ရထားလက်မှတ်များကိုလွယ်ကူအဆင်ပြေစွာဝယ်နိုင်ရေး Online Railways Ticketing and Payment System – ORTP စနစ်အား ရှေ့ပြေးအစီအစဉ် (Pilot Project)အဖြစ်စတင်မိတ်ဆက်ခြင်း

Posted_Date

Image

ရထားလက်မှတ်များကိုလွယ်ကူအဆင်ပြေစွာဝယ်နိုင်ရေး Online Railways Ticketing and Payment System – ORTP စနစ်အား ရှေ့ပြေးအစီအစဉ် (Pilot Project)အဖြစ်စတင်မိတ်ဆက်ခြင်း

Body

လက်ရှိရထားစီးခရီးသွားပြည်သူများအနေဖြင့်  မြန်မာ့မီးရထား၌  ရထားလက်မှတ်ဝယ်ယူရသည့်စနစ်မှာ  ခရီးသွားမည့်သူ  သို့မဟုတ်  ကိုယ်စားလှယ်ဖြစ်သူက   ရထားလက်မှတ်ဝယ်ယူဖို့အတွက်  ဘူတာရုံ/လက်မှတ်ရုံရှိရာသို့ သွားရောက်ဝယ်ယူရသည့် အတွက် အချိန်ကုန်ခြင်း၊ ခရီးစရိတ်ကုန်ကျခြင်း၊ တန်းစီ၍စောင်ရေအကန့်အသတ်ဖြင့်သာဝယ်ယူရခြင်းနှင့် ငွေအကြွေရရှိမှု အခက်အခဲကြောင့်လက်မှတ်ခပြန်အမ်းငွေကိုလည်းအတိအကျပြန်အမ်းနိုင်ရန်အခက်ခဲရှိခြင်းများကြုံတွေ့ကြရလျက်ရှိနေသည်။

မြန်မာ့မီးရထားအနေဖြင့်   ရထားလက်မှတ်ကို  ပိုမိုအဆင်ပြေလွယ်ကူစွာဝယ်ယူနိုင်စေရေးအတွက်  နိုင်ငံတကာမှရထား လုပ်ငန်းများကဲ့သို့ Online ပေါ်က လက်မှတ်ရောင်းချခြင်းနှင့်   ငွေပေးချေခြင်း (Online Railways Ticketing and Payment System - ORTP) စနစ်ကို အကောင်အထည်ဖော်နိုင်ဖို့လွန်ခဲ့သည့် နှစ်များစွာကတည်းက ကြိုတင်လေ့လာပြင်ဆင်မှုလုပ်ငန်းများ   ဆောင်ရွက်ခဲ့သည်။

ယခုအခါ  ORTP စနစ်ကို  အစိုးရ - ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (Public Private Partnership – PPP Scheme) နှင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက်  ၂၀၂၄  ခုနှစ်   ဇူလိုင်လကသတ်မှတ်တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီပြည်တွင်း/ပြည်ပ ပုဂ္ဂလိက IT ကုမ္ပဏီ/ အဖွဲ့အစည်းများ ဖိတ်ခေါ်ခဲ့ပြီး  စိတ်ပါဝင်စားမှုဖော်ပြချက်  (Expression of Interest – EOI) တင်ပြစေခြင်း၊ အရည်အချင်း ပြည့်မီသည့် ကုမ္ပဏီ/အဖွဲ့အစည်းများကို ပဏာမရွေးချယ်ခဲ့ပြီး  တင်ဒါအဆိုပြုလွှာ (Request For Proposal – RFP) ကိုတင်ပြစေခဲ့သည်။တင်ဒါအောင်မြင်သူကို ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်းကရွေးချယ်ခဲ့ပြီး  စနစ်အား   ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်လုပ်ငန်းစာချုပ် ချုပ်ဆိုနိုင်ရေး ညှိနှိုင်းပြင်ဆင် ဆောင်ရွက်ဆဲ ဖြစ်သည်။

အဆိုပါလုပ်ငန်းစာချုပ်ချုပ်ဆိုပြီးပါက ပုဂ္ဂလိကကုမ္ပဏီအနေဖြင့် ORTP စနစ်ကို ပထမအဆင့်အဖြစ်  ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်နှင့် ရန်ကုန်-ပြည်-ပုဂံ ရထားလမ်းပိုင်းသုံးခုတွင်ရှိသည့်ဘူတာများ၌ စနစ်အတွက်လိုအပ်သည့် Infras-tructure များတည်ဆောက်တပ်ဆင်ခြင်းနှင့် Software  ရေးဆွဲခြင်းတို့ကိုသတ်မှတ်တည်ဆောက်ရေးကာလခြောက်လအတွင်း ပြီးပြတ်အောင်ဆောင်ရွက်ရမည်ဖြစ်သည်။ယခုအခါ လုပ်ငန်းစာချုပ်ချုပ်ဆိုနိုင်ရေးညှိနှိုင်းပြင်ဆင်ဆောင်ရွက်နေဆဲကာလနှင့်တစ်ပြိုင်တည်းကြိုတင်ရေးဆွဲပြုစုထားသည့် ORTP စနစ်အား ရှေ့ပြေးစမ်းသပ်အစီအစဉ် (Pilot Project ) အဖြစ်ရန်ကုန် - နေပြည်တော် - မန္တလေး ရထားလမ်းပိုင်းအတွင်း ပြေးဆွဲပေးလျက်ရှိသည့် လူစီးအမြန်ရထားများ၏ ရထားလက်မှတ်များကို Online မှ ရောင်းချပေးနိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့သည်။ 

ORTP စနစ်ကို  ရှေ့ပြေးစမ်းသပ်မှုအစီအစဉ်(Pilot Project) အဖြစ် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ၂၀၂၆ ခုနှစ်ဖေ ဖော်ဝါရီလ ရက်တွင် ပြေးဆွဲပေးမည့်   အမှတ်(၁၁)အဆန်/(၁၂)အစုန် (ရန်ကုန် - မန္တလေး - ရန်ကုန်) လူစီးအမြန်ရထား၊ အမှတ်()အဆန်/()အစုန် (ရန်ကုန်-နေပြည်တော်-ရန်ကုန်) DEMU အမြန်ရထား၊ အမှတ်(၃၁)အဆန်/(၃၂)အစုန်(ရန်ကုန်-နေပြည်တော်-ရန်ကုန်) DEMU အမြန်ရထားနှင့် အမှတ်(၂၇)အဆန်/(၂၈)အစုန် (မန္တလေး-နေပြည်တော်-မန္တလေး) လူစီးအမြန်ရ ထားခရီးစဉ်များ၏ရထားလက်မှတ်များကို ၂၀၂၆ ခုနှစ်ဖေဖော်ဝါရီလ ရက်က စတင်ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

Online က လက်မှတ်များဝယ်ယူရာမှာခရီးစဉ်အစအဆုံး စီးနင်းလိုက်ပါလိုပါက ခရီးသွားမည့် နေ့ရက်မတိုင်မီခုနစ်ရက် အလိုကတည်းကကြိုတင်ဝယ်ယူနိုင်သည်။စီးနင်းလိုက်ပါလိုသည့်တွဲအတန်းအစား ထိုင်ခုံနေရာနှင့်   အရေအတွက်များကိုခရီးသည်ကိုယ်တိုင် စိတ်ကြိုက်ဆုံးဖြတ်ရွေးချယ်နိုင်သည့်စနစ်လည်းဖြစ်သည်။ ထိုင်ခုံနေရာလွတ်များ   ကျန်ရှိနေပါကလည်းရထားမထွက်ခွာမီနာရီဝက်အလိုအချိန်အထိ အဆိုပါ ORTP စနစ်ကိုသာအသုံးပြုရောင်းချပေးသွားရန်စီစဉ်ထားခြင်းဖြစ်သည်။  ခရီးသွားမည့်နေ့ရက်မတိုင်မီခုနစ်ရက်အတွင်း ကြိုတင်လက်မှတ်ဝယ်ယူထားသူက ရထားထွက်ခွာမည့်နေ့ရက်/ အချိန်နီးကပ်မှ ဝယ်ယူသူခရီးသည်များထက်  တွဲအတန်းအစားနှင့်ထိုင်ခုံနေရာတို့ကို ဆောလျင်စွာဆုံးဖြတ်ရွေးချယ်နိုင်မည့်အခွင့်အရေးပိုမိုရရှိမည်ဖြစ်သည်။

ရထားပို့ဆောင်ရေးလုပ်ငန်း၏သဘာဝမှာခရီးသည်နှင့် ကုန်စည်ပမာဏများစွာကို ခရီးဝေးဝေးသို့ တစ်ချိန်တည်းတစ်ပြိုင်တည်း အစုအပြုံအလိုက် ပို့ဆောင်ပေးနိုင်စွမ်းရှိသဖြင့်နိုင်ငံ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို     သိသာထင်ရှားစွာအထောက် အကူဖြစ်စေသည့် ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သည်။  သို့သော်လည်းကနဦးတည်ဆောက် ရင်းနှီးမြှုပ်နှံခြင်း၊ ရထားပြေးဆွဲခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများ၏အဆင့်တိုင်းအတွက်မူကြီးမားသောဘဏ္ဍာငွေအသုံးစရိတ်လိုအပ်သကဲ့သို့ကုန်ကျစရိတ်ကို  ကာမိစေရန်အတွက်လက်မှတ်ခနှင့်ကုန်တန်ဆာခများမှဝင်ငွေပြန်လည်ရရှိမှုကိုလည်းအမြဲတစေချိန်ထိုးနေရန်လိုအပ်သည်။ခရီးသည်လက်မှတ်ခအား သတ်မှတ်ရာတွင် ခရီးသည်တစ်ဦး၏ အကွာအဝေးတစ်မိုင်ပေါ် အခြေခံသတ်မှတ်ကျသင့်ခနှုန်းအားဘူတာနှစ်ခုအကြား ခရီးမိုင်အကွာအဝေးဖြင့်မြှောက်၍တွက်ချက် ကောက်ခံရခြင်းဖြစ်သည်။   သို့ဖြစ်ရာလမ်းပိုင်းအတွင်း ခရီးစဉ်အစမှအဆုံးထိ စီးနင်းလိုက်ပါကြသည့် ခရီးသည်အရေအတွက်များများရရှိမှသာရထားပြေးဆွဲခုတ်မောင်းရသည့် ကုန်ကျစရိတ်ကိုကာမိစေနိုင်သည်။ ထို့ပြင် ခရီးအကွာအဝေးတိုအတွင်း ခရီးသွားရောက်လိုသည့် ခရီးသည်များအနေဖြင့် လော်ကယ်/ စာပို့ရထားများ၊ မော်တော်ယာဉ်လိုင်းများဖြင့်လည်းရွေးချယ်လိုက်ပါနိုင်သည့်အခွင့်အလမ်းများစွာရှိသည်။သို့ဖြစ် ပါ၍ မြန်မာ့မီးရထားအနေဖြင့်  ရထားလမ်းပိုင်းအတွင်းခရီးစဉ်အစမှအဆုံးထိလိုက်ပါလိုသည့်ခရီးသည်များကို ကြိုတင်ဝယ် ယူနိုင်ခွင့် ဦးစားပေးအဖြစ်သတ်မှတ်ခဲ့ပြီးကြားဘူတာများက စီးနင်းလိုက်ပါလိုသည့်   ခရီးသည်များအတွက်ကိုမူသုံးရက်ကြိုတင် ဝယ်ယူနိုင်ရန်သတ်မှတ်ခွင့်ပြုထားသည်။

ခရီးသွားပြည်သူများအနေဖြင့် Onlineက လက်မှတ်များဝယ်ယူရန် အခက်အခဲတစ်စုံတစ်ရာရှိပါက သက်ဆိုင်ရာဘူတာရုံ/ လက်မှတ်ရုံများသို့လာရောက်ပြီးအဆိုပါစနစ်အသုံးပြု၍ ဝယ်ယူရရှိနိုင်ရန်စီစဉ် ပေးထားသည်။     ရထားထွက်ခွာဆိုက်ရောက်ချိန်၊ရထားရပ်တန့်ဘူတာများ၊လက်မှတ်ခနှုန်းထားများမှာလည်းယခင်သတ်မှတ်ထားသည့်အတိုင်းဖြစ်သည်။

လတ်တလောဆောင်ရွက်နေသည့်ရှေ့ပြေးစမ်းသပ်အစီအစဉ် Pilot  Project အဆင့်တွင် မိမိအသုံးပြုသည့် Browser တစ်ခုခုမှတစ် ဆင့် ortp.railways.gov.mm   ကိုရိုက်နှိပ်ပြီး  ORTP Website Link   ကိုဝင်ရောက်နိုင်သည်။  ထို့ပြင်သတ်မှတ်ပေးထားသည့် QR Code ကို Scan  ပြုလုပ်၍လည်းအဆိုပါ ORTP Website Link ကို ဝင်ရောက်နိုင်သည်။

    မြန်မာ့မီးရထား၏ ORTP Team အနေဖြင့်   Mobile  Application တစ်ခုကိုတည်ဆောက်နေဆဲဖြစ်သည်။နောင်တွင် မိမိကိုင် ဆောင်သည့် လက်ကိုင်ဖုန်းထဲသို့ အဆိုပါ Application အား Download ပြုလုပ်ထည့်သွင်းထားပြီးပါကရထားလက်မှတ်ဝယ်ယူရန် အတွက်  ပိုမိုလွယ်ကူစွာအသုံးပြုနိုင်မှာလည်းဖြစ်သည်။

 

အထက်ပါ ORTP Website  Link သို့ ဝင်ရောက်ပြီးသည်နှင့်  ORTP   စနစ်၏ Online လက်မှတ်ဝယ်ယူနိုင်မည့် ပင်မစာမျက်နှာကို မြင်တွေ့ရပါမည်။ထိုစာမျက်နှာတွင် မိမိသွားလိုသည့်ခရီးစဉ်ကို စတင်ရွေးချယ်နိုင်မည်ဖြစ်ပြီး ORTP စနစ်နှင့်သက်ဆိုင်သည့် အသိပေးကြေညာချက်များ၊ Online ကလက်မှတ်ဝယ်ယူသည့်အခါလိုက်နာရမည့်စည်းကမ်းချက်များကို  မြင်တွေ့ရမည်ဖြစ်သည်။

ထို့နောက်အသွားတစ်ကြောင်းလား၊ အသွားအပြန်ခရီးလား ရွေးချယ်ရပါမည်။ စတင်လိုက်ပါမည့် ဘူတာ၊ ဆိုက်ရောက်လို သည့်ဘူတာ၊ စီးနင်းလိုက်ပါလိုသည့်နေ့/ရက်၊ ထိုင်ခုံလက်မှတ်ဝယ်ယူမည့်ဦးရေ၊ကလေး/လူကြီးခွဲခြားပေးခြင်းစသည်များကို  ရွေးချယ်ထည့်သွင်းပေးရမည်ဖြစ်သည်။ဖော်ပြထားသည့် ရထားခရီးစဉ်များအနက်က မိမိသွားရောက်လိုသည့် ရထားထွက်ခွာချိန် အလိုက် စီးနင်းလိုက်ပါလိုသည့် ရထားခရီးစဉ်အား  ရွေးချယ်ရပါမည်။ဆက်လက်၍ ရထားတွဲအတန်းအစားများနှင့်  လက်မှတ်နှုန်းထားခများအားမြင်တွေ့ရမည်ဖြစ်ပြီး   မိမိနှစ်သက်ရာတွဲအတန်းအစားနှင့်  ထိုင်ခုံနေရာတို့ကိုရွေးချယ်နိုင်သည်။ 

ဆက်လက်ပြီးခရီးသည်အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်   သို့မဟုတ် Passport   အမှတ်တို့အားဖြည့်သွင်းဖော်ပြခြင်း၊ကျား/  ရွေးချယ်ဖော်ပြခြင်း၊ဖုန်းနံပါတ်နှင့်အီးမေးလ်တို့အားဖြည့်သွင်း ပေးရမည်ဖြစ်သည်။ ခရီးသည်များ သတိပြုရမည့် အချက်မှာ   ခရီးသွားမည့်သူ၏အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်တို့ကိုတိတိကျကျဖြည့်သွင်းရန် လိုအပ်သည်။   ရထား ပေါ် ရောက်သည့်အခါ သက်ဆိုင်ရာရထားလက်မှတ်စစ်ဝန်ထမ်းကခရီးသည်၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးသည့်အခါကွဲလွဲနေကြောင်းစိစစ်တွေ့ရှိရပါကဒဏ်ကြေးအဖြစ် လက်မှတ်ခ၏ နှစ်ဆပေးဆောင် ရမည်ဖြစ်သည်။    အချက်အလက်များဖြည့်သွင်းရန်အချိန်၁၅ မိနစ် သတ်မှတ်ပေးထားပြီး ၁၅ မိနစ်ထက် ကျော်လွန်ပါကစနစ်မှအလို အလျောက်ပယ်ဖျက်သွားမည်ဖြစ်ပါ၍အဆိုပါအချက်အလက်များအားပင်မစာမျက်နှာမှစ၍   အသစ်ပြန်လည် ထည့်သွင်းရမည်ဖြစ်သည်။

ဆက်လက်၍   ကြိုတင်လက်မှတ်ဝယ်ယူနိုင်ရန်အတွက် Online မှ ငွေပေးချေခြင်းဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည်။ကျသင့်လက်မှတ်ခကို  MPU Card ဖြင့်ပေးချေလိုပါက ကတ်၏အချက်အလက်များဖြည့်သွင်းပေးရပါမည်။ MMQR နှင့် ချိတ်ဆက်ထားသည့် မည်သည့် Wallet ဖြင့်မဆို ငွေပေးချေနိုင်ပြီး ထွက်ပေါ်လာသည့် QR ကို Scan ဖတ်၍ လွယ်ကူစွာ ငွေပေးချေနိုင်မည်ဖြစ်သည်။ ခရီးသည်များသတိပြုရမည့်အချက်မှာထွက်ပေါ်လာသည့် QR နှင့်အတူဖော်ပြထားသည့်  အချိန်သတ်မှတ်ချက်  ငါးမိနစ်အတွင်းငွေပေးချေရန်လိုအပ်သည်။ငွေပေးချေမှုအောင်မြင်ပါက  e-Ticket ထွက်ပေါ် လာပါမည်။

 

အဆိုပါ e-Ticket ကို Download ရယူခြင်း၊ မိမိလက်ကိုင်ဖုန်းအတွင်း  Scan Shot ပြုလုပ်ထားခြင်းသို့မဟုတ် မိမိအစီအစဉ်ဖြင့်ဆောင်ရွက်နိုင်ပါက Printout ပြုလုပ်ခြင်းများဆောင်ရွက်ထားနိုင်သည်။မိမိစီးနင်းမည့်    ရထားအချိန်မတိုင်မီ တစ်နာရီခန့်ကြိုတင်၍ ဘူတာရုံကောင်တာများ၌  စက္ကူလက်မှတ်နှင့်လဲလှယ်၍ရထားစီးနင်းလိုက်ပါနိုင်မည်ဖြစ်သည်။

အဆိုပါ ORTP စနစ်ကို ခရီးသွားပြည်သူများအကျွမ်းတဝင်ရှိစေရေးအတွက်စနစ်အသုံးပြုပုံအဆင့်ဆင့်ကိုလူမှုကွန်ရက်များ ပေါ်မှလည်းအသိပေးမျှဝေလျက်ရှိသည်။ခရီးသွားပြည်သူများအနေဖြင့်စနစ်အသုံးပြုရာတွင် အဆင်မပြေမှုရှိပါကလည်း စုံစမ်းမေးမြန်းနိုင်ရန်အတွက်မြန်မာ့မီးရထား Call Center  Hotline ဖုန်းနံပါတ်- 1188  သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

နောင်တွင်     ဘူတာကြီးတချို့၌လက်မှတ်ရောင်းစက် Kiosk များကိုလည်း ချထားပေးမည်ဖြစ်ပါ၍ အဆိုပါစက်များ၌ ခရီးသွားပြည် သူ များကိုယ်တိုင်လိုအပ်သည့်အချက်အလက်များဖြည့်သွင်းဝယ်ယူနိုင်မည်လည်းဖြစ်သည်။ယခုဆောင်ရွက်သည့်   အဆင့်မှာကြိုတင်ပြင်ဆင်ထားသည့် ORTP စနစ်အား ရှေ့ပြေးစမ်းသပ်ခြင်းပြုလုပ်သည့်အဆင့်သာဖြစ်သည်။စနစ်အားစမ်းသပ်ပြီးနောက်  ထွက်ပေါ်လာသည့်အကျိုး/အပြစ်များအပေါ်  ပြန်လည်ဆန်းစစ်ပြီးခရီးသွားပြည်သူများအနေဖြင့်  ရထားလက်မှတ်များကို   အဆိုပါစနစ်အားအသုံးပြု၍     ပိုမိုလွယ်ကူအဆင်ပြေစေရေးအတွက်  စနစ်အားမွမ်းမံပြင်ဆင်မှုများ  ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်သည်။    ပြန်လည်မွမ်းမံပြင်ဆင်မှုများပြည့်စုံပြီဆိုပါက   အခြားရထားလမ်းပိုင်းများဖြစ်ကြသည့်  ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း၊ရန်ကုန်-ပြည်ရထားလမ်းပိုင်းများတွင်  ပြေးဆွဲပေးလျက်ရှိသည့်   လူစီးအမြန်ရထားများ၌  အဆိုပါ ORTP စနစ်ကိုအသုံးပြုပြီး  Online က  လက်မှတ်ရောင်းချပေးနိုင်ရန်  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

ရထားလက်မှတ်များကို Online ပေါ်မှ လွယ်ကူအဆင်ပြေစွာ  ဝယ်ယူနိုင်မည်ဆိုပါကပွင့်လင်းမြင်သာမှုရှိပြီးခရီးသွားမည့်သူ ကိုယ်တိုင်  ကြိုက်နှစ်သက်ရာတွဲအတန်းအစား၊ထိုင်ခုံအမျိုးအစားကိုစိတ်ကြိုက်ရွေးချယ်နိုင်ခြင်း၊ Online Pay-ment ဖြင့်လက်မှတ်ခကျသင့်ငွေကိုလည်းလွယ်ကူစွာပေးချေနိုင်ခြင်း၊   လက်မှတ်ဝယ်ယူရန်     ဘူတာ/လက်မှတ်ရုံသို့ လာရောက်ရသည့် ခရီးစရိတ်၊ အချိန်ကုန်သက်သာမှုဖြစ်စေခြင်း   စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။   ရေးဆွဲထားသည့်စနစ်ကိုလည်းအသုံးပြုသူများ အနေဖြင့် ရိုးရှင်းလွယ်ကူစွာအသုံးပြုနိုင်စေရန်နှင့်လုံခြုံမှုရှိသောစနစ်တစ်ခုဖြစ်စေရန်ပြင်ဆင်ဆောင်ရွက် လျက်ရှိသည်။ရထားသွားလာရေးလုပ်ငန်းနှင့်ပတ်သက်သည့်   သတင်းအချက်အလက်များကိုလည်းစနစ်အတွင်း အခါအား လျော်စွာဖော်ပြပေးနိုင်မည်ဖြစ်သည့်အတွက်ခရီးသွားပြည်သူများအတွက်  များစွာအထောက်အကူဖြစ်စေပါမည်။

မြန်မာ့မီးရထားအနေဖြင့်   ရထားလမ်းပိုင်းများအဆင့်မြှင့်တင်ရေးစီမံကိန်းများဆောင်ရွက်မှုကြောင့်ခေတ်မီတိုးတက်ပြောင်း လဲလာသည့်ရထားပို့ဆောင်ရေးလုပ်ငန်းနှင့်လိုက်လျောညီထွေဖြစ်စေပြီးရထားလက်မှတ်များကို လွယ်ကူအဆင်ပြေစွာဝယ်ယူနိုင် စေခြင်းကြောင့်ရထားဖြင့်ခရီးသွားလာမှုပိုမိုများပြားလာစေရန်မျှော်မှန်းဆောင်ရွက်လျက်ရှိပါကြောင်းတင်ပြအပ်ပါသည်။     

MWD