိုးကျေးဇူးများဟု ခေါ်ဆိုသည်။

သက်တမ်းတို  ရာသီဥတုညစ်ညမ်းပစ္စည်းများ (Short-Lived  Climate Pollutants – SLCPs) ၏ အခန်းကဏ္ဍနှင့် လေထုညစ်ညမ်းမှုလေထုညစ်ညမ်းမှုနှင့်  ရာသီဥတုပြောင်းလဲမှုတို့သည် တစ်ခုနှင့်တစ်ခုနီးကပ် စွာဆက်နွှယ်နေသည်။ မော်တော်ကားမီးခိုး၊ စက်ရုံမီးခိုး၊ အမှိုက်မီးရှို့ခြင်းနှင့် ထင်း၊ မီးသွေးအသုံးပြုခြင်းတို့မှထွက်ရှိသော ညစ်ညမ်းပစ္စည်းများသည် လေထုအရည်အသွေးကို ထိခိုက်စေရုံသာမက ကမ္ဘာကြီးပူနွေးလာမှုကိုလည်း ပိုမိုဆိုးရွားစေသည်။

အထူးသဖြင့် သက်တမ်းတို ရာသီဥတုညစ်ညမ်းပစ္စည်းများသည် ယနေ့ကမ္ဘာတွင် ပိုမိုအာရုံစိုက်လာရသော လေထုညစ်ညမ်းပစ္စည်းများဖြစ်သည်။  ၎င်းတို့သည် လေထုထဲတွင် CO2 ထက် သက်တမ်းတိုသော်လည်း ရာသီဥတုပူနွေးမှုအပေါ်  ပြင်းထန်သော သက်ရောက်မှုများရှိနိုင်သည်။ အဓိက SLCPs များမှာ အနက်ရောင်ကာဗွန်မီးခိုးအမှုန်များ၊ မီသိန်း၊ မြေပြင်အနီးရှိ အိုဇုန်းနှင့် ဟိုက်ဒရိုဖလိုရိုကာဗွန်တို့ဖြစ်သည်။

 SLCPs များ၏ ထူးခြားသောအချက်မှာ ၎င်းတို့သည် လေထုထဲတွင် CO2 ကဲ့သို့ နှစ်ရာချီမတည်ရှိဘဲ အချိန်တိုအတွင်းသာ တည်ရှိနေခြင်းဖြစ်သည်။ ဥပမာအားဖြင့် Black Carbon သည် လေထုထဲတွင် ရက်သတ္တပတ်အနည်းငယ်သာတည်ရှိနိုင်ပြီး Tropospheric Ozone သည် နာရီပိုင်းမှ ရက်ပိုင်းအထိသာ တည်ရှိနိုင်သည်။ 

Methane သည် ပျမ်းမျှအားဖြင့် ၁၂ နှစ်ခန့်တည်ရှိနိုင်ပြီး HFCs  အချို့မှာ ၁၅ နှစ်ခန့်အထိ တည်ရှိနိုင်သည်။ ထို့ကြောင့် SLCPs များကို လျှော့ချနိုင်ပါက  လေထုအရည်အသွေးနှင့် ရာသီဥတုပြောင်းလဲမှုအပေါ် အချိန်တိုအတွင်း အကျိုးသက်ရောက်မှုကောင်းများ ရရှိနိုင်သည်။

အနက်ရောင်ကာဗွန်မီးခိုးအမှုန်များ (Black Carbon - BC) 

Black Carbon - BC သည် ထင်း၊ မီးသွေး၊ ဒီဇယ်အင်ဂျင်၊ အမှိုက်မီးရှို့ခြင်းနှင့် တောမီးလောင်ခြင်းတို့ကဲ့သို့    လောင်စာများမပြည့်စုံစွာ လောင်ကျွမ်းရာမှထွက်ရှိသော အလွန်သေးငယ်သည့် မီးခိုးအမှုန်များဖြစ်သည်။ ၎င်းသည် Particulate Matter 2.5 (PM2.5) ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး   အသက်ရှူလမ်းကြောင်းမှတစ်ဆင့်    အဆုတ်အတွင်းပိုင်းအထိ  အလွယ်တကူဝင်ရောက်နိုင်သောကြောင့်  အသက်ရှူလမ်းကြောင်းနှင့် နှလုံးဆိုင်ရာရောဂါများကို ဖြစ်ပေါ်စေနိုင်သည်။ ထို့ပြင် နေရောင်ခြည်အပူကို စုပ်ယူနိုင်သောကြောင့်  ကမ္ဘာကြီးပူနွေးလာမှုကိုလည်း ပိုမိုဆိုးရွားစေသည်။

မီသိန်း(Methane - CH4 )

မီသိန်းသည် အမှိုက်ပုံများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ အများဆုံးထွက်ရှိပြီး လေထုထဲတွင် ပျမ်းမျှအားဖြင့် ၁၂ နှစ်ခန့်တည်ရှိနိုင်သည်။ ၎င်းသည် နှစ် ၁၀၀ ကာလအတွင်း CO2 ထက် အပူဖမ်းယူနိုင်စွမ်း  ၂၈ ဆခန့် ပိုမိုမြင့်မားပြီး နှစ် ၂၀ ကာလတိုအတွင်းတွင်မူ အဆ ၈၀ ကျော်အထိ ပိုမိုပြင်းထန်သော အပူဖမ်းယူနိုင်စွမ်းရှိသည်။ ထို့ပြင် မီသိန်းသည် မြေပြင်အနီးရှိ အိုဇုန်းဖြစ်ပေါ်လာစေရန်လည်း အထောက်အကူပြုသောကြောင့် လေထုအရည်အသွေးနှင့်    ရာသီဥတုပြောင်းလဲမှု နှစ်ခုစလုံးအတွက် အရေးကြီးသော ညစ်ညမ်းဓာတ်ငွေ့တစ်မျိုးဖြစ်သည်။

မြေပြင်အနီးရှိ အိုဇုန်း (Tropospheric Ozone - O3) 

မြေပြင်အနီးရှိ အိုဇုန်းသည် ယာဉ်မီးခိုးနှင့် စက်မှုလုပ်ငန်းများမှ ထွက်ရှိသော ဓာတ်ငွေ့များ နေရောင်ခြည်နှင့်ဓာတ်ပြုရာမှ ဖြစ်ပေါ်လာသော လေထုညစ်ညမ်းပစ္စည်းဖြစ်သည်။ ၎င်းသည် လေထုအတွင်း နာရီပိုင်းမှရက်ပိုင်းအထိတည်ရှိနိုင်ပြီး နေပူပြင်း၍ လေထုငြိမ်သက်သော အခြေအနေများတွင် သီတင်းပတ်အနည်းငယ်အထိ ဆက်လက်တည်ရှိနိုင်သည်။ လေထုအတွင်း အချိန်တိုသာတည်ရှိသော်လည်း လူသားတို့၏ ကျန်းမာရေး၊ သဘာဝအပင်များနှင့် သီးနှံအထွက်နှုန်းများအပေါ် ဆိုးကျိုးများစွာ သက်ရောက်စေနိုင်သည်။

ဟိုက်ဒရိုဖလိုရိုကာဗွန်များ (Hydrofluorocarbons -HFCs) 

ဟိုက်ဒရိုဖလိုရိုကာဗွန်များသည် လေအေးပေးစက်များ၊ ရေခဲသေတ္တာများနှင့် အအေးပေးစနစ်များတွင် အသုံးပြုသောဓာတ်ငွေ့များဖြစ်သည်။ ၎င်းတို့သည် လေထုထဲတွင် ၁၅ နှစ်ခန့်တည်ရှိနိုင်ပြီး CO2 ထက် ကမ္ဘာ့ပူနွေးမှုအလားအလာ (GWP) အဆပေါင်းထောင်နှင့်ချီ၍ ပိုမိုမြင့်မားသော  အစွမ်းထက်မှန်လုံအိမ်ဓာတ်ငွေ့များဖြစ်သည်။

SLCPs  များသည်  လေထုထဲတွင် သက်တမ်းတိုသော်လည်း     ရာသီဥတုပြောင်းလဲမှုနှင့် လေထုညစ်ညမ်းမှုအပေါ် တစ်ပြိုင်နက်သက်ရောက်မှုရှိသော အရေးကြီးသည့် ညစ်ညမ်းပစ္စည်းများဖြစ်သည်။ အထူးသဖြင့် Black Carbon သည် WHO Global Air Quality Guidelines တွင်ပါဝင်သော အရေးကြီးသည့် လေထုအရည်အသွေး Parameter တစ်ခုဖြစ်သည့် PM2.5  ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မီသိန်းသည် လေထုထဲတွင်   ဓာတုတုံ့ပြန်မှုများမှတစ်ဆင့် Ground-level Ozone (O3) ဖြစ်ပေါ်မှုကို အားပေးသော အကြိုဓာတ်ပစ္စည်းတစ်ခုဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ အမှိုက်မီးရှို့ခြင်းနှင့် လောင်စာမပြည့်စုံစွာ လောင်ကျွမ်းမှုတို့မှထွက်ရှိသော SLCPs များကို လျှော့ချခြင်းသည် PM2.5 နှင့် O3 ကဲ့သို့သော ကျန်းမာရေးကို ထိခိုက်စေနိုင်သော     အရေးကြီးသည့် လေထုညစ်ညမ်းပစ္စည်းများကို လျော့နည်းစေပြီး   မိမိတို့နိုင်ငံ၏  အခြေခံလေထုအရည်အသွေးကောင်းမွန်လာစေရန် တိုက်ရိုက်အထောက်အကူပြုနိုင်သည်။

ထိုသို့ လျှော့ချနိုင်ခြင်းကြောင့် လေထုအတွင်း PM2.5 နှင့် မြေပြင်အနီးရှိ အိုဇုန်းပမာဏများ လျော့နည်းလာကာ ၎င်းတို့ကြောင့် ဖြစ်ပွားနိုင်သော ပန်းနာ ရင်ကျပ်ရောဂါ၊  အဆုတ်နှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊  နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများအပြင်လေဖြတ်နိုင်ခြေကိုပါ တိုက်ရိုက်လျှော့ချပေးနိုင်မည်ဖြစ်သည်။ သို့ဖြစ်ပါ၍ SLCPs များကို ထိရောက်စွာလျှော့ချခြင်းသည် လေထုအရည်အသွေးကို မြှင့်တင်ပေးရုံသာမက လူသားတို့၏ ကျန်းမာရေးကို ကာကွယ်ခြင်းနှင့်  ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်းတို့အတွက်ပါ တစ်ပြိုင်နက် အကျိုးရှိစေသော  Climate   Action တစ်ရပ်ဖြစ်သည်။

Climate Action မှ ရရှိလာမည့် အဓိက ပူးတွဲအကျိုးကျေးဇူးများ

(က)     လေထုအရည်အသွေး   ပိုမို ကောင်းမွန်လာခြင်း- PM2.5၊ Black Carbon နှင့် မြေပြင်အနီးရှိ အိုဇုန်းတို့ကို လျှော့ချခြင်းဖြင့် မီးခိုးမြူငွေ့များလျော့နည်းလာကာ လေထုသည် ပိုမိုသန့်ရှင်းလာသည်။ ထို့ကြောင့် မြို့ပြ ဒေသများတွင်  အမြင်အာရုံကြည်လင်ရှင်းလင်းမှု ကောင်းမွန်လာပြီး လူသားများ၏ လူမှုဘဝအရည်အသွေးလည်း တိုးတက်လာနိုင်သည်။

(ခ)       လူသားတို့၏ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ-  သန့်ရှင်းသောလေထုသည် ကလေးများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နာတာရှည်ရောဂါရှိသူများအတွက် အထူးအရေးကြီးသည်။ Climate Action များကို အကောင်အထည်ဖော်ခြင်းဖြင့် ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ရောဂါ၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများနှင့် လေဖြတ်နိုင်ခြေများ လျော့ကျစေနိုင်ပြီး ကျန်းမာရေး စရိတ်များကိုလည်း သက်သာစေနိုင်သည်။ ထို့ပြင် မီးခိုးနည်းမီးဖိုများနှင့် သန့်ရှင်းသော ချက်ပြုတ်မှုနည်းပညာများကို အသုံးပြုခြင်းဖြင့် အိမ်တွင်းလေထုညစ်ညမ်းမှုကိုလျှော့ချနိုင်ပြီး  အထူးသဖြင့် အမျိုးသမီးများ၊  ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာ ရေးကို ပိုမိုကာကွယ်ပေးနိုင်သည်။

(ဂ)       စီးပွားရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ အကျိုးကျေးဇူးများ- Climate Action သည် စီးပွားရေးနှင့် စိုက်ပျိုး ရေးကဏ္ဍများအတွက်လည်း အရေးကြီးသော အကျိုးကျေးဇူးများရရှိစေသည်။  လူသားများကျန်းမာလာသောကြောင့် အလုပ်ပျက်ကွက်မှုလျော့နည်းလာပြီး လုပ်ငန်းခွင်တွင်  အလုပ်လုပ်ကိုင်နိုင်စွမ်းများ   တိုးတက်လာနိုင်သည်။  ထို့ပြင် မြေပြင်အနီးရှိ အိုဇုန်းလျော့နည်းလာပါက သီးနှံများ ပျက်စီးမှုလျော့နည်းလာပြီး စားနပ်ရိက္ခာဖူလုံရေးကို အထောက်အကူပြုသည်။ Climate Action များကြောင့် ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် အပူလှိုင်းဖြစ်ပေါ်မှုများကို  လျှော့ချနိုင်ပါက  သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကုန်ကျစရိတ်များကိုလည်း သက်သာစေနိုင်သည်။

လူတစ်ဦးချင်းစီမှ   စတင်ဆောင်ရွက်နိုင်သော Climate Action များ

Climate Action သည် ကြီးမားသော စီမံကိန်းများမှသာ  စတင်ရမည့်အရာမဟုတ်ပါ။ မိမိအိမ်၊ မိမိရုံးနှင့် မိမိရပ်ကွက်အတွင်းမှ စတင်နိုင်သော လုပ်ဆောင်ချက်များစွာရှိသည်။

          အမှိုက်မီးရှို့ခြင်းကို ရှောင်ကြဉ်ပါ။

          စွမ်းအင်ချွေတာပြီး LED မီးနှင့် စွမ်းအင်သက်သာသော လျှပ်စစ်ပစ္စည်းများ အသုံးပြုပါ။

          လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းနှင့် အများပြည်သူသုံးယာဉ်များအသုံးပြုပါ။

          သစ်ပင်စိုက်ပျိုးပြီး သစ်တောများ ထိန်းသိမ်းပါ။

      အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်ပြီး 3R စနစ်ဖြစ်သော လျှော့ချသုံးစွဲခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် ပြန်လည်ပြုပြင်အသုံးချခြင်းတို့ကို ကျင့်သုံးပါ။

          ထင်းနှင့်မီးသွေးအစားသန့်ရှင်းသော ချက်ပြုတ်နည်းပညာများ အသုံးပြုပါ။

          ရေကို ချွေတာသုံးစွဲပါ။

          လေထုအရည်အသွေးစောင့်ကြည့်ခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမြှင့်တင် ရေးလုပ်ငန်းများတွင်   ပါဝင်ဆောင်ရွက်ပါ။

          Climate  Action အကြောင်း အသိပညာများ မျှဝေပါ။

ထိုသို့သော သေးငယ်သည့် လုပ်ဆောင် ချက်တစ်ခုချင်းစီသည်   လူအများစုပူးပေါင်းပါဝင်လာသောအခါ   လေထုအရည်အသွေးကောင်းမွန်ရေး၊ လူသားတို့၏   ကျန်းမာရေးကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအတွက် ကြီးမားသော အကျိုးသက်ရောက်မှုကို ဖန်တီးပေးနိုင်သည်။ ရာသီဥတုဆိုင်ရာလှုပ်ရှားမှု (Climate Action) သည် အစိုးရများနှင့် အဖွဲ့အစည်းများ၏ တာဝန်သာမက 

လူတိုင်း၏ နေ့စဉ်ဘဝတွင် ပါဝင်ဆောင်ရွက်ရမည့် တာဝန်တစ်ရပ်လည်းဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းသည် ကမ္ဘာကြီးအတွက်သာမက ကျွန်ုပ်တို့၏ကျန်းမာရေး၊ မိသားစုဘဝ၊ စီးပွားရေးနှင့်အနာဂတ်မျိုးဆက်များအတွက်ပါ အရေးကြီးသော ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်။

သန့်ရှင်းသောလေထုရရှိရေးအတွက် လုပ်ဆောင်မှုတိုင်းသည်   ရာသီဥတုကို ကာကွယ်ပေးနိုင်ပြီး ကျန်းမာသော လူ့အဖွဲ့အစည်းကို တည်ဆောက်ပေးနိုင်သည်။

ယနေ့ ကျွန်ုပ်တို့ရှူရှိုက်နေသော လေထုအရည်အသွေးကောင်းမွန်အောင်လုပ်ဆောင်ခြင်းသည် မနက်ဖြန်၏ ကမ္ဘာမြေကို ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့ ဆိုသည့် စိတ်ဓာတ်ဖြင့် လူတိုင်းပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ပါရန် တိုက်တွန်းနှိုးဆော် တင်ပြအပ်ပါသည်။     ။

MWD