ဥတုရာသီ တောကိုမှီ၏
Posted_Date
Image
Body
မြန်မာနိုင်ငံ၏ တစ်နှစ်တာကာလ ဆယ့်နှစ်လရာသီတွင် နွေ၊ မိုး၊ ဆောင်းဟူသော ဥတုသုံးပါး အချိုးညီမျှတစွာရှိသည်။ တပေါင်း၊ တန်ခူး၊ ကဆုန်၊ နယုန် လေးလကို ဂိမှာန်နွေဥတု၊ ဝါဆို၊ ဝါခေါင်၊ တော်သလင်း၊ သီတင်းကျွတ် လေးလကို ဝဿာန မိုးဥတု၊ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ လေးလကို ဟေမန္တ ဆောင်းဥတုဟုကာလသတ်မှတ်ကြသည်။ ဥတုသုံးလီတွင် ခြောက်သွေ့မှု၊ စိုစွတ်မှု၊ အေးမြမှုတည်းဟူသော ခံစားမှုအရသာကို မြန်မာနိုင်ငံတစ်ဝန်းမှပြည်သူများ သပ္ပာယမျှတစွာ ခံစားကြရသည်။ ရာသီသုံးလီမှန်ကန်ခြင်းကြောင့် သာယာမွေ့လျော်ဖွယ် ပတ်ဝန်းကျင်နှင့် ကိုယ်စိတ်နှလုံးကြည်နူးဖွယ် ခံစားမှုများအား ရှေးစာဆိုအကျော်တို့က ရာသီအလိုက် ရေးဖွဲ့သီကုံးမှုများရှိခဲ့သည်။
တေးပြုစာဆိုတို့ကလည်း တေးကဗျာများစပ်ဆိုခံစားကြသည်။ စာရေးသူငယ်စဉ်က နွေ၊ မိုး၊ ဆောင်း ရာသီကာလဆိုင်ရာနှင့် ပတ်သက်၍ ၁၉၈၀ ပြည့်နှစ်မတိုင်မီ တတိယတန်းမြန်မာဖတ်စာတွင် အောက်ဖော်ပြပါ သုံးရာသီကဗျာအား သင်ကြားရင်း အမိမြေရှိ ရာသီဥတုအပေါ် သိရှိခံစားခဲ့ရသည်။
“သုံးရာသီ”
နွေရာသီသဘာဝ
စာသလို့ဆိုချင်တယ်။
ရွက်ဟောင်းကြွေ မြေမှာခပြန်တော့
မှိုင်းပျပျခြယ်။
ပွင့်သိင်္ဂီပိတောက်ပန်း
နှစ်ဆန်း၌ဖူးတံသွယ်၊
မြိုင်လယ်မှာ မြူတွေဆိုင်း။
ရှေးရဲ့အစဉ်
မွှေးစက်ရေသဘင်နဲ့
နွေအဝင်သင်္ကြန်ပွဲကို
နွှဲကြရပ်တိုင်း။
မိုးရာသီသဘာဝ
စာသလို့ဆိုချင်တယ်။
တို့ရွာမြေ ဌာနေတွင်းမှာ
သင်းနံ့စံပယ်။
လျှပ်ပန်းခြည်တိမ်ညိုမှိုင်း
ဝိုင်းပတ်ပတ်ရှစ်ခွင်နယ်၊
လယ်ပြင်၌ ရေတွေများ။
မိုးလချိန်ခါ ပျိုးလှညီညီညာနဲ့
ပြည်သာအောင် ကောက်ပင်စိုက်ကြတယ်
ဖိုးထိုက်စပါး။
ဆောင်းရာသီသဘာဝ
စာသလို့ဆိုချင်တယ်။
ငွေနှင်းရည်ပုလဲစက်
ဖျန်းပက်ကျီစယ်။
ရွှေသဇင် ဆောင်တော်ကူး
ဖူးပွင့်လို့ ချစ်စဖွယ်။
ပျိုရွယ်တို့ ပန်ဆင်မြန်း။
ညှာနွဲ့ဟန်ပန်
ဝါလဲ့စပါးနှံတို့
နိုင်ငံမှာ ရိက္ခာတိုးရအောင်
ဖြိုးမောက်ရွှင်လန်း။
ငယ်စဉ်ကသင်ခဲ့သည့် ထိုကဗျာလေးတွင် ထိုကာလက ရာသီဥတု၊ ပတ်ဝန်းကျင်အခြေအနေနှင့် နှစ်ကူးသင်္ကြန်ပျော်ပွဲရွှင်ပွဲ ဆင်နွှဲမှုတို့အား ဖော်ပြထားသည်။ မြန်မာနိုင်ငံရာသီသည် ယခင်က ဤသို့ဥတုသုံးလီမှန်မှန်ညီခဲ့သည်။ တချို့နေရာဒေသများတွင် ပုံမှန်ခံစားရသည့် ရာသီကာလများ၌ ဆောင်းကားမအေး၊ မိုးလမရွာ၊ နွေမှာပူပြင်းသော်လည်း နှစ်ကာလမရှည်ကြာခဲ့ပါ။
မျက်မှောက်ကာလ ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံသည်လည်း ဒေသနယ်ပယ်အလိုက် အစွန်းထွက်သော လွန်ကဲအပူအအေးဖြစ်ပေါ်မှု၊ ပုံသဏ္ဌာန်မမှန်သော မိုးရွာသွန်းမှုများဖြင့် အပြောင်းအလဲမြန်သည့် ရာသီဥတုဖောက်ပြန်ခြင်း တစ်နည်းအားဖြင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကိုခံရသည်။
နှစ်ပေါင်းများစွာအတွင်း ယေဘုယျအားဖြင့် ဒေသတစ်ခုတွင် တစ်နှစ်တာ၏ အချိန်အလိုက်ဖြစ်လေ့ရှိသည့် ပျမ်းမျှမိုးလေဝသ အခြေအနေဖြစ်ပြီး ထိုပျမ်းမျှအခြေအနေအပြောင်းအလဲဖြစ်ခြင်းသည်နှစ်ကာလရှည်ကြာဖြစ်ပေါ်သည်ကို ရာသီဥတုပြောင်းလဲမှုဟု ဆိုသည်။ ရာသီဥတုပြောင်းလဲခြင်းမှာ တိကျသောဒေသတစ်ခုအတွင်း ပြောင်းလဲခြင်းဖြစ်နိုင်သကဲ့သို့ ကမ္ဘာမြေတစ်လွှား အနှံ့အပြားလည်း ဖြစ်ပေါ်နိုင်သည်။
ရာသီဥတုပြောင်းလဲခြင်းကြောင့် မြေပြိုခြင်း၊ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းဖြစ်ခြင်း၊ အပူချိန်လွန်ကဲခြင်း စသည့် သဘာဝဘေးဒဏ်များဖြစ်ပြီး ဆင့်ကဲအကျိုးဆက်များကို လက်ရှိပြည်သူများ ကိုယ်တိုင်ခံစားရသည်ဖြစ်၍ အထူးမဖော်ပြလိုပြီ။ လူတစ်ဦးစီ၏ အကျိုးထိခိုက်မှုမှသည် နိုင်ငံတစ်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတို့ အပါအဝင် လူမှုစီးပွားထိခိုက်မှုများ၊ ဇီဝမျိုးစုံမျိုးကွဲများမျိုးသုဉ်းပျောက်ကွယ်မှုများ၊ ဂေဟစနစ်များပျက်စီးမှုများ စသည်တို့အပေါ် ဆိုးကျိုးများသက်ရောက်လာသည်။ သဘာဝဘေးအန္တရာယ်များကို ရွာတစ်ရွာ၊ မြို့တစ်မြို့မှအ စဒေသနယ်ပယ် အများအပြားတွင်အချိန်များများ ဖြစ်ပေါ်ခံစားရပါက ပြည်သူတို့၏ စိတ်ဓာတ်ရေးရာများနှင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးလာမည်။
နိုင်ငံတော်၏ အခြေခံအဆောက်အဦများထိခိုက်ပြီး ကုန်ထုတ်စွမ်းအားစုများကျဆင်း၍ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည်။ ဤသည်ကား သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၏ အကျိုးဆက်တည်း။
တောရိုင်းတိရစ္ဆာန်တို့၏ သဘာဝသည် မိမိတို့၏နေရင်းဒေသကို ခင်တွယ်တတ်သည်။ နေရင်းဒေသ၌ ရှင်သန်ရပ်တည်ရေး အခက်အခဲရှိပါက ရာသီအလိုက်သော်လည်းကောင်း၊ ရေကြည်ရာမြက်နုရာနေရာသို့ လည်းကောင်း အမြဲတမ်း ပြောင်းရွှေ့ကျက်စားကြသည်မှာလည်း သဘာဝပင်ဖြစ်သည်။ သူတို့အတွက်နယ်နိမိတ်စည်းခြားထားမှုမရှိချေ၊ လူတို့သည်ကား ထိုသို့မဟုတ်ပြီ။ ပြောင်းလဲလာသည့်ရာသီဥတုနှင့်အညီ လိုက်လျောညီထွေအောင် ပြုမူရှင်သန်ရမည် ဖြစ်သလိုရာသီဥတုပြောင်းလဲမှု လျှော့ချသည့်လုပ်ရပ်များကို သတိရှိရှိနှင့်ဆောင်ရွက်ရပေမည်။ လိုက်လျောညီထွေအောင်ပြုမူခြင်းသည် လူတို့၏လူနေမှုပုံစံ၊ အသက်မွေးမှုပုံစံ၊ အဆောက်အအုံ၊ ဥပဒေမူဝါဒများနှင့်အဖွဲ့အစည်းများအားလုံး ဖြစ်ပေါ်လာသည့် အခြေအနေများနှင့် သဟဇာတဖြစ်စေရန် အစီအမံချမှတ်ခြင်း၊ စဉ်ဆက်မပြတ်ညှိနှိုင်းပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်း လုပ်ငန်းများမှာ ပတ်ဝန်းကျင်ကောင်းဖြစ်ရန်ဖန်တီးခြင်းဖြစ်သည်။ ပတ်ဝန်းကျင်ကောင်းရန် ကဏ္ဍပေါင်းစုံတွင် ဆောင်ရွက်ရမည်ဖြစ်သည်။
သစ်ပင်သစ်တောများသည် မြေ၊ ရေ၊ လေထုကို အရည်အသွေးကောင်းအောင် အဓိကပံ့ပိုးထောက်ကူပေးခြင်းဖြစ်၍ ပတ်ဝန်းကျင်ကောင်း ဖြစ်ပေါ်ရေးတွင် ပဓာနကျကျပါဝင်သည်။ သစ်တောသစ်ပင်များ ပြုန်းတီးခြင်းနှင့် တောအဆင့်အတန်း နိမ့်ကျခြင်းများသည် ကမ္ဘာမြေရာသီဥတုဖောက်ပြန်မှုနှင့်များစွာ ဆက်စပ်နေသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများ၊ သဘာဝသိပ္ပံပညာရှင်များကလည်း ဖော်ထုတ်သတိပေးထားပြီးလည်းဖြစ်သည်။
ဥတုရာသီ တောကိုမှီ၏ ဆောင်ပုဒ်နှင့်အညီ သစ်ပင်သစ်တောများဖြင့် စိမ်းလန်းစိုပြည်သည့်မြေသည် ရာသီဥတုပြောင်းလဲမှုကို လျှော့ချသည်။
သို့ဖြစ်၍ တည်ရှိပြီး သစ်တောများထိန်းသိမ်းခြင်းနှင့် သစ်တောသစ်ပင်များတိုးပွားအောင် ပြုမူခြင်းဆောင်ရွက်ရပေမည်။ ထိန်းသိမ်းပြုမူဆောင်ရွက်ခြင်းကို လက်ရှိလူတို့ကသာဆောင်ရွက်နိုင်သည်။ “ဒီနှစ်ဆောင်းက မအေးပါလား”၊ “အေးလိုက်တာ လူတွေတောင်ခဲမလားပဲ”၊ “ဒီနှစ်မိုးခေါင်ချက်တော့လွန်ပါရော”၊ “မိုးရွာတာကသွန်ချသလို တအားကြီးပါလား”၊ “ဒီနွေမှာ ပူလိုက်တာနော် ငရဲကျနေသလိုကြီး”ဆိုတဲ့စကားများဖြင့် အစွန်းရောက်သည့် ရာသီဥတုနှင့်ဖက်ပြိုင်ရန်ဖြစ်နေသည်ထက် အကျိုးရှိပြီး လက်တွေ့ကျသော သစ်တောပြုစုထိန်းသိမ်းရေး အလုပ်များကို ဆတက်ထမ်းပိုးကြိုးစားရပေမည်။
ဥတုရာသီသည် တောပြုစုထိန်းသိမ်းရမည့် လူတို့အပေါ် အဓိကတည်မှီပေသည်။ စက်မှုနှင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စက်ကိရိယာများ အလွန်အကျွံအသုံးပြုခြင်း၊ သဘာဝ သစ်တောများပြုန်းတီးခြင်း၊ ရုပ်ကြွင်းလောင်စာများ ထုတ်လုပ်သုံးစွဲခြင်း စသည့်လူသားတို့၏ ပြုမူချက်များသည် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု များပြားလာကာ ကမ္ဘာကြီးပူနွေးရသည်။ ရာသီဥတုများပြောင်းလဲလာရသည်။
ဖြေရှင်းနိုင်စွမ်းသည် လူသားတို့အပေါ်မူတည်သည်။ ရာသီဥတုပြောင်းလဲမှုလျှော့ချနိုင်ရေးသည်လည်း လူသားများ၏ သစ်တောများအား ပြုစုထိန်းသိမ်းရန်အသိရှိမှု၊ ဆင်ခြင်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာ၊ လူမှုစီးပွားရေး၊ မူဝါဒရည်မှန်းချက်တို့ အပေါ်တွင် လုံးဝမူတည်နေ၏။
“လူသားတွေ၏ကောင်းဆိုးနှစ်တန် ပြုမူသည့် လုပ်ရပ်နှင့် ရွေးချယ်သည့် ဆုံးဖြတ်ချက်များသည် ကမ္ဘာကြီးအနာဂတ်အတွက် ရာသီဥတုအဆုံးအဖြတ်ပင်ဖြစ်သည်၊ ဥတုရာသီ တောကိုမှီ၏၊ တောကား လူ၏ စီမံအုပ်ချုပ်မှုကို မှီ၏” ဟုဆိုရပေမည်။
သစ်ပင်များကို ပြုစုထိန်းသိမ်းသည်ဆိုခြင်းမှာလည်း ခက်ခဲလှသည်မဟုတ်ဘဲ သစ်ပင်စိုက်ရာသီတွင် တစ်ပင်စိုက် တစ်ပင်ရှင်အောင်စိုက်ခြင်း၊ ကြီးထွားရေးအတွက် ပေါင်းရှင်း၊ မြေတောင်မြှောက်၊ လိုအပ်က မြေဩဇာကျွေးပြုစုခြင်းနှင့် တည်တံ့မြဲမြံအောင် ခြံစည်းရိုးကာရံ၊ လူ၊ ကျွဲ၊ နွားတို့၏ အနှောင့်အယှက် မရှိအောင်ထိန်းသိမ်းခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ရေမြေသဘာဝသည် တော်သင့်ရုံမျှ ဂရုစိုက်လျှင်ပင် သစ်ပင်တို့ရှင်သန်သော အခြေအနေရှိပြီးဖြစ်သည်။ မည်သူမဆို လက်ရှိအချိန်မှစတင်ပြီးတစ်နိုင်တစ်ပိုင် စိုက်ပျိုးလိုစိတ်၊ ဝိုင်းဝန်းထိန်းသိမ်းလိုစိတ်ရှိလာအောင်အားပေးကြရန် ကူညီကြရန်လည်းလိုပါမည်။
နိုင်ငံတော်အဆင့်တွင် နိုင်ငံတော်ကြီးအား အေးချမ်းသာယာပြီး ဘက်စုံခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဖော်ဆောင်နေသည့် ယခုအခါသမယတွင် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်း ကျင်ထိန်းကြစို့”ဆောင်ပုဒ်ချမှတ်ထားရှိခဲ့သည်။ အရည်အသွေး ကောင်းမွန်သော သဘာဝပတ်ဝန်း ကျင်ဖြစ်ထွန်းရေးတွင် သစ်တောသစ်ပင်များ၊ ဇီဝမျိုးစုံမျိုးကွဲများအပါအဝင် ဂေဟစနစ် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုသည် လွန်စွာအရေးပါပြီး အရေးကြီးလှသည်။ သစ်တောဦးစီးဌာနသည် ၁၉၉၅ ခုနှစ်မှစတင်၍ ပဓာနကျသော သစ်တောမူဝါဒ (၆)ချက်ချမှတ်ပြီး မျှော်မှန်းချက်၊ ရည်ရွယ်ချက်များ၊ နှစ်အလိုက်လျာထားချက်၊ နှစ်ရှည်မဟာဗျူဟာများချမှတ်ပြီး သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် သစ်တောနယ်မြေများ တိုးချဲ့ဖွဲ့စည်းသတ်မှတ်ခြင်း၊ သစ်တောကဏ္ဍတွင် ပုဂ္ဂလိကများ စနစ်တကျပူးပေါင်းပါဝင်လာစေရန် တွန်းအားပေးခြင်း၊ သစ်တောသယံဇာတအရင်းအမြစ်များကို ရေရှည်စဉ်ဆက်မပြတ်စွမ်းဆောင်ရည်အပြည့်အဝအသုံးပြုနိုင်ရန် စီမံထိန်းသိမ်းခြင်း စသည့်များပြားသော သစ်တောလုပ်ငန်းဆောင်တာများစွာပါဝင်ပြီး နိုင်ငံ့ဧရိယာ၏ ၅၀ ရာခိုင်နှုန်းကိုလည်း သစ်တောဖုံးလွှမ်းရေး ကြိုးပမ်းလျက်ရှိသည်။
လက်ရှိ သစ်တောဦးစီးဌာန၏ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်မှုများသည် ကောင်းမွန်သော ပတ်ဝန်းကျင် ဖြစ်ပေါ်စေရေးကို ဦးတည်နေသည့် ဖြစ်စဉ်ကြောင့် သစ်တောကဏ္ဍ၊ သစ်တောသစ်ပင်ဆိုင်ရာ လုပ်ငန်းများအပေါ် ပြည်သူများကလည်း တက်ကြွစွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြာလဲ့သည့်ကောင်းကင်၊ စိမ်းလန်းသည့်မြေ၊ ကြည်လင်သည့်ရေ၊ သန့်စင်သည့်လေ စသည့်အညစ်အကြေးအဆိပ်အတောက်ကင်းမဲ့သည့် အရည်အသွေးပြည့်မီသော ကောင်းမွန်သည့် ပတ်ဝန်းကျင်နှင့် ပိုမိုကောင်းမွန်သည့် ကမ္ဘာကြီးဖြစ်ရေး မျှော်မှန်းကာ စိမ်းလန်းသောအနာဂတ်ကိုထူထောင်ကြရမည်ဖြစ်ပေသည်။ ။
MWD
