လွန်ကဲစွာ ပြုပြင်ထားသော အစားအစာများ စားသုံးမှုနှင့် ကျန်းမာရေး
Posted_Date
Image
Body
မျက်မှောက်ခေတ်တွင် ကမ္ဘာလုံးဆိုင်ရာ အစားအသောက်ပုံစံများ လျင်မြန် စွာပြောင်းလဲလာသည်နှင့်အမျှ လွန်ကဲ စွာပြုပြင်ထားသော အစားအစာများသည် လူသားတို့အစားအစာ စားသုံးမှု၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်လာသည်။ လွန် ခဲ့သောဆယ်စုနှစ်များစွာအတွင်း ကမ္ဘာတစ်ဝန်း၌ လွန်ကဲစွာပြုပြင်ထားသော အစားအစာများ ဝယ်ယူစားသုံးမှုတိုးမြင့် လာခဲ့ပြီး ထိုခေတ်ရေစီးကြောင်းများသည် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများကို အစားထိုးကာအလွန်အကျွံစားသုံးခြင်းကြောင့် ကမ္ဘာလုံး ဆိုင်ရာ ပြည်သူ့ကျန်းမာရေးအတွက် အဓိကစိန်ခေါ်မှုအသစ်တစ်ရပ် ဖြစ်လျက် ရှိသည်။
လွန်ကဲစွာပြုပြင်ထားသော အစားအစာများသည် အရွယ်ရောက်ပြီးသူများ တွင် အဝလွန်ခြင်း၊ အမျိုးအစား-၂ သွေးချို ဆီးချိုရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ဇီဝဖြစ်ပျက်မှုဆိုင်ရာရောဂါများ၊ ကင်ဆာရောဂါများ၊ စိတ်ဓာတ်ကျခြင်းနှင့် အရွယ်မတိုင်မီသေဆုံးခြင်း အပါအဝင် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုအန္တရာယ်များနှင့် ဆက်စပ်နေကြောင်း သိပ္ပံနည်းကျအထောက်အထားများက အတည်ပြုထားသည်။ The Lancet သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလက လွန်ကဲစွာပြုပြင် ထားသောအစားအစာများကြောင့် လူ သားတို့၏ ကျန်းမာရေး ထိခိုက်မှုများနှင့် ဆက်စပ်သည့်စာတမ်းသုံးစောင်ကို ထုတ်ပြန်ခဲ့သည်။ Professor Carlos Monteiro ဦးဆောင်သော နိုင်ငံတကာပညာရှင် ၄၃ ဦးက ရေးသားပြုစုထားသည့် Lancet စီးရီးသည် လွန်ကဲစွာပြုပြင်ထားသော အစားအစာများကြောင့် ကျန်းမာရေးထိခိုက်မှုများအတွက် သိပ္ပံနည်းကျ အထောက်အထားများကို ဆန်းစစ်ပြီးစားသုံးမှုနှင့် မကူးစက်နိုင်သောရောဂါ များစွာတို့ကြား ဆက်စပ်မှုကို မီးမောင်း ထိုးပြထားသည်။
ယေဘုယျအားဖြင့် ဝင်ငွေမြင့်မားသော နိုင်ငံများ အထူးသဖြင့် ဥရောပ၊ မြောက် အမေရိကနှင့် သြစတြေးလျနိုင်ငံများတွင် လွန်ကဲစွာပြုပြင်ထားသော အစားအစာများ စားသုံးမှုမြင့်မားကြောင်း အစီရင်ခံ တင်ပြကြသည်။ ဝင်ငွေမြင့်မားသော နိုင်ငံများရှိ လူငယ်များနှင့် အရွယ်ရောက်ပြီးသူ များတွင် စားသုံးမှု သိသာထင်ရှားစွာ တိုးလာကြောင်း အတည်ပြုထားသည်။
နော်ဝေနိုင်ငံ၌ လေ့လာမှုတစ်ခုအရ လွန်ကဲစွာပြုပြင်ထားသည့် အစားအစာများသည် အစားအသောက်လက်လီရောင်းချသူများ ထံမှဝယ်ယူသော အစားအစာများ၏ ၅၈ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ လွန်ကဲစွာပြုပြင်ထားသောအစားအစာများကို စားသုံးမှုနှုန်းမြင့်မားလာခြင်း သည် ကျန်းမာရေးအန္တရာယ်များနှင့် ဆက်စပ်နေပြီး ပညာရေးအဆင့်နိမ့်ခြင်း၊ ဝင်ငွေနည်းခြင်း၊ မြို့ပြလူနေမှုအဆင့်အတန်းများသည်လည်း လွန်ကဲစွာပြုပြင် ထားသောအစားအစာများ သုံးစွဲမှုမြင့်မားခြင်းနှင့် ဆက်စပ်နေကြောင်း တွေ့ရ သည်။
လွန်ကဲစွာပြုပြင်ထားသော အစားအစာများသည် အရသာနှင့်အသွင်အပြင် ကိုမွမ်းမံထားသည့် ဖြည့်စွက်ပစ္စည်းများပါဝင်ခြင်းကြောင့် အနံ့အရသာအလွန်ရှိပြီး မကြာခဏ စားချင်လောက်အောင်အလွန်ဆွဲဆောင်မှုရှိ(အထူးသဖြင့် ကလေး များအတွက်)သည်။ လွန်ကဲစွာပြုပြင်ထားသော အစားအစာများသည် သဘာဝအစားအစာများမှရရှိသည့် ဒြပ်ပေါင်းများ ကဲ့သို့ စက်မှုဖော်မြူလာများဖြင့် အဓိက ထုတ်လုပ်ထားသော အစားအသောက် များဖြစ်ပြီး သကြား၊ ဆားနှင့်အဆီဓာတ် ပါဝင်မှုမြင့်မားသည်။လွန်ကဲစွာပြုပြင်ထားသည့်အစားအစာများ ထုတ်လုပ်မှု တွင်အသုံးပြုသော လုပ်ငန်းစဉ်များသည် အကျိုးအမြတ်များစွာရရှိစေရန်၊ အရသာ အလွန်ကောင်းမွန်စေရန်နှင့် အချိန်မရွေး၊ နေရာမရွေး အလွယ်တကူစားသုံးနိုင်စေ ရန် ရည်ရွယ်သည်။ လွန်ကဲစွာပြုပြင်ထား သည့်အစားအစာများတွင် သကြားပါသော အချိုရည်များ၊ အချိုပွဲများ၊ ချော ကလက်များ၊ ထုပ်ပိုးထားသော သရေစာ များ၊ သကြားလုံးများ၊ နံနက်စာစီရီရယ်များ၊ ပေါင်မုန့်များ၊ ကိတ်မုန့်များ၊ ရေခဲမုန့် များ၊ ပြုပြင်ထားသောအသားများ၊ ခေါက် ဆွဲထုပ်များနှင့် တခြားအသင့်စားအစား အသောက်များ ပါဝင်သည်။
လွန်ကဲစွာပြုပြင်ထားသော အစားအစာများသည် အာဟာရဓာတ်ကြွယ်ဝသည့်အစားအစာများကို အစားထိုးလာမှု ကြောင့် အစားအသောက် အရည်အသွေး ကျဆင်းစေပြီး နှစ်ရှည်လများစားသောက် သောအခါ ကျန်းမာရေးအန္တရာယ်များတိုး လာစေသည်။ ကျယ်ပြန့်သောသုတေသန ပြုချက်များအရ လွန်ကဲစွာပြုပြင်ထားသည့် အစားအစာများကို မြင့်မားစွာ စားသုံးမှုသည် အန္တရာယ်ဖြစ်စေနိုင်သော ဖြည့်စွက်ပစ္စည်းများ တိုးမြှင့်စားသုံးခြင်း အပြင် ပြုပြင်ခြင်းနှင့် ထုပ်ပိုးခြင်းမှ အဆိပ် အတောက်များညစ်ညမ်းခြင်းတို့ကြောင့်ခန္ဓာကိုယ်တွင် မလိုလားအပ်သော အန္တရာယ်များ ဖြစ်စေနိုင်သည်။ အမျှင်ဓာတ်နှင့် အဏုဇီဝအာဟာရစားသုံးမှုကို လျော့ကျစေပြီး အကာအကွယ်ပေးသော phytochemicals စားသုံးမှုကိုလည်းလျှော့ချခြင်းဖြင့် အာဟာရဓာတ်မညီမျှမှု ကို ပိုမိုဆိုးရွားစေသည်။ အသည်း၏ လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပြီး အင်ဆူလင်ခံနိုင်ရည်ရှိမှုနှင့်အတူ သွေးတွင်း ဂလူးကို့စ်၊ သွေးတွင်းကိုလက်စထရောနှင့် triglycerides များကို မြင့်တက်စေသည်။ ရောင်ရမ်းမှုနှင့် အစာအိမ်နှင့်အူလမ်း ကြောင်း microbiome ပြောင်းလဲမှုများကို ဖြစ်ပေါ်စေပြီး အစာအိမ်နှင့်အူလမ်း ကြောင်းဆိုင်ရာ ရောဂါများအပါအဝင် နှလုံးဆိုင်ရာအန္တရာယ်များကို မြင့်တက် စေကြောင်း လေ့လာမှုများက တွေ့ရှိခဲ့ သည်။ အလွန်အကျွံစားသုံးမှုကို တွန်းအားပေးပြီး ကယ်လိုရီစားသုံးမှုမြင့်မားခြင်း၊ ကိုယ်အလေးချိန်တက်လာပြီး အဝလွန် ခြင်းနှင့် အမျိုးအစား-၂ သွေးချိုဆီးချိုရောဂါကို ဖြစ်ပေါ်စေကြောင်း လေ့လာမှုများအရ အတည်ပြုခဲ့သည်။
လေ့လာမှုများအရ အလွန်အကျွံပြုပြင် ထားသော အစားအစာများကို ပမာဏများများစားခြင်းသည် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ရုတ်တရက်နှလုံးသွေးကြော ပိတ်ခြင်း၊ လေဖြတ်ခြင်း၊ စောစီးစွာ သေဆုံးခြင်းနှင့် ဆက်စပ်မှုရှိကြောင်း တွေ့ရသည်။ ၂၀၂၃ ခုနှစ် ဩဂုတ်လက Europe Society of Cardiology Congress တင်ပြခဲ့သော လေ့လာမှုတစ်ခုတွင် သြစတြေးလျ အမျိုးသမီး ၁၀၀၀၀ ၏ အစားအသောက်များကို ၁၅ နှစ်ကြာ စောင့်ကြည့်ခဲ့ရာ အလွန်အကျွံပြုပြင်ထားသော အစားအစာပမာဏ အများဆုံးစားသူ များသည် အနည်းဆုံးစားသူများထက် သွေးတိုးဖြစ်နိုင်ခြေ ၃၉ ရာခိုင်နှုန်းပိုများ သည်။ နာတာရှည်ရောဂါ အန္တရာယ်များဖြစ်နိုင်ခြေလေ့လာမှု ၁၀၀ ကျော်တွင် လွန်ကဲစွာပြုပြင်ထားသော အစားအစာများသည် နှလုံးသွေးကြောဆိုင်ရာရောဂါများ၊ တချို့သောကင်ဆာများ၊ စိုးရိမ်စိတ်နှင့် စိတ်ကျရောဂါကဲ့သို့သော စိတ်ရောဂါများနှင့် သေဆုံးမှုနှုန်းမြင့်မားခြင်းနှင့် ဆက် စပ်နေကြောင်း တွေ့ရသည်။
ကျန်းမာရေးအတွက် အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ငါး၊ မပြည့်ဝဆီများ၊ အခွံမာသီး၊ အစေ့အဆန်၊ ပဲအမျိုးမျိုးနှင့်မပြုပြင်ရသေးသော အစားအစာများ ပါဝင် သည့် မြေထဲပင်လယ် အစားအသောက်ပုံစံကို သုတေသီများက အကြံပြုထားပြီး ဖြစ်သည်။ ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရပြည့်ဝသော စားသောက်မှုပုံစံ များသည် ဟင်းသီးဟင်းရွက်များ၊ သစ်သီး များ၊ အစေ့အဆန်များ၊ အခွံမာသီးများ၊ ငါးနှင့်နို့ထွက်ပစ္စည်းများ အထူးသဖြင့် ဒိန်ချဉ်နှင့်ဒိန်ခဲကဲ့သို့သော အချဉ်ဖောက် ထားသည့် နို့ထွက်ပစ္စည်းများကို အလေးထားပြီး အနီရောင်နှင့်ပြုပြင်ထားသော အသားများနှင့် သကြားများစားသောက်မှုကို ကန့်သတ်ထားသည်။ ထို့ကြောင့် အစားအသောက်ကို ကျန်းမာရေးနှင့် ညီညွတ်စေရန် ပြောင်းလဲလိုပါက လဲလှယ်စားသောက်မှုတချို့ ပြုလုပ်နိုင် သည်။
သကြား သို့မဟုတ် အချိုဓာတ်ပါသော ဒိန်ချဉ်များအစား ရိုးရိုးဒိန်ချဉ်ကို ရွေးချယ် ပြီး အချိုအတွက် အသင့်လှီးထားသည့် လတ်ဆတ်သော သစ်သီး၊ အေးခဲထား သော သို့မဟုတ် အခြောက်လှန်းထားသော သစ်သီးများကို ထည့်စားပါ။ သကြားပါ သောအမျှင်ဓာတ်နည်းသည့် မနက်စာ စားမည့်အစား သစ်သီးနှင့် အခွံမာသီး သို့မဟုတ် ဂျုံယာဂု သို့မဟုတ် ထမင်းကြမ်း နှင့်ပဲပြုတ်ကို ဆီ၊ ဆားအနည်းငယ်ဖြင့် ရိုးရှင်းစွာစားပါ။ ကိတ်မုန့်များအစားလတ်ဆတ်သော၊ ဖုတ်ထားသော သို့ မဟုတ် ပြုတ်ထားသော အသီးအနှံများသို့မဟုတ် ကန်စွန်းဥပြုတ်ကိုစားသုံးပါ။
ပြုပြင်ပြီးသားအသားပြားများအစား ကြက် ရင်ပုံသား သို့မဟုတ် အဆီများသောငါး၊ ငါးကြင်း သို့မဟုတ် ငါးတန်ကိုစားသုံးပါ။ အစားအစာများကို အဆင်သင့်ဝယ်ယူစား မည့်အစား စိတ်ကြိုက်အစားအစာများကို အိမ်တွင် ကျန်းမာရေးနှင့် ညီညွတ်အောင် ချက်ပြုတ်စားသောက်ခြင်းက ပိုကောင်း သည်။
အချုပ်အားဖြင့်ဆိုရသော် လွန်ကဲစွာပြုပြင်ထားသောအစားအစာများ စားသုံးမှုသည် အဝလွန်ခြင်းနှင့် အမျိုးအစား-၂ သွေးချိုဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊နှလုံးရောဂါ ရုတ်တရက် နှလုံးသွေးကြော ပိတ်ခြင်း၊ လေဖြတ်ခြင်း၊ စောစီးစွာသေဆုံးခြင်း၊ နာတာရှည်ရောဂါအန္တရာယ်များ နှင့်ဆက်စပ်မှုရှိကြောင်း တွေ့ရသည်။
လွန်ကဲစွာပြုပြင်ထားသော အစားအစာများ၏ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုအန္တရာယ်များနှင့် ပတ်သက်၍ လေ့လာမှုများ တိုးမြှင့်ပြုလုပ်လျက်ရှိသည်။ လက် ရှိအထောက်အထားများအရ ရောဂါကာကွယ်ရေးနှင့် ကုသမှုနည်းလမ်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် လွန်ကဲစွာပြုပြင် ထားသောအစားအစာများ စားသုံးမှုကို လျှော့ချစားသုံးရန် အကြံပြုထားကြောင်း ကျန်းမာရေးသုတ မျှဝေလိုက်ရပါသည်။ ။
MWD
