ကြိုတင်ဖြေရှင်းရမည့် အရေးကြီးသယံဇာတ ပဋိပက္ခ သို့မဟုတ် ရေစစ်ပွဲ
Posted_Date
Image
Body
ကမ္ဘာပေါ်ရှိ လူသားအပါအဝင် သတ္တဝါများအားလုံး အသက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် အဓိကကျသည့် ရှားပါးသယံဇာတများထဲတွင် ရေအရင်းအမြစ် ပါဝင်သည်။ ကမ္ဘာ့လူဦးရေ တိုးတက်များပြားလာမှု၊ ကုန်ထုတ်လုပ်မှုအမျိုးမျိုး ထွန်းကားလာသည်နှင့်အတူ ရေအရင်းအမြစ်သည်လည်း တဖြည်းဖြည်း ပို၍၊ ပို၍ရှားပါးလာသည်ဟု သုတေသီများက ဆိုသည်။ ထိုသို့ သယံဇာတပမာဏနှင့် လူတို့လိုအပ်သည့်ပမာဏမျှတမှု လျော့ကျလာသောအခါ အငြင်းပွားမှုများ၊ ပဋိပက္ခများ၊ ထိုမှတစ်ဆင့် စစ်ပွဲများဖြစ်လာသည်အထိ ဆိုးကျိုးများ ကြီးမားလာတော့သည်။
“ရေစစ်ပွဲ” (Water War) ဟူသည့် ဝေါဟာရကို ရေအရင်းအမြစ်များ ရှာဖွေဖော်ထုတ်အသုံးပြုခြင်း နှင့်ပတ်သက်၍ လည်းကောင်း၊ ရေအရင်းအမြစ် ရပိုင်ခွင့်၊ အသုံးပြုခွင့်၊ ထိန်းချုပ်ခွင့်နှင့်ပတ်သက်၍လည်းကောင်း ပဋိပက္ခဖြစ်ပွားမှု၊ ထိုမှတစ်ဆင့် ဖြစ်ပွားသော တင်းမာမှုများ၊ လက်နက်ကိုင်တိုက်ခိုက်မှုများကို လည်းကောင်း ရည်ညွှန်း၍ အသုံးပြုလေ့ရှိသည်။
အငြင်းပွားမှုမှသည်
ရေစစ်ပွဲများသည် ရေရရှိရေးအတွက်လည်းကောင်း၊ ရေအရင်းအမြစ်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍လည်းကောင်း လက်တွေ့သက်သေပြနေသော ပဋိပက္ခများဖြစ်သည်။ အဆိုပါပဋိပက္ခများသည် ရေချို၊ ရေငန် နှစ်မျိုးစလုံးနှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်ပြီး မြစ်ချောင်းများတည်ရှိရာနေရာများ၊ ရေရရှိမှုခက်ခဲနေသော နိုင်ငံများ၊ ဒေသများတွင် တွေ့မြင်နေရသည်။
အဓိကအားဖြင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွား ခြင်း၊ မဟာဗျူဟာမြောက် အသာစီးရလိုခြင်း သို့မဟုတ် ရေချိုအရင်းအမြစ်များအတွက် ခွဲဝေသုံးစွဲမှုမမျှတခြင်းတို့အပေါ် တုံ့ပြန်မှုများ ပြုလုပ် ကြရာမှ ဖြစ်ပေါ်လာတတ်သည်။ ရေအရင်းအမြစ်ကိစ္စများ ဖြေရှင်းရာ၌ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဆုံးဖြတ်ရာတွင် ခက်ခဲမှုများစွာရှိသဖြင့် တစ်ခါတစ်ရံ အငြင်းအခုန်များမှတစ်ဆင့် လက်နက်ကိုင် တိုက်ခိုက်ရသည့် အခြေအနေအထိ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သွားနိုင်ပေသည်။
ထို့ကြောင့် တဖြည်းဖြည်းနှင့် ပိုမိုကန့်သတ်မှုဖြစ်လာနေသော၊ အကန့်အသတ်ဖြင့်ရှိနေသော ရေအရင်းအမြစ်အခြေအနေကြောင့် နိုင်ငံများအကြား သို့မဟုတ် လူမျိုးအုပ်စုများအကြား၌ ပုံမှန်မျှဝေသုံးစွဲနေသည့်အခြေအနေမှ ရေလိုအပ်ချက် ပိုမိုမြင့်မားလာသည့်အချိန်တွင် မျှတစွာ စီမံခန့်ခွဲသုံးစွဲနိုင်မှုမရှိခဲ့ပါက အငြင်းပွားမှုများ၊ ထိုမှတစ်ဆင့် ရန်လိုမှုများ ဖြစ်ပေါ်လာနိုင်ပြီး စစ်ပွဲများပင် ဖြစ်လာနိုင်သောကြောင့် တစ်နိုင်ငံချင်း အစိုးရများကလည်းကောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများက လည်းကောင်း သတိပြုလေ့လာ၍ ပဋိပက္ခများ မဖြစ်လာစေရေး ကြိုတင်ကာကွယ်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ပါသည်။
ရေအရင်းအမြစ် စီမံခန့်ခွဲတတ်မှု
ကမ္ဘာပေါ်တွင် ရေသည် လူတို့အသက်ရှင်နေ ထိုင်မှုအတွက် အကန့်အသတ်ရှိသော အဓိကအရင်းအမြစ်ဖြစ်သဖြင့် ကမ္ဘာ့လူဦးရေတိုးပွားလာသည်နှင့်အတူ ရေအသုံးပြုမှုပမာဏ သိသိသာသာတိုးတက်လာနေသည်ကိုလည်း တွေ့ရသည်။ ထို့အပြင် ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝပတ်ဝန်းကျင်ယိုယွင်းလာမှုတို့ကြောင့် ဒေသအခြေအနေအပေါ်မူတည်၍ လည်းကောင်း၊ ရာသီဥတုအခြေအနေများအရလည်းကောင်း ရေအရင်းအမြစ် ရရှိနိုင်မှုနှင့် ရေအရည်အသွေးကျဆင်းမှုတို့ပါ ဖြစ်ပေါ်လျက်ရှိနေသည်။ ထိုအခြေအနေများကြောင့် အနာဂတ်ကာလများတွင် ရေနှင့်ပတ်သက်သည့် အငြင်းပွားမှုများ၊ ပဋိပက္ခများ ပိုမိုဖြစ်ပေါ်လာနိုင်သည်။
ရေနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသော ပဋိပက္ခများအတွက် အခြေခံအကြောင်းတရားကို ရှာဖွေရာတွင် ရေအရင်းအမြစ်ရှားပါးလာမှုထက် ရရှိနေသည့် ရေအရင်းအမြစ်ကို ကောင်းမွန်သော စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုတို့တွင် လိုအပ်ချက်များကို လက်ညှိုးထိုးအပြစ်တင်ရမည်ဟု သုတေသီတို့က ထောက်ပြ ကြသည်။
ရေပဋိပက္ခတည်ရှိရာနေရာများ
ရေစစ်ပွဲ သို့မဟုတ် ရေပဋိပက္ခများသည် ဆင်းရဲ၊ ချမ်းသာနိုင်ငံမရွေး ကမ္ဘာ့နေရာအနှံ့တွင် ဖြစ်ပွားနိုင်သည်။ အမေရိကန်ပြည်ထောင်စုအနောက်ဘက်ရှိ ကော်လိုရာဒိုမြစ်ပေါ်တွင် ဖြစ်ပွားနေသော ရေပဋိပက္ခသည် ထင်ရှားသော ဥပမာတစ်ခုဖြစ်သည်။ ဂျာမနီနိုင်ငံ ဘာလင်၌ အခြေစိုက် သော ရာသီဥတု၊ ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လွတ်လပ်သောအကြံပေးအဖွဲ့ အာဒါလ်ဖီ (ADELPHI) သည် ကမ္ဘာပေါ်၌ ဖြစ်ပွားနေသော ရေအရင်းအမြစ်နှင့် သက်ဆိုင်သည့် ပဋိပက္ခများကို လေ့လာလျက်ရှိသည်။ ထိုအဖွဲ့၏စာရင်းသည် ပြီးပြည့်စုံခြင်းမရှိသေးသော်လည်း ရေအရင်းအမြစ်နှင့်ပတ်သက်သည့် ပဋိပက္ခများ၊ ဖြစ်လာနိုင်ခြေရှိ သောရေစစ်ပွဲများ၊ အားထုတ်လုပ်ကိုင်မှုများကို သတိထားမိနိုင်သည်။
(၁) အာဖရိက အရှေ့မြောက်ပိုင်းတွင် စီးဆင်းနေသော အဓိကမြစ်မကြီးဖြစ်သည့် နိုင်းမြစ်ဝှမ်း (Nile Basin) ရေအရင်းအမြစ် နှင့်ပတ်သက်၍ အီဂျစ်၊ အီသီယိုးပီးယားနှင့် ဆူဒန်နိုင်ငံတို့အကြား အငြင်းပွားမှု၊
(၂) ယီမင်နိုင်ငံရှိ ရေရှားပါးပြတ်လတ်မှု၊ မြေအောက်ရေ လွန်ကဲစွာသုံးစွဲမှုအပေါ် ပြည်သူလူထုမကျေနပ်မှု၊
(၃) ယူဖရေးတီးမြစ် (Euphrates)၊ တိုက်ဂရစ်မြစ် (Tigris)များမှ ရေအရင်းအမြစ်နှင့် ပတ်သက်၍ တူကီယဲ၊ ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့အကြား တင်းမာမှု၊
(၄) အာဖဂန်နစ္စတန်နိုင်ငံနှင့် အီရန်နိုင်ငံအကြား ဟဲလ်မန်ဒ်မန်မြစ် (Helmand River) ရေအရင်းအမြစ်နှင့် ပတ်သက်၍ နယ်နိမိတ်ဖြတ်ကျော်အငြင်းပွားမှု၊
(၅) မဲခေါင်မြစ်ဝှမ်းရှိ ရေကာတာစီမံကိန်းများကြောင့် ရေစီးနှုန်းအပြောင်းအလဲ၊ ငါးလုပ်ငန်းထိခိုက်မှုများနှင့် ပတ်သက်၍ အငြင်းပွားမှုများ၊
(၆) အိန္ဒိယနိုင်ငံ ကာဘယ်ရီမြစ်ဝှမ်း (Cauvery basin) ရှိ ရေအရင်းအမြစ်နှင့်ပတ်သက်၍ ကာနာတာကာပြည်နယ် (Karnataka) နှင့် တမီလ်နာဒူးပြည်နယ် (Tamil Nadu) တို့အကြား အငြင်းပွားမှု၊
(၇) ဆိုမာလီယာနိုင်ငံရှိ မိုးခေါင်မှု၊ ရေရှားမှု၊ တိရစ္ဆာန်စျေးနှုန်းများ မြင့်တက်လာမှုနှင့် ဆက်စပ်ဖြစ်လာသည့် လက်နက်ကိုင် ပဋိပက္ခများ၊
(၈) တူကီယဲနိုင်ငံနှင့် အာမေးနီးယားနိုင်ငံတို့အကြား နိုင်ငံရေးတင်းမာမှုများ ရှိနေသော်လည်း အားထုတ်ပြုလုပ်နေသော ရေအရင်းအမြစ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ၊
(၉) အီဂျစ်နိုင်ငံတွင် ကြီးထွားလာနေသည့် နိုင်းမြစ်ရေရှားပါးမှု၏ အကျိုးဆက် စိုက်ပျိုးရေးကဏ္ဍထိခိုက်၍ စားနပ်ရိက္ခာ လုံခြုံမှုထိခိုက်ကာ နိုင်ငံ့လုံခြုံရေးပြဿနာအဖြစ် ကြီးထွားလာမှု၊
(၁၀) ဘိုလစ်ဗီးယားနိုင်ငံ၊ ကာချာဘမ်ဘာ (Cochabamba) တွင် ရေအရင်းအမြစ်ကို ပုဂ္ဂလိကပိုင်ပြုလုပ်သဖြင့် ပြည်သူလူထုဆန္ဒပြပွဲများဖြစ်ကာ ပဋိပက္ခကြီးထွား လာမှု။
ကြိုတင်ပြင်ဆင်ချိန်
ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုများကြောင့် ပိုမိုဆိုးရွားလာနေသော ရေအရင်းအမြစ်ရှားပါးမှုသည် နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ထိခိုက်လာခြင်း၊ ဒေသများအကြား ရွှေ့ပြောင်း သွားလာမှုအခြေအနေ ပိုမိုဆိုးရွားလာခြင်းနှင့် ပဋိပက္ခများ ပိုမိုဖြစ်လာစေနိုင်သည်ဟု ကမ္ဘာ့ဘဏ် ၏ အစီရင်ခံစာတစ်ခု၌ ဖော်ပြထားသည်။ ယနေ့အချိန်တွင် ရေသည် စိုက်ပျိုးရေးအတွက် အသက်သွေးကြော၊ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိကသော့ချက်၊ ရှားပါးသော အရေးပါသည့် သဘာဝအရင်းအမြစ်တစ်ခုအဖြစ် ယခင်ကထက် ပိုမိုလက်ခံသဘောထားလာနေကြပြီဖြစ်သည်။ ထို့ကြောင့် “ရေ” ကြောင့် ဖြစ်လာနိုင်သည့် အငြင်းပွားမှု၊ ပဋိပက္ခများ၏ အငြင်းပွားမှုမီးစများ မကြီးထွားလာစေရေး ထိန်းသိမ်းပြင်ဆင်ရပေတော့မည်။
ရေပဋိပက္ခ သို့မဟုတ် ရေစစ်ပွဲကို ဦးတည်နေသော နိုင်ငံများအနေဖြင့် ရေအရင်းအမြစ်ကို ထိခိုက် စေသည့် အခြေအနေများကို လေ့လာမှုများ ပိုမိုပြုလုပ်၍ ကြိုတင်ပြင်ဆင်ကာကွယ် လုပ်ဆောင်ခြင်း၊ ရရှိနေသည့် ရေအရင်းအမြစ်များကို မျှတစွာ စီမံအုပ်ချုပ်၍ ပိုမိုထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ရေး စီစဉ်ပေးခြင်းတို့ကို အရေးတယူလုပ်ဆောင်ရန် လိုအပ်ပါသည်။ သို့မှသာ ရေအရင်းအမြစ်ရှားပါးခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် ရေစစ်ပွဲများ၊ ရေပဋိပက္ခများဖြစ်ပွားခြင်းများကို ထိန်းသိမ်းနိုင်ကြလိမ့်မည်ဟု မျှော်လင့်ရပေသည်။ ။
ကိုးကား။
http://encyclopedia.uia.org
ရေစစ်ပွဲ၏ အဓိကအချက်များ:
အရင်းအမြစ်ပဋိပက္ခ: လူဦးရေတိုးပွားလာခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ရေချိုရှားပါးလာရာတွင် အရင်းအမြစ်ကိုပိုင်ဆိုင်ရန် ပြိုင်ဆိုင်မှု။
မြစ်ဖျားခံရာဒေသထိန်းချုပ်မှု: မြစ်ဖျားခံရာ (Upstream) နိုင်ငံများက ဆည်များ ဆောက်လုပ်ပြီး ရေစီးဆင်းမှုကို ထိန်းချုပ်ခြင်းဖြင့် အောက်ပိုင်း (Downstream) နိုင်ငံများ၏ရေရရှိမှုကို ခြိမ်းခြောက်ခြင်း (ဥပမာ - မဲခေါင်မြစ်၊ နိုင်းမြစ်)။
စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်း: ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေးအတွက် လိုအပ်သော ရေအရင်းအမြစ်ကို လုယူခြင်း။
moi
Photo: Gemini
