တစ်ခါကစားပါက တစ်သက်လုံးဆုံးရှုံးသည့် အွန်လိုင်းလောင်းကစား
Posted_Date
Image
Body
လောင်းကစားသည် လူ့သမိုင်းကြောင်းတစ်လျှောက် အမျိုးမျိုးသော ယဉ်ကျေးမှုများတွင်တည်ရှိခဲ့ပြီး ရှေးခေတ်တရုတ်၊ ဂရိ၊ ရောမလူမျိုးတို့၏ သမိုင်းမှတ်တမ်းများတွင်ပင် ဤကစားနည်း၏အရိပ်အမြွက်များကို တွေ့မြင်နိုင်သည်။ သို့သော် ၂၀ ရာစုနှောင်းပိုင်း အင်တာနက်ပေါ်ပေါက်လာခြင်းနှင့်အတူ လောင်းကစားသည် အရှိန်အဟုန်ပြင်းစွာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခဲ့သည်။ “လိုင်ဘာတီဘဲလ်”ဟုခေါ်သော စက်ယန္တရားမှ အင်တာနက်ပေါ်က တစ်ချက်နှိပ်ရုံဖြင့် ကစားနိုင်သည့် အွန်လိုင်းလောင်းကစားဂိမ်းများသည် လူသားတို့၏စွဲလမ်းမှုနှင့် နည်းပညာတိုးတက်မှု၏ ဆိုးဝါးသော ပေါင်းစပ်မှုတစ်ခုဖြစ်လာသည်။
လောင်းကစားလုပ်ငန်းကို ဘီလီယံပေါင်းများစွာသော ငွေကြေးလည်ပတ်မှု၊ အခွန်ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့် “စီးပွားရေးမော်တာ” တစ်ခုအဖြစ် မကြာခဏ ဖော်ပြကြသည်။ သို့ရာတွင် ဤဂဏန်းများ၏ နောက်ကွယ်တွင် မည်မျှသော မိသားစုဘဏ္ဍာတိုက်များ ပျက်စီးကာ မည်မျှသော စိတ်ကျန်းမာရေးပြဿနာများ မွေးဖွားလာသည်ကို ဂဏန်းများက ဖော်ပြနိုင်မည်မဟုတ်ပါ။စီးပွားရေးအကျိုးအမြတ်နှင့် လူမှုရေးကုန်ကျစရိတ်ကို ချိန်တွယ်ကြည့်လျှင် အဘယ်အရာက ပိုလေးသည်ကို စဉ်းစားစရာဖြစ်သည်။
အွန်လိုင်းလောင်းကစားနည်းမှာ လွယ်ကူသည်။ ဆွဲဆောင်မှုရှိသည်။မိုဘိုင်းဖုန်းတစ်လုံး၊ အင်တာနက်ဆက်သွယ်မှုတစ်ခုနှင့် ငွေဖြည့်နိုင်သည့်နည်းလမ်းတစ်ခုသာလိုအပ်သည်။ ၂၄ နာရီဝန်ဆောင်မှုပေးကာ စုံလင်သောဂိမ်းအမျိုးအစားများက ကစားသမားများအား နှစ်ခြိုက်စွာဆွဲဆောင်နိုင်ခဲ့သည်။ သို့သော် ဤလွယ်ကူမှု နောက်ကွယ်တွင် အင်မတန်ဆိုးဝါးသော သင်္ချာဆိုင်ရာအမှန်တရားတစ်ခုရှိနေသည်။ နိုင်ငံတကာစံချိန်စံညွှန်းအရ အွန်လိုင်းလောင်းကစား ဂိမ်းတစ်ခု၏ “ပြန်လည်ပေးဆပ်မှုရာခိုင်နှုန်း” သည် ၉၀ ရာခိုင်နှုန်းမှ ၉၇ ရာခိုင်နှုန်းအတွင်းသာ ရှိသည်။ ဆိုလိုသည်မှာ ကစားသမားသည် ရေရှည်တွင် ကစားငွေ၏ ၁၀ ရာခိုင်နှုန်းမှ သုံးရာခိုင်နှုန်းကို အမြဲဆုံးရှုံးနေမည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းမှ ကြုံတွေ့ရသော အွန်လိုင်းဂိမ်းများတွင် ၃၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိသာရှိတတ်သည်။ ဆိုလိုသည်မှာ ကစားသမားတိုင်းသည် ကစားသမျှငွေ၏ ၇၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းကျော်ကို ဆုံးရှုံးနေခြင်းပင်ဖြစ်သည်။ ဤသည်မှာ “လွယ်ကူသောငွေရှာနည်း”မဟုတ်ဘဲ “မလွဲမသွေဆုံးရှုံးမည့်ငွေကြေး ဆုံးရှုံးမှုလမ်းကြောင်း”ပင်ဖြစ်သည်။
အွန်လိုင်းလောင်းကစားဂိမ်းများသည် လူသား၏ဦးနှောက်ကို နက်ရှိုင်းစွာနားလည်ထားသည်။ အနိုင်ရသည့်အချိန်တိုင်း သို့မဟုတ် နီးစပ်မှု (နိုင်ခြေရှိသော်လည်း မနိုင်သည့်အခြေအနေ)များတွင် ဦးနှောက်မှ ပျော်ရွှင်မှုဟော်မုန်း ဒိုပါမင်း(Dopamine) ထုတ်လွှတ်သည်။ ဤသည်မှာ ဦးနှောက်ကို နောက်ထပ်တစ်ကြိမ် ကစားရန်အချက်ပြခြင်းပင်ဖြစ်ပြီး မူးယစ်ဆေးစွဲခြင်း၏ ဇီဝကမ္မဖြစ်စဉ်နှင့်ဆင်တူသည်။ စိတ်ပညာရှင်များက အဆိုပါဖြစ်စဉ်ကို “ပေးကမ်းမှုအတွက် ပြင်းထန်သောတုံ့ပြန်ချက်” (Variable Ratio Reinforcement Schedule) ဟုခေါ်ပြီး စွဲလမ်းမှုအားအပြင်းထန်ဆုံးဖြစ်စေနိုင်သောနည်းလမ်းတစ်ခုဖြစ်သည်။
မြန်မာနိုင်ငံသည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဘက်ပေါင်းစုံမှဆောင်ရွက်လျက်ရှိသည်။ ယင်းအချက်ကိုအသုံးချ၍ ငွေကြေးလိမ်လည်မည့်သူများက တရားမဝင်လောင်းကစားလုပ်ငန်းများကို လုပ်ဆောင်လာတတ်ကြသည်။ မိုဘိုင်းငွေချေစနစ်များ ပေါများလာခြင်း၊ အင်တာနက်လွယ်ကူစွာရရှိခြင်းတို့သည် အွန်လိုင်းလောင်းကစားဂိမ်းများ ပြန့်ပွားရန် အကောင်းဆုံးဖြစ်စေသည်။ လျင်မြန်စွာချမ်းသာလိုသော ဆန္ဒသည် လူများကို “လွယ်ကူသောလမ်းကြောင်း”ဆီသို့ ဦးတည်စေသည်။ သို့သော် မကြာခဏဆိုသလို ဤလမ်းကြောင်း၏အဆုံးသည် ငွေကြေးဆုံးရှုံးမှု၊ ကြွေးမြီပင်လယ်နှင့် မိသားစုပျက်စီးခြင်းများသာ ဖြစ်ပေါ်စေသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိကာလတွင် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့်သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင် အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများ အပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်တွင် မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အပိုင်း(၃)နယ်မြေအတွင်းရှိ တရားမဝင်လေးထပ် အဆောက်အအုံသုံးလုံး၊ သုံးထပ်အဆောက်အအုံနှစ်လုံးတို့ကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၄၉၉ လုံးကို စနစ်တကျဖြိုချဖျက်ဆီးပြီးဖြစ်သည်။ ထို့ပြင် KK Park နယ်မြေအတွင်းရှိ အဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ပြီးစီးခဲ့သည့် တရားမဝင် အဆောက်အအုံများကို အလုံးစုံပျက်စီးစေရန်အတွက် လေအိုးမီးအိုးဖြင့် ထပ်မံဖျက်ဆီးခြင်းများကိုလည်း ဒီဇင်ဘာလ ၁၄ ရက်မှစတင်ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ ၂၅ ရက်တွင် လေးထပ်အဆောက်အအုံသုံးလုံးကို ထပ်မံဖျက်ဆီးနိုင်ခဲ့သဖြင့် စုစုပေါင်းအဆောက်အအုံ ၄၉၉ လုံးကို ရာခိုင်နှုန်းပြည့်ဖျက်ဆီးပြီးဖြစ်သည်။
မြန်မာ့လူမှုစနစ်၏ ဗဟိုချက်မမိသားစုသည် အွန်လိုင်းလောင်းကစားကြောင့်အထူးထိခိုက်လွယ်သည်။ မိသားစုတစ်ဦး၏ အွန်လိုင်းလောင်းကစားဂိမ်းစွဲလမ်းမှုသည် ကလေး၏ပညာရေး၊ စိတ်ချမ်းသာရေးနှင့် အနာဂတ်ကို တိုက်ရိုက်ခြိမ်းခြောက်သည်။ မိသားစုအတွင်း ယုံကြည်မှုပျက်စီးခြင်းနှင့် ငွေကြေးအခက်အခဲများသည် လူမှုရေးအသိုင်းအဝိုင်း၏ အခြေခံအုတ်မြစ်ကိုယိုယွင်းစေနိုင်သည်။ ထို့ကြောင့် အွန်လိုင်းလောင်းကစားခြင်းမှ ကာကွယ်ရန်မှာ တစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏တာဝန်ဖြစ်သည်။ အောက်ပါအချက်များကို သတိထားသင့်သည်။
ကိုယ်တိုင်ကာကွယ်ခြင်း
အွန်လိုင်းလောင်းကစား၏ စွဲလမ်းစေသောဒီဇိုင်းနှင့် အတည်ပြုထားသောဆုံးရှုံးမှုရာခိုင်နှုန်းများကို သိရှိနားလည်ပါ။ “အခမဲ့ကစားခြင်း”ပင်လျှင် စွဲလမ်းမှုလမ်းကြောင်းကို စတင်နိုင်သည်ကို သတိပြုပါ။
မိသားစုစောင့်ကြည့်ခြင်းမိသားစုဝင်များ၏ အင်တာနက်အသုံးပြုမှုကို စောင့်ကြည့်ပါ။ ငွေကြေးအပြောင်းအလဲများ၊ အပြုအမူပြောင်းလဲမှုများကို သတိထားပါ။
ပညာပေးခြင်း
လူငယ်များအား ငွေကြေးစီမံခန့်ခွဲမှု၊ အန္တရာယ်ရှိသော အင်တာနက်အသုံးပြုမှုများအကြောင်း ပညာပေးပါ။ အမည်မသိသော Link များ ပေးပို့လာပါက ဝင်ရောက်ခြင်းမပြုရန် အသိပေးပါ။
တရားဝင်မူဝါဒများ
အွန်လိုင်းလောင်းကစားကို ထိရောက်စွာကန့်သတ်ထိန်းချုပ်သည့် ဥပဒေများပြဋ္ဌာန်းပြီး ပြင်းထန်စွာနှိမ်နင်းပါ။အွန်လိုင်းဂိမ်းများ၏ တောက်ပသောအလင်းရောင်သည် မျက်လှည့်ဆန်သော အလင်းရောင်များသာဖြစ်သည်။ ၎င်းတို့၏ အနှစ်သာရမှာ သင်္ချာဆိုင်ရာအတည်ပြုချက်ဖြင့် ဒီဇိုင်းထုတ်ထားသော ငွေကြေးဆုံးရှုံးမှုစက်ယန္တရားများသာဖြစ်သည်။
မြန်မာနိုင်ငံကဲ့သို့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကာလတွင် ဤအန္တရာယ်သည် ပိုမိုကြီးမားသည်။ကျွန်ုပ်တို့၏ တန်ဖိုးရှိသော မိသားစုများ၊ လူငယ်များ၏ အနာဂတ်နှင့် လူ့အဖွဲ့အစည်း၏ ခိုင်မာသော အခြေခံအုတ်မြစ်ကိုကာကွယ်ရန် အချိန်တန်ပြီဖြစ်သည်။ စစ်မှန်သောချမ်းသာကြွယ်ဝမှုသည် အမြဲတမ်းကြိုးစားအားထုတ်မှု၊ သည်းခံမှုနှင့် ဉာဏ်ပညာဖြင့်တည်ဆောက်ရသော လမ်းကြောင်းပေါ်တွင်သာတည်ရှိသည်။
ထို့ကြောင့်“တစ်ခါကစားပါက တစ်သက်လုံးဆုံးရှုံး” နိုင်သော အွန်လိုင်းလောင်းကစားကို ရှောင်ကြဉ်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
MWD
Photo Credit to Focus Gaming News
