ည ၇ နာရီ နောက်ပိုင်း ညစာစားသုံးခြင်း၏ ဆိုးကျိုးများ
Posted_Date
Image
Body
ည ၇ နာရီနောက်ပိုင်းတွင် ပုံမှန်စားသုံးခြင်းသည် ဇီဝကမ္မဖြစ်စဉ်ကို ဆိုးရွားစွာပြောင်းလဲစေပြီး အဆီစုဆောင်းခြင်းနှင့် အိပ်စက်မှုဆိုင်ရာ အနှောင့်အယှက်များကို ဖြစ်ပေါ်စေနိုင်သည်။ လူ့ခန္ဓာကိုယ်သည် ၂၄ နာရီပတ်လည် သဘာဝနာရီ (Circadian Rhythm) အပေါ်တွင် အခြေခံ၍ အလုပ်လုပ်သည်။ ညနေခင်း ၇ နာရီ သို့မဟုတ် ၈ နာရီနောက်ပိုင်းတွင် ခန္ဓာကိုယ်က အနားယူရန် ပြင်ဆင်နေသဖြင့် ဇီဝကမ္မဖြစ်စဉ် (Metabolism) မှာ နှေးကွေးသွားပါသည်။ ဆေးဘက်ဆိုင်ရာ အာဟာရပညာရှင်များ၏ ပြောကြားချက်အရ ညစာကို နောက်ကျမှစားခြင်း (အထူးသဖြင့် စွမ်းအင်မြင့်မားသည့် အစားအစာများစားခြင်း) သည် အစာခြေစနစ်နှင့် အင်ဒိုကရိုင်း (Endocrine) စနစ်များကို မသင့်တော်သည့်အချိန်တွင် အလုပ်လုပ်ရန် ဖိအားပေးသကဲ့သို့ ဖြစ်စေပါသည်။
ကိုယ်အလေးချိန်တက်ရန်နှင့် ဝမ်းဗိုက်အဆီစုရန် လွယ်ကူခြင်း
အစားအစာ ပမာဏချင်းတူညီနေစေကာမူ ညစာနောက်ကျမှစားသူများသည် စောစောစားသူများထက် ကိုယ်အလေးချိန် ပိုတက်လွယ်သည်။ အကြောင်းမှာ ညစာစားပြီးနောက်ပိုင်းတွင် လှုပ်ရှားမှုအဆင့်မှာ နည်းပါးလေ့ရှိပြီး ပိုလျှံနေသောစွမ်းအင်များသည် အဆီ (အထူးသဖြင့် ဝမ်းဗိုက်အဆီ) အဖြစ်သို့ အလွယ်တကူ ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။
ညစာနောက်ကျမှစားခြင်းသည် ဗိုက်ဆာခြင်းနှင့် ဗိုက်ပြည့်ခြင်းကို ထိန်းချုပ်ပေးသော Leptin နှင့် Ghrelin ကဲ့သို့သော ဟော်မုန်းများ ပြောင်းလဲခြင်းနှင့်လည်း ဆက်စပ်နေသဖြင့် နောက်တစ်နေ့တွင် ပို၍ဗိုက်ဆာသလို ခံစားရစေနိုင်သည်။ ၎င်းသည် ညဘက်နောက်ကျမှစားခြင်း၊ ကိုယ်အလေးချိန်တက်ခြင်းနှင့် ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ချို့ယွင်းမှုများဖြစ်စေသည့် သံသရာဆိုးတစ်ခုကို ဖြစ်ပေါ်စေပါသည်။
သွေးတွင်းသကြားဓာတ်လွန်ကဲခြင်းနှင့် ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ချို့ယွင်းမှုများဖြစ်နိုင်ခြေ
ဆီးချိုရောဂါအကြိုအဆင့်ရှိသူများ သို့မဟုတ် ဆီးချိုရောဂါရှိနေသူများအတွက် ည ၇ နာရီနောက်ပိုင်း ညစာစားခြင်းသည် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရန် ခက်ခဲစေနိုင်သည်။ ညနေခင်းအချိန်တွင် ခန္ဓာကိုယ်၏ ဂလူးကို့စ် (Glucose) ကို အသုံးချနိုင်စွမ်း ကျဆင်းသွားပြီး အင်ဆူလင် (Insulin) ထွက်ရှိမှုသည်လည်း နေ့ဘက်ကဲ့သို့ ထိရောက်မှုမရှိတော့ပေ။
သန့်စင်ထားသော ကာဗိုဟိုက်ဒရိတ် (Refined Carbohydrates) များသော၊ ကျန်းမာရေးနှင့်မညီညွတ်သော အဆီများပါဝင်သော ညစာများ သို့မဟုတ် အိပ်ရာဝင်ခါနီးအချိန်တွင် အလွန်အကျွံစားသုံးခြင်းသည် သွေးတွင်းအဆီဓာတ် မြင့်တက်ခြင်းနှင့် အစာစားပြီးနောက် အဆီစုဆောင်းမှု ကြာရှည်ခြင်းတို့ကို လွယ်ကူစွာ ဖြစ်ပေါ်စေနိုင်သည်။ ၎င်းသည် ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ချို့ယွင်းမှုများ၊ အသည်းအဆီဖုံးရောဂါနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားနိုင်ခြေတို့ကို မြင့်တက်စေပါသည်။
အိပ်စက်ခြင်းကို ထိခိုက်စေခြင်း
ညစာကို နောက်ကျမှစားခြင်းသည် ခန္ဓာကိုယ်က အနားယူရန် လိုအပ်နေချိန်တွင် အစာအိမ်ကို အတင်းအကျပ် အလုပ်လုပ်ခိုင်းသကဲ့သို့ ဖြစ်စေပြီး လေပွခြင်း၊ အစာမကြေခြင်းနှင့် အစာအိမ် အက်ဆစ် ဆန်တက်ခြင်းတို့ကို လွယ်ကူစွာ ဖြစ်ပေါ်စေကာ အိပ်စက်မှုအရည်အသွေးကို ကျဆင်းစေပါသည်။ အိပ်စက်မှု မကောင်းခြင်းသည်လည်း ဇီဝကမ္မဖြစ်စဉ်ကို ပြန်လည်၍ ဆိုးကျိုးသက်ရောက်စေကာ ကော်တီဇော (Cortisol) ဟော်မုန်းပမာဏကို မြင့်တက်စေခြင်း၊ အင်ဆူလင် တုံ့ပြန်နိုင်စွမ်းကို လျော့ကျစေခြင်းတို့ ဖြစ်ပေါ်စေပြီး ကိုယ်အလေးချိန်တက်ခြင်းနှင့် ဆီးချိုရောဂါ ဖြစ်ပွားမှုကို အားပေးကူညီသကဲ့သို့ ဖြစ်စေပါသည်။
နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားနိုင်ခြေ မြင့်တက်ခြင်း
ညစာကို ပုံမှန်နောက်ကျမှ စားလေ့ရှိသူများသည် သွေးတိုးရောဂါ၊ သွေးတွင်းအဆီဓာတ် မူမမှန်ခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိပါသည်။ အစာစားချိန်သည် ညဘက်သွေးဖိအားအပေါ် သက်ရောက်မှုရှိပြီး ခန္ဓာကိုယ်အတွင်း နာတာရှည် ရောင်ရမ်းမှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။
ည ၇ နာရီမတိုင်မီ ညစာစားရန်မှာ လူတိုင်းအတွက် အကြွင်းမဲ့ လိုက်နာရမည့် စည်းကမ်းဟု ဆိုလိုခြင်း မဟုတ်ပေ။ နောက်ကျမှ စားရမည့်သူများအနေဖြင့် အစာကြေလွယ်သော အပေါ့စား အစားအစာများကို ရွေးချယ်သင့်ပြီး သန့်စင်ထားသော ကာဗိုဟိုက်ဒရိတ်များ၊ ဆီကြော်စာများနှင့် အဆီများသော အစားအစာများကို ကန့်သတ်သင့်ပါသည်။ ဟင်းသီးဟင်းရွက်စိမ်းများနှင့် အဆီနည်းသော ပရိုတင်း (ငါး၊ ကြက်ဥ၊ တိုဖူး) တို့ကို ဦးစားပေးစားသုံးပါ၊ ဖြည်းဖြည်းချင်းစားပါ၊ အလွန်အကျွံစားခြင်းကို ရှောင်ကြဉ်ပါ၊ အစာစားပြီးပြီးချင်း လှဲအိပ်ခြင်းကိုလည်း ရှောင်ကြဉ်ပါ။ ကိုယ်အလေးချိန်များသူများ၊ အဝလွန်သူများ၊ ဆီးချိုရောဂါအကြိုအဆင့်ရှိသူများ၊ သွေးတိုးရှိသူများ၊ သွေးတွင်းအဆီဓာတ် မူမမှန်သူများ သို့မဟုတ် မကြာခဏ အိပ်မပျော်တတ်သူများသည် ညစာနောက်ကျမှစားသည့်အလေ့အထကို ကန့်သတ်သင့်ပါသည်။
ကျွမ်းကျင်ပညာရှင်များက ခန္ဓာကိုယ်မှအစာကို ပိုမိုကောင်းမွန်စွာ ချေဖျက်နိုင်ရန်နှင့် သွေးတွင်းသကြားဓာတ်နှင့် ကိုယ်အလေးချိန်ကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် လူတိုင်းကို ညစာကို စောစော (အိပ်ရာမဝင်မီ အနည်းဆုံး ၂ နာရီမှ ၃ နာရီခန့် ကြိုတင်၍) စားရန် အကြံပြုထားပါသည်။ မိမိ၏ သဘာဝနာရီနှင့် ကိုက်ညီအောင် ညစာစားသည့် အလေ့အထကို ပြုပြင်ပြောင်းလဲခြင်းသည် ရိုးရှင်းသော အဆင့်တစ်ခုဖြစ်သော်လည်း ရေရှည်ကျန်းမာရေးအတွက် ကောင်းကျိုးများစွာကို ဆောင်ကြဉ်းပေးနိုင်ပါသည်။
(VN Express တွင် ဖော်ပြထားသည့် Thanh Ba ၏ “What happens when you eat dinner after 7 PM?” ကျန်းမာရေး အသိပညာပေးဆောင်းပါးကို ဦးဝင်းဇော်ထွန်း ၊ ဒုတိယညွှန်ကြားရေးမှူး ၊ ဝန်ကြီးဌာန -၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)
