ယဉ်ကျေးမှုအမွေအနှစ်များဖြင့် ဂုဏ်ယူဝင့်ကြွားဖို့ ရေဝပ်ဒေသများနှင့်ရိုးရာအသိပညာများ ထိန်းသိမ်းစို့
Posted_Date
Image
Body
ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day) ဂုဏ်ပြုဆောင်းပါး
ကမ္ဘာ့ရေဝပ်ဒေသများနေ့
(World Wetlands Day)
နှစ်စဉ်ဖေဖော်ဝါရီလ ၂ ရက်နေ့သည် ကမ္ဘာ့ရေဝပ်ဒေသများနေ့(World Wetlands Day)ဖြစ်ပြီး ၁၉၇၁ ခုနှစ်တွင် ချမှတ်ခဲ့သော အစိုးရအချင်းချင်း သဘောတူစာချုပ်ဖြစ်သည့် ရေဝပ်ဒေသများ ကွန်ဗင်းရှင်း (Convention on Wetlands) ၏ နှစ်ပတ်လည်နေ့လည်းဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၁ နိုင်ငံရှိပြီး ရေဝပ်ဒေသထိန်းသိမ်းရေးအရှိန်အဟုန်မြှင့်တင်နိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံတိုင်းက ကမ္ဘာ့ရေဝပ်ဒေသများနေ့ အခမ်းအနားများကို ကျင်းပကြသည်။
၂၀၂၆ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ ဆောင်ပုဒ်မှာ “ယဉ်ကျေးမှုအမွေအနှစ်များဖြင့် ဂုဏ်ယူဝင့်ကြွားဖို့ ရေဝပ်ဒေသများနှင့် ရိုးရာအသိပညာများထိန်းသိမ်းစို့” (Wetlands and Traditional Knowledge: Celebrating Cultural Heritage) ဟူ၍ သတ်မှတ်ထားသည်။ ရေဝပ်ဒေသထိန်းသိမ်းရေးတွင် ခေတ်မီနည်းပညာများအပြင် ဒေသခံပြည်သူများ၏ အစဉ်အဆက် လက်ဆင့်ကမ်းလာသည့် ရိုးရာအသိပညာ၊ ယဉ်ကျေးမှုဆိုင်ရာ အလေ့အကျင့်ကောင်းများကိုလည်း အသိအမှတ်ပြုလေးစားပြီး ရေဝပ်ဒေသထိန်းသိမ်းစီမံအုပ်ချုပ်မှု၌ ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် ရေဝပ်ဒေသများကို ပိုမိုထိရောက်စွာထိန်းသိမ်းဆောင် ရွက်နိုင်သည်သာမက ရိုးရာယဉ်ကျေးမှုများကိုပါ မြှင့်တင်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း အလေးပေးဖော်ညွှန်းထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံတကာအသိအမှတ်ပြု ရမ်ဆာရေဝပ်ဒေသများ
အမြဲတမ်း သို့မဟုတ် ရာသီအလိုက် ရေလွှမ်းမိုးနေသော မြေဧရိယာများကို ရေဝပ်ဒေသများဟုခေါ်ဆိုနိုင်ပြီး ၎င်းရေဝပ်ဒေသများသည် သဘာဝဂေဟစနစ်တစ်ခုအဖြစ်တည်ရှိနေရုံသာမက လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှု၊ ရိုးရာအသိပညာနှင့် ပေါင်းစပ်နေသည့် နယ်မြေများဖြစ်သည်။
ရေဝပ်ဒေသများသည် နိုင်ငံတစ်နိုင်ငံချင်းစီအတွက်သာမက ဒေသတွင်းနှင့် ကမ္ဘာ့ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဂေဟစနစ်တည်ငြိမ်ရေး အတွက်လည်း အထူးအရေးပါသည့်အလျောက် တစ်ကမ္ဘာလုံးအဆင့်အနေဖြင့် ရေဝပ်ဒေသများကို ဝိုင်းဝန်းထိန်းသိမ်းကြရန်အတွက် “ရေဝပ်ဒေသများကွန်ဗင်းရှင်း (Convention on Wetlands)” ကို ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်တွင် အီရန်နိုင်ငံ ရမ်ဆာမြို့ (Ramsar) ၌ ဖွဲ့စည်းခဲ့သည်။
ဇီဝဘူမိထူးခြားသည့် ဒေသအတွင်း၌ သဘာဝအတိုင်းတွေ့ရသည့် သို့မဟုတ် သဘာဝနီးပါးရှိနေသည့် ထူးခြားရှားပါးသည့် ရေဝပ်ဒေသ၊ ထူးခြားသော ဇီဝဘူမိဒေသ၏ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရန်အတွက် အပင်နှင့်တိရစ္ဆာန်မျိုးစိတ်များကို ထောက်ပံ့ပေးသည့် ရေဝပ်ဒေသ၊ အပင်နှင့်တိရစ္ဆာန်မျိုးစိတ်များ၏ အသက်ရှင်နေထိုင်မှု၌ အကောင်းဆုံးအခြေအနေကိုပေးနိုင်သော သို့မဟုတ် မတူညီသော အသက်ရှင်နေထိုင်မှု၌ ခိုလှုံခွင့်ပေးနိုင်သော ရေဝပ်ဒေသ၊ ရေပျော်ငှက်ပေါင်း ၂၀၀၀၀ နှင့်အထက် ပုံမှန်ကျက်စားနိုင်သော ရေဝပ်ဒေသ အစရှိသည့် စံသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ရေဝပ်ဒေသများကို နိုင်ငံတကာမှအသိအမှတ်ပြုပြီး ရမ်ဆာရေဝပ်ဒေသများအဖြစ် အမည်ခေါ်တွင်သည်။
မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ်တွင် ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး ယနေ့အထိ နိုင်ငံတကာအဆင့် အရေးပါသော ရေဝပ်ဒေသခုနစ်ခု မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော (၂၀၀၄)၊ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော (၂၀၁၆) ၊ မိန်းမလှကျွန်းတော ရိုင်းတိရစ္ဆာန်ဘေးမဲ့တော (၂၀၁၇)၊ မုတ္တမ ပင်လယ်ကွေ့ဒေသ (မွန်ပြည်နယ်အပိုင်း) (၂၀၁၇) နှင့် တိုးချဲ့အပိုင်း(၂၀၂၀)၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော (၂၀၁၈)၊ နံ့သာကျွန်းနှင့် မေယုမြစ်ဝဒေသ (၂၀၂၀)၊ ပြူကန် (၂၀၂၄) ကို ရမ်ဆာရေဝပ်ဒေသများအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် မြန်မာနိုင်ငံ၏ ရေဝပ်ဒေသများ စီမံအုပ်ချုပ်သည့်အဖွဲ့အစည်း (Admini-strative Authority) အဖြစ် ရေဝပ်ဒေသ ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ရေဝပ်ဒေသများနှင့် ရိုးရာအသိပညာများ
ရေဝပ်ဒေသများနှင့် ဒေသခံများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာအသိပညာ၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများသည် ရာစုနှစ်ပေါင်းများစွာ ကတည်းက ဒွန်တွဲတည်ရှိခဲ့ကြသည်။ မြန်မာနိုင်ငံရှိ ရမ်ဆာရေဝပ်ဒေသများနှင့် ဒေသခံရိုးရာအသိပညာ ဆက်စပ်မှုများကို ကြည့်မည်ဆိုပါက ရှမ်းပြည်နယ်ရှိ အင်းလေးကန်ရေဝပ်ဒေသ၌ တွေ့ရှိရသော ရိုးရာစိုက်ပျိုးနည်းစနစ်ဖြစ်သည့် ကျွန်းမျောစိုက်ပျိုးရေးသည် ရေဝပ်ဒေသ၏ မြေဆီလွှာနှင့် ရေအရင်းအမြစ်ကို ထိရောက်စွာ အသုံးပြုလျက်ရှိသည့် သာဓကတစ်ခုဖြစ်သည်။
အင်းသူ၊ အင်းသားတို့၏ ခြေတစ်ချောင်းထောက်၍ လှေလှော်ခြင်းသည် ထူးခြားသည့် ရိုးရာအစဉ်အလာတစ်ခုဖြစ်သည်။
အင်းသူ၊ အင်းသားတို့၏ ရိုးရာငါးဖမ်းကိရိယာများသည် အရွယ်ရောက်ပြီးသော ငါးများကိုသာ ရွေးချယ်ဖမ်းဆီးနိုင်သည့် ရိုးရာပိုက်များ၊ မျောပိုက်များနှင့် မြှုံးများကို အသုံးပြုခြင်းဖြင့် ငါးမျိုးသုဉ်းမှုကို လျော့ပါးစေခြင်း၊ ကန်အတွင်းမှ ရေညှိ ရေမှော်များဆယ်ယူကာ တိရစ္ဆာန်အစာအဖြစ်အသုံးပြုမှုသည် ကန်အတွင်းသန့်စင်စေခြင်း၊ ငှက်များဥဥချိန် သို့မဟုတ် ငါးများသားပေါက်ချိန်တွင် ရေဝပ်ဒေသအတွင်း ဝင်ရောက်ခြင်းကို ကန့်သတ်သည့် ရိုးရာထုံးတမ်းများ၊ ရေဝပ်ဒေသများတွင် ပေါက်ရောက်သော ဆေးဖက်ဝင်အပင်များ အသုံးပြုမှုကို မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းပေးခဲ့ကြသည်။
မိုးယွန်းကြီးအင်းသည်လည်း ရေပျော်ငှက်များနှင့် ဆောင်းခိုငှက်များ အပါအဝင် ဇီဝမျိုးစုံမျိုးကွဲများအတွက် နေထိုင်ကျက်စားရာ ဒေသအဖြစ် ထောက်ပံ့ပေးလျက်ရှိသည့်အပြင် ဒေသခံတို့၏ လူမှုစီးပွားကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိသည်။ ဒေသခံများမှ မိုးယွန်းကြီးအင်းက ထောက်ပံ့ပေးလျက်ရှိသော ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ထွက်ကုန်ပစ္စည်းများအား ရှေးယခင်ကပင် အကျိုးရှိစွာအသုံးပြုခြင်းများအား ဆောင်ရွက် လျက်ရှိသည်။ မိုးယွန်းကြီးအင်း ရေဝပ်ဒေသဝန်းကျင်ရှိ ဒေသခံများအနေဖြင့် ကြာပန်းများကို ဘုရားပန်းအဖြစ် ရောင်းချခြင်း၊ ကြာခွက်၊ ကြာစွယ်ခူးယူရောင်းချခြင်းတို့သာ လုပ်ကိုင်ကြရာမှ ကြာချည်ထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း လုပ်ကိုင်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ မိန်းမလှကျွန်းရမ်ဆာရေဝပ်ဒေသဝန်းကျင်ရှိ ဒေသခံများသည် ဒီရေတောများ၏ အရေးပါမှုကို သိရှိနားလည်ကာ “ဒီရေတောများကမုန်တိုင်းဒဏ်ကို ကာကွယ်ပေးသည်” ဆိုသည့်အသိသည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းပြီးသည့်နောက် ဒေသခံများ အကြားတွင် ရိုးရာအသိတစ်ခုကဲ့သို့ ပိုမိုစွဲမြဲလာခဲ့ပြီး ဒီရေတောများစိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းတို့တွင် ပူးပေါင်းပါဝင်လျက်ရှိသည်။
ထိုနည်းတူစွာ မြန်မာနိုင်ငံမြောက်ဖျားပိုင်း ကချင်ပြည်နယ်ရှိ အင်းတော်ကြီးကန်သည်လည်း နိုင်ငံတကာအသိအမှတ် ပြုမှုများစွာရှိသည့် မြန်မာနိုင်ငံ၏ အကြီးဆုံး သဘာဝရေချိုကန်ကြီးတစ်ခုဖြစ်သည်။ အင်းတော်ကြီးဒေသတွင် နေထိုင်ကြသော တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များသည် အင်းတော်ကြီးရေဝပ်ဒေသ ဂေဟစနစ်ကို ထိန်းသိမ်းရာတွင် အထောက်အကူပြု လျက်ရှိသကဲ့သို့ “တောတောင်ရှိမှ ရေရှိမည်” ဆိုသည့် ရိုးရာအသိအမြင်နှင့် သစ်တောများကိုလည်း ထိန်းသိမ်းကာကွယ်ကြသည်။ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားထိန်းသိမ်းခြင်းဖြင့် ပတ်ဝန်းကျင်ဂေဟစနစ်များကို ပိုမိုကောင်းမွန်သည့် နည်းလမ်းများဖြင့် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအထောက်အကူပြုလျက်ရှိသည်။
ဆောင်းခိုငှက်များ
ဆောင်းခိုငှက်များဆိုသည်မှာ ရာသီဥတုအခြေအနေ၊ အစာရေစာရှားပါးမှုနှင့် မျိုးပွားရန် ပတ်ဝန်းကျင်ကောင်းများ ရှာဖွေရန်အတွက် နေရာတစ်ခုမှတစ်ခုသို့ ရာသီအလိုက် အုပ်စုလိုက် ရွှေ့ပြောင်းသွားလာတတ်သောငှက်များကို ခေါ်ခြင်းဖြစ်သည်။ ငှက်များ ဆောင်းခိုရခြင်း၏ အဓိကအကြောင်းရင်းမှာ ရှင်သန်ရပ်တည်ရေး အတွက်ဖြစ်သည်။ ဥပမာ-ရာသီဥတု ဆိုးဝါးပြင်းထန်သည့် ဆောင်းရာသီတွင် အလွန်အေးသောဒေသများမှ နွေးထွေးသောဒေသများသို့ ရွှေ့ပြောင်းကြသည်။ ရေခဲပြီး အပင်များ ခြောက်သွေ့သွားသည့် အခါ အစာရှာရခက်ခဲလာသဖြင့် အစာပေါများသော နေရာသို့သွားကြသည်။ မျိုးပွားခြင်း လုပ်ငန်းစဉ်အတွက် ဥဥရန်နှင့် သားပေါက်ရန်ဘေးကင်းပြီး သင့်လျော်သော ပတ်ဝန်းကျင်ကို ရှာဖွေခြင်းဖြစ်သည်။
ငှက်များသည် မိုင်ပေါင်းထောင်ချီသော ခရီးကို အံ့ဩဖွယ်ကောင်းသော နည်းလမ်း များဖြင့် ဖြတ်သန်းကြသည်။ နေ၊ လ၊ ကြယ်များ၏ အနေအထားနှင့် ကမ္ဘာ့သံလိုက်စက်ကွင်း(Magnetic Field) ကိုအသုံးပြု၍ လမ်းကြောင်းရှာဖွေကြသည်။ မြစ်များ၊ တောင်တန်းများနှင့်ကမ်းရိုးတန်းများကို လမ်းညွှန်အမှတ်အသားများ၊ မှတ်တိုင်များအဖြစ် မှတ်သားထားတတ်ကြသည်။
အများအားဖြင့် "V" ပုံစံအုပ်စုလိုက်ပျံသန်းကြသည်။ ထိုသို့ပျံသန်းခြင်းဖြင့် လေတိုးအားကိုလျှော့ချနိုင်ပြီး ခွန်အားချွေတာနိုင်ကာ ခရီးဝေးကိုပျံသန်းနိုင်ကြသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ဆောင်းခိုငှက် ပျံသန်းရာ လမ်းကြောင်းကြီးကိုးခုအနက် အာရှအလယ်ပိုင်းလမ်းကြောင်း (Central Asian Flyway) နှင့် အရှေ့အာရှ-ဩစတြေးလျလမ်းကြောင်း (East Asian-Australasian Flyway) ပေါ်တွင် တည်ရှိသည်။ ဆောင်းခိုငှက်များသည် ဂေဟစနစ် မျှခြေကို ထိန်းညှိပေးရုံသာမက သဘာဝပတ်ဝန်းကျင်အခြေအနေကို ပြသသော ပြဒါးတိုင်များလည်းဖြစ်ကြသည်။ ထို့ကြောင့် ဆောင်းခိုငှက်များ နားခိုရာစိမ့်မြေများနှင့် အင်းအိုင်များ တစ်နည်းအားဖြင့် ရေဝပ်ဒေသများကို ထိန်းသိမ်းစောင့်ရှောက်ရန်အလွန်အရေးကြီးသည်။
ဆောင်းခိုငှက်မျိုးစိတ်များသည် မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများသို့ နှစ်စဉ် အောက်တိုဘာလမှဧပြီလအထိ ကျရောက် ကျက်စားကြသည်။ အဆိုပါ ငှက်မျိုးစိတ်များအနက် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် စာရင်းဝင်နှင့် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ (International Union for Conservation of Nature: IUCN) ၏ အနီရောင်အဆင့် (Red List) စာရင်းဝင်ဖြစ်သော မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိနေသော မျိုးစိတ် (Critically Endangered:CR) ဖြစ်သည့် ရေညှောင့်နှုတ်ဝိုင်းငှက် (Spoon–billed Sandpiper)၊ မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ် (Endangered: EN)ဖြစ်သည့် နော်မန်ခြေစိမ်း (Nordmann’s Greenshank)၊ နော့ (Great Knot)၊ မျိုးသုဉ်းရန် ခြိမ်းခြောက်မှုအဆင့်သို့ နီးကပ်နေသော မျိုးစိတ်ဖြစ်သည့် အမြီးနက်ဂေါ့ဒွစ် (Black-tailed Godwit) များသည် မုတ္တမပင်လယ်ကွေ့ဒေသ၊ နံ့သာကျွန်းနှင့် မေယုမြစ်ဝ၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောများတွင် တွေ့ရှိရသည်။
မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိနေသော မျိုးစိတ် (CR) ဖြစ်သည့် ပို့ချပ်ခေါင်းစိမ်း (Baer’s Pochard)၊ မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ် (Vulnerable:VU) ဖြစ်သည့် ပို့ချပ်ဘဲ (Common Pochard)၊ မျိုးသုဉ်းရန် ခြိမ်းခြောက်မှုအဆင့်သို့ နီးကပ်နေသောမျိုးစိတ် (Near Threatened:NT) ဖြစ်သည့် ဘဲနီစပ် (Ferruginous Pochard)၊ ခရုစုတ်ခေါင်းမည်း(Black-headed Ibis)၊ နှုတ်သီးကောက်ကြီး (Eurasian Curlew)၊ ဘဲတောင်ရှည် (Falcated Duck) နှင့် ဌာနေရေပျော်ငှက်များတွင် မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ် (VU) ဖြစ်သည့် ကြိုးကြာခေါင်းနီ (Sarus Crane)၊ မျိုးသုဉ်းရန်ခြိမ်းခြောက်မှုအဆင့် သို့ နီးကပ်နေသောမျိုးစိတ် (NT) ဖြစ်သည့် ငှက်ကြီးဝန်ပို (Spot-billed Pelican)၊ ဥပန်း (Oriental Darter) မျိုးစိတ်တို့အား အင်းတော်ကြီး၊ မိုးယွန်းကြီးအင်းနှင့် အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောများတွင် တွေ့ရှိရသည်။
၂၀၂၅ ခုနှစ်အတွင်း ငှက်စာရင်းကောက်ယူမှုများအရ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ငှက်မျိုးစိတ် ၁၅၁ မျိုး၊ ကောင်ရေ ၉၅၄၁၇ကောင်၊ အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ငှက်မျိုးစိတ် ၁၄၁ မျိုး၊ ကောင်ရေ ၇၈၃၄၆ ကောင်၊ မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ငှက်မျိုးစိတ် ၁၅၃ မျိုး၊ ကောင်ရေ ၁၂၃၅၁၆ ကောင်၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ငှက်မျိုးစိတ် ၁၀၇ မျိုး၊ ကောင်ရေ ၁၀၆၀၆ ကောင် မှတ်တမ်းတင်နိုင်ခဲ့သည်။
မြန်မာ့ဒေသမျိုးရင်း ငှက်မျိုးစိတ်များနှင့် ရေပျော်ငှက်မျိုးစိတ်များ
ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံတွင်မှ မတွေ့ရှိရဘဲ မြန်မာတစ်နိုင်ငံတည်းတွင်သာတွေ့ရှိနိုင်သော ဒေသရင်းငှက်မျိုးစိတ် ၁၃ မျိုးရှိပြီး ၎င်းဒေသရင်းငှက်မျိုးစိတ်များအပါအဝင် ငှက်မျိုးစိတ် ၁၁၄၆ မျိုးခန့်ကို မှတ်တမ်းတင်ထားသည်။ မြန်မာနိုင်ငံ၌ တွေ့ရှိမှတ်တမ်းတင်ထားသည့် ရေပျော်ငှက်အမျိုးအစား ၂၀၆ မျိုးခန့် ရှိသည်။
ဒေသမျိုးရင်းငှက်များမှာ မြန်မာဘီလုံးငှက် (Burmese Bushlark)၊ ချိုးလင်းပြာ (Burmese Collared Dove)၊ ငှက်လက်မမြီးရှည်ညို (Burmese Prinia cooki)၊ မြန်မာတစ် (Burmese Tit)၊ ဧရာဝတီဗွတ်စာမွဲ (Streak eared Bulbul/ Ayeyarwaddy Bulbul)၊ ဗွတ်လည်ဖြူ (Grey-crowned Bulbul)၊ ဗွတ်မျက်ကွင်းဖြူ (Pale-eyed Bulbul)၊ နဖားကြူး (Hooded Treepie)၊ ဧရာဝတီငှက်ဆတ်နီ (Irrawaddy Broadbill)၊ ငှက်မင်းသားဗိုက်ဖြူ (White–bellied Minivet/ Jerdon’s Minivet)၊ နောင်မွန်းငှက်ညို နှုတ်သီးကောက် (Naung Mung Wren-babbler)၊ မျက်ခုံးဖြူငှက်ပြာခြောက် (White-browed Nuthatch)နှင့်စွေ့(White- throated Babbler) တို့ဖြစ်သည်။
ရေဝပ်ဒေသများနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှု
ယဉ်ကျေးမှု အမွေအနှစ်များနှင့် ဆက်စပ်လျက်ရှိသည့် ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝသည့် ရေဝပ်ဒေသဂေဟစနစ်များသည် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် အပန်းဖြေလုပ်ငန်း စသည့် အလုပ်အကိုင်များကို ဖန်တီးပေးလျက် ရှိသည်။ ငှက်အခြေပြု ခရီးသွားလုပ်ငန်း (Bird Watching Tourism) သည် အများအားဖြင့် ရေဝပ်ဒေသများကို အခြေခံသည့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတစ်ခုဖြစ်သည်။
ရေဝပ်ဒေသများသည် ၎င်းတို့အပေါ်တွင် မှီတင်းနေထိုင်သည့် ငှက်မျိုးစိတ်များ၊ ဆောင်းခိုငှက်များအား စိတ်ဝင်စားစွာ လေ့လာလျက်ရှိသည့် ငှက်ဝါသနာရှင်များ၊ သိပ္ပံပညာရှင်များအတွက် မဖြစ်မနေ သွားရောက်လေ့လာရသည့် နေရာဒေသများဖြစ်သည်။ ငှက်အခြေခံခရီးသွားလုပ်ငန်းနှင့် ဒေသဆိုင်ရာယဉ်ကျေးမှု အမွေအနှစ်အချက်အလက်များကို ဆက်စပ်ပေးခြင်းအားဖြင့် ရေဝပ်ဒေသများ၏တန်ဖိုးကို အများပြည်သူပိုမို သတိထားမိစေသည့်အပြင် ဒေသခံများ၏ မိမိတို့ဒေသအပေါ် ဂုဏ်ယူစိတ်နှင့် ချစ်မြတ်နိုးစိတ်များကို ပိုမိုဖြစ်ထွန်းစေသည်။ ရေဝပ်ဒေသအပေါ်တွင် မှီခိုနေသော ဒေသခံပြည်သူများ၏ စားဝတ်နေရေးအတွက် ငှက်အခြေခံခရီးသွားလုပ်ငန်းမှာ အရေးပါသည့်လုပ်ငန်းတစ်ခုဖြစ်သည်။
ရေဝပ်ဒေသများ ရေရှည်တည်တံ့အသုံးပြုနိုင်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များသို့ သဘာဝအမွေအနှစ်အဖြစ် လက်ဆင့်ကမ်းနိုင်ရေး ရေဝပ်ဒေသများတွင် နေထိုင်ကျက်စားသော ငှက်မျိုးစိတ်များကို ကြည့်ရှုလေ့လာခြင်းဖြင့် ငှက်များ၏နေထိုင်ကျက်စားမှုဘဝ၊ သဘာဝပတ်ဝန်းကျင်၊ အတူယှဉ်တွဲနေထိုင်သည့် အပင်နှင့် သတ္တဝါများ ချိတ်ဆက်နေသည့် အစာ ကွင်းဆက်များ အစရှိသည့် ဂေဟစနစ် ဆိုင်ရာ ဗဟုသုတများကို လေ့လာနိုင်ပြီး ကမ္ဘာမြေကြီး၏ သဘာဝ၊ ဇီဝသက်ရှိနှင့် လူသားတို့၏ ဘဝရှင်သန်ရပ်တည်မှု ဆက်စပ်ဖြစ်တည်မှုတို့ကို ပိုမိုသဘောပေါက်နားလည်လာမည်ဖြစ်ပြီး ထိန်းသိမ်းလိုစိတ်နိုးကြားလာစေရန်၊ ရေဝပ်ဒေသများနှင့် ဆက်စပ်တည်ရှိနေသည့် မိရိုးဖလာအသိပညာများ ထိန်းသိမ်းခြင်း၊ ခေတ်သစ်နည်းပညာများဖြင့် ပေါင်းစပ် အသုံးပြုနိုင်ရန် ရည်ရွယ်ချက်များဖြင့် ရေဝပ်ဒေသများကို အတူလက်တွဲ ထိန်းသိမ်းကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း “၂၀၂၆ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့” ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။
MWD
