ဝန်ထမ်းကောင်းများ၏ နိုင်ငံတော်

Posted_Date

Image

ဝန်ထမ်းကောင်းများ၏ နိုင်ငံတော်

Body

“နိုင်ငံတော်” ဟူသည့် စက်ယန္တရားကြီး သွက်လက်ထက်မြက်စွာ လှုပ်ရှားလည်ပတ်စေရန် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေသူများမှာ နိုင်ငံ့ဝန်ထမ်းများဖြစ်ကြပါသည်။ နိုင်ငံတော်နှင့် ပြည်သူများစည်ပင်သာယာဖွံ့ဖြိုးရန်၊ နိုင်ငံတော်အဆင့်တာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်းရေးဆွဲထားသော စီမံကိန်း၊ လုပ်ငန်းစဉ်များကို အောင်မြင်ပြီးမြောက်စေရန် နိုင်ငံသားတိုင်း ပါဝင်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ပိုမိုကောင်းမွန်သော ရလဒ်ကောင်းများ ရရှိစေရန် နိုင်ငံ့ဝန်ထမ်းများတွင် ပိုမိုတာဝန်ရှိပါသည်။

၂၀၀၀ ပြည့်နှစ် နှစ်ဆန်းပိုင်းက ပေါ်ပေါက်ခဲ့သော “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်”ဟူသော ဆောင်ပုဒ်မှာ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က လက်ခံထားသည့်ဆောင်ပုဒ်ဖြစ်ပါသည်။ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးကတာဝန်အရ ထိတွေ့ဆောင်ရွက်နေရာမှ စဉ်းစားတွေးခေါ်၊ ပေါ်ပေါက်လာသော “ဆောင်ပုဒ်” ဖြစ်ပြီး ယခုတိုင်လက်ခံကျင့်သုံးလျက်ရှိသည်ကို တွေ့ရပါသည်။

နိုင်ငံ့ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးရာဌာန၊ ဝန်ထမ်းတက္ကသိုလ်နှင့် ဆက်စပ်နေသဖြင့် အချို့က ဖော်ပြပါ ဆောင်ပုဒ်နောက်တွင် “သင်တန်းကောင်းမှ ဝန်ထမ်းကောင်းမည်”ဟု ဆောင်ပုဒ် အသစ်ဆက်ကြပါသေးသည်။

နေပြည်တော် ရုံးအမှတ်(၁၇)အဝင် အလှ ပန်းပင်တန်းများတွင် “ဝန်ထမ်းကောင်းမှနိုင်ငံကောင်းမည်” ဆောင်ပုဒ်အား ပန်းအလှဖော်ထားသည်ကို တွေ့ရမည်ဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းများ စိတ်အစဉ်တွင် စွဲမြဲစွာ ခံယူထားရမည့် သဘောထားခံယူချက်ဖြစ်သည်ဟု ဖော်ညွှန်းလိုပါသည်။

ယခုနိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)ဟု အမည်ပြောင်းလဲခေါ်ဆိုသည့် ဝန်ထမ်း တက္ကသိုလ်ကြီးကို စတင်ဖွဲ့စည်းစဉ်က ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၊ လက်အောက်ခံ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)ဟု ခေါ်တွင်ခဲ့ပါသည်။ မန္တလေး-ပြင်ဦးလွင်သွား မီးရထားဘူတာ တည်ရှိရာ ဇီးပင်ကြီးရွာကြီးအနီးတွင် တည်ရှိ၍ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဇီးပင်ကြီး) ဟူ၍လည်း အလွယ်ခေါ်သူများလည်းရှိသည်။ မော်တော်ကားလမ်းမှာ မန္တလေးမြို့မှ ပြင်ဦးလွင်မြို့သို့ သွားရာလမ်း မိုင်တိုင်အမှတ် ၂၃ မိုင်နှင့် ၂၄ မိုင် ကြားခန့်တွင် ရှိပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့အား “ပြည်ထောင်စုရာထူးဝန်အဖွဲ့” ဟု ပြင်ဆင်သတ်မှတ်ပြဋ္ဌာန်းခဲ့ပါသည်။ ဝန်ထမ်းတက္ကသိုလ်များ၏ အမည်များကိုလည်း နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် အောက်မြန်မာပြည် လှည်းကူးအနီး(ဖောင်ကြီး)ရှိ တက္ကသိုလ်ကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ဟုလည်းကောင်း၊ ယခင်အထက်မြန်မာပြည် ဇီးပင်ကြီးရှိ တက္ကသိုလ်ကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)ဟု လည်းကောင်းပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။

ဝန်ထမ်းတက္ကသိုလ်များအကြောင်းကို ရှင်းလင်းရေးသားနေရခြင်းမှာ ကျွန်တော်ကိုယ်တိုင် ၁၂ နှစ်ကြာ တာဝန်ယူ၊ အမှုထမ်းခဲ့သည့်အဖွဲ့အစည်းဖြစ်၍ မှတ်သားမိသမျှ ရေးသားမှတ်တမ်းပြုလိုခြင်း ဖြစ်ပါသည်။

ကျွန်တော်သည် ၁၉၆၂ ခုနှစ်မှစ၍ တပ်မတော်(ရေ)တွင် စစ်ရေယာဉ်မှူး (ဗိုလ်မှူးအဆင့်)ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၈ ခုနှစ်မှစ၍ နိုင်ငံခြားရေးရာဝန်ကြီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ် လွှဲပြောင်းတာဝန် ထမ်းဆောင်ခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင် နေရာ ၁၉၈၁ ခုနှစ်မှစ၍ သုံးနိုင်ငံတွင် သံရုံးဒုတိယအကြီးအကဲ၊ နောက်သုံးနိုင်ငံတွင် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၈ ခုနှစ်က တောင်အာဖရိကသမ္မတနိုင်ငံတွင် ပထမဆုံး မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၉၈ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျွန်တော့်အား ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၊ အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးခံခဲ့ရပါသည်။ ကျွန်တော်နှင့်အတူ ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်ဆွေ၊ စစ်ဥပဒေချုပ်ရုံးမှ ဒုတိယဗိုလ်မှူးကြီး အောင်မြင့်နှင့် ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဦးကောင်းညွန့် စုစုပေါင်းအဖွဲ့ဝင်လေးဦး ပါရှိပါသည်။ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ကြီး (သံအမတ်ကြီး-ငြိမ်း) ဖြစ်ပါသည်။ ဝန်ထမ်းရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်များအားအဖွဲ့၏ တာဝန်ဝတ္တရားများကို ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ ဒုတိယဝန်ကြီးများအဖြစ် တစ်ပါတည်းသတ်မှတ်တာဝန် ပေးအပ်ခဲ့ပါသည်။

နိုင်ငံတိုင်းလိုလိုတွင် နိုင်ငံ့ဝန်ထမ်းများရွေးချယ်ရန်၊ လေ့ကျင့်ပေးရန်ဌာန၊ အဖွဲ့အစည်းများရှိကြပါသည်။ အခေါ်အဝေါ်၊ အမည်ကွဲလွဲကောင်း ကွဲလွဲပါမည်။ ရွေးချယ်ရေးက သီးခြားအဖွဲ့အစည်း၊ လေ့ကျင့်ရေးက တစ်ဌာန၊ ကွဲပြားတည်ရှိသည့်နိုင်ငံများရှိရာ မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့ ကနဦးက တည်ရှိခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

အဖွဲ့အစည်း၏ ဖြစ်စဉ်သမိုင်းနှင့်ပတ်သက်၍ အဆင့်ဆင့်ပြောင်းလာပုံကို ၂၀၀၈ ခုနှစ်က ဝန်ထမ်း ရွေးချယ်ရေးအဖွဲ့က ထုတ်ဝေသည့် မြန်မာနိုင်ငံ ဝန်ထမ်းများ ရွေးချယ်ပုံသမိုင်း (မြန်မာမင်းများ လက်ထက်မှ ၁၉၈၄ ခုနှစ်ထိ) စာအုပ်တွင် အသေးစိတ်ဖော်ပြထားသည်ကို တွေ့ရပါသည်။ကုန်းဘောင် ခေတ်နှောင်းပိုင်းတွင် တာဝန်ခံအဖွဲ့၊ လုပ်ငန်းဌာနစုများရှိခဲ့ပြီး လွှတ်တော်တွင် ဖွဲ့စည်းထားသော “ဆယ်ဌာန”ဟု ခေါ်တွင်သည့် လုပ်ငန်းစုများရှိရာ ရာထူးခန့်ခြင်း၊ နုတ်ပယ်ခြင်း၊ တိုးတက်ခြင်းကိစ္စရပ်များ ဆောင်ရွက်ရန်ဖြစ်ကြောင်းမှအစပြု၍ ကိုလိုနီလက်အောက်ခံ၊ အိန္ဒိယ၏ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိခဲ့သည့်အချိန်၊ လွတ်လပ်ရေးရခါနီး မြန်မာနိုင်ငံသားများ သီးသန့်ပါဝင်သည့်“ရာထူးဝန်အဖွဲ့” ပေါ်ပေါက်လာချိန်အထိ လည်းကောင်း၊ ထို့နောက် ဆိုရှယ်လစ်ဖွဲ့စည်းပုံနှင့် နိုင်ငံတော်ကောင်စီ ခေတ်အထိ အဆင့်ဆင့်ပြောင်းလဲလာပုံကိုလည်းကောင်း ဖြည့်စွက်ဖော်ပြထားပါသည်။ (ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၅ ခုနှစ် ဧပြီလထုတ် နိုင်ငံ့ဝန်ထမ်းဂျာနယ်တွင် အပြည့်အစုံပါရှိပါသည်။)

၁၉၃၅ ခုနှစ်တွင် အိန္ဒိယမှခွဲထွက်ခွင့်ရပြီး ၁၉၃၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ရာထူးဝန်အဖွဲ့ကို သတ်သတ်မှတ်မှတ် ဖွဲ့စည်းပေးခဲ့သည်အထိ နိုင်ငံခြားသားနှစ်ဦး၊ မြန်မာနိုင်ငံသား သုံးဦးပါဝင်ခဲ့ပါသည်။ ထို ၁၉၃၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ နှစ်ပတ်လည်နေ့အဖြစ် ယနေ့တိုင် သတ်မှတ်ကျင်းပလျက်ရှိပါသည်။ လွတ်လပ်ရေး မရမီလပိုင်းအလို ၁-၁၁-၁၉၄၇ ရက်နေ့တွင် ဥက္ကဋ္ဌ ဦးလွန်းဘော်နှင့် မြန်မာနိုင်ငံသား ၃ ဦး ပါဝင်သော ရာထူးဝန်အဖွဲ့ အသစ်တစ်ခုဖွဲ့စည်းခဲ့ပြီး လွတ်လပ်ရေးရပြီးချိန်အထိ တာဝန်ယူခဲ့ပါသည်။ ၁၉၄၇ ခုနှစ်မှစ၍ ရာထူးဝန်အဖွဲ့တွင် နိုင်ငံခြားသားများ မပါရှိတော့ပါ။

လွတ်လပ်ရေးမရမီကပင် တည်ရှိခဲ့သောရာထူးဝန်အဖွဲ့မှာ ယနေ့တည်ရှိနေသော “ပြည်ထောင်စုရာထူးဝန်အဖွဲ့”၏ မိခင်အဖွဲ့အစည်း ကြီးဖြစ်ပါသည်။ ထိုအချိန်မှ ယနေ့မူလအမည် ပြန်လည်ရရှိချိန်ကာလအတွင်း အမည်နာမပြောင်းလဲမှုများရှိခဲ့ပါသည်။ ထိုပြောင်းလဲမှုများမှာ ရွေးချယ်ရေးသက်သက်ကိုသာ ဆောင်ရွက်ရသည့် အချိန်၊ လေ့ကျင့်ရေးပါ ပူးတွဲဆောင်ရွက်ရသည့် အချိန်အထိ ကြီးကြပ်သည့်အဖွဲ့အစည်း၊ ဝန်ကြီးဌာန ပြောင်းလဲခဲ့ခြင်းဖြစ်ပါသည်။

အဖွဲ့၏ ဥပဒေကို (၃/၄) ကြိမ် ပြောင်းလဲခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် ပြည်သူ့လွှတ်တော်က ဝန်ထမ်း ရွေးချယ်လေ့ကျင့်ရေးအဖွဲ့ဥပဒေကို ပြဋ္ဌာန်းခဲ့ရာ ယင်းဥပဒေနှင့်အညီ ဗဟိုပြည်သူ့ဝန်ထမ်းကျောင်းက “ဗဟိုဝန်ထမ်းတက္ကသိုလ်”အဖြစ် အဆင့်မြှင့်ပေး၍ အဖွဲ့ကိုလည်း ၁၉၇၇ ခုနှစ် မေလ ၅ ရက်နေ့တွင် နိုင်ငံတော်ကောင်စီကွပ်ကဲမှုအောက်သို့ ရောက်ရှိခဲ့ပါသည်။ ဤဖြစ်စဉ် မူလအစမှာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီ ပေါ်ပေါက်ချိန်မှဖြစ်ပါသည်။ တော်လှန်ရေးကောင်စီအစိုးရက ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကဏ္ဍ ပြုပြင်ပြောင်းလဲမှုများနှင့်အတူ ဝန်ထမ်းရွေးချယ်ရန်အဖွဲ့နှင့် ၎င်း၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းတက္ကသိုလ်များ ပေါ်ပေါက်လေ့ကျင့်စေခြင်းဖြစ်ပါသည်။

နိုင်ငံတော်ထူထောင်ရေးအတွက် ဝန်ထမ်းကောင်းများဖြစ်ရေးမှာ အဓိကကျသဖြင့် ဝန်ထမ်းအရည်အသွေးမြင့်မားစေရန် ခေတ်နှင့်လျော်ညီသော ဝန်ထမ်းသင်တန်းကျောင်းကြီး ပေါ်ထွန်းရေးကို စတင်ကြိုးပမ်းခဲ့သည်မှာ ၁၉၆၄ ခုနှစ်က ဖြစ်ပါသည်။ သင်တန်းကျောင်းကြီးတစ်ခု ဖွင့်လှစ်ရန် ၁၉၆၄ ခုနှစ် ဇန်နဝါရီလတွင် ပြည်ထဲရေးဝန်ကြီးဌာန၌ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ခြောက်လကြာ သင်တန်းပေးရန် ဆွေးနွေးခဲ့သော်လည်း နောက်ပိုင်း ပြောင်းလဲလျှော့ချခဲ့ပါသည်။ သင်တန်းဆရာများအဖြစ် တာဝန်ပေးရန် ပြည်လမ်းရဲအတတ်သင်ကျောင်း၌ ဝန်ထမ်းများကို နှစ်လကြာသင်တန်းပေးခဲ့ပါသည်။ လှည်းကူးမြို့မှ ၁၇မိုင်အကွာ ဖောင်ကြီးကျေးရွာအနီးတွင် နေရာရွေးချယ်ပြီး သင်တန်းတပ်ခွဲ၊ အဆောင် စသည်တို့ ဆောက်လုပ်ခဲ့ရာ ၁၉၆၄ ခုနှစ်အတွင်းမှာပင်ပြီးစီးခဲ့ပါသည်။ ကျောင်းအုပ်ကြီးအဖြစ် ဒုတိယဗိုလ်မှူးကြီး ခင်အုန်းကို ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် တာဝန်ပေးခဲ့ပါသည်။ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)ကို ၁၉၅၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ရာ ပြည်သူ့ရေးရာအရာရှိငယ်လောင်း ကျောင်းသား ၈၇ ဦးနှင့် ပြည်သူ့ရဲအရာရှိငယ်လောင်း ကျောင်းသား ၁၈၅ ဦး တက်ရောက်ခဲ့ကြပါသည်။

ကျောင်းဆောင်ဖွင့်လှစ်စဉ်က စစ်ကြောင်းကြီးငါးကြောင်းကို အခြေခံလျက် စစ်ပညာ၊ နိုင်ငံရေး၊ စီးပွားရေး၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးနှင့် လူမှုရေးဘာသာရပ်များ သင်ကြားပေးရန်စီစဉ်ခဲ့ပါသည်။ အဆင့်ဆင့်သုံးသပ်ချက်အရ ယခုသင်ကြားနေသည့် ဘာသာရပ်ခွဲဝေမှု အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

- စီမံခန့်ခွဲရေးပညာရပ်

- စစ်ပညာဘာသာရပ်

- နိုင်ငံရေးသိပ္ပံပညာဘာသာရပ်

- စီးပွားရေးပညာဘာသာရပ်

- လူမှုရေးပညာဘာသာရပ်

- ဥပဒေပညာဘာသာရပ်

- အရန်ချိန်

လွတ်လပ်ရေးရရှိပြီး ၁၇ နှစ်ကြာမှ ဝန်ထမ်းများအတွက် ဝန်ထမ်းတက္ကသိုလ်တစ်ခု ပေါ်ပေါက်လာခဲ့သော်လည်း နိုင်ငံတော်အစိုးရနှင့် အုပ်ချုပ်သည့်အဖွဲ့အစည်းများက စိတ်ပါဝင်စားစွာ ဥပဒေများပြဋ္ဌာန်း၍ အလေးထားဆောင်ရွက်မှုကြောင့် နိုင်ငံ့ဝန်ထမ်းတိုင်းကို သိသင့်သည့်၊ တတ်ကျွမ်းသင့်သည့် ပညာများသင်ကြားခွင့်ရလျက်ရှိပါသည်။ တစ်ချိန်တည်းတွင် ရာထူးတိုးမြှင့်ခံရခြင်းအပါအဝင် နိုင်ငံ့ဝန်ထမ်းတစ်ဦး၏ ခံစားခွင့်ကို ဥပဒေနှင့်အညီ အလျင်အမြန်ခံစားခွင့် ရရှိနေပြီဖြစ်ပါသည်။

တစ်နိုင်ငံလုံးအတွက် ဗဟိုဝန်ထမ်းတက္ကသိုလ် တစ်ခုတည်းက လေ့ကျင့်သင်ကြားနေခြင်းမှာ လုံလောက်မှုမရှိကြောင်း သုံးသပ်မိသဖြင့်လည်းကောင်း၊ အထက်မြန်မာပြည်တွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများအတွက် မန္တလေးမြို့ကို ဗဟိုပြုပြီး ရန်ကုန်နှင့် တန်းတူ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အခြေခံများတစ်ပြေးညီဖြစ်ထွန်းလာအောင် စီမံဆောင်ရွက်ပေးရန် ရည်မှန်း၍လည်းကောင်း ဝန်ထမ်းများအတွက် ဗဟိုဝန်ထမ်းတက္ကသိုလ်တစ်ခု ထူထောင်ဖွင့်လှစ်ရန် စတင်စီစဉ်ခဲ့ပါသည်။ ထိုအချိန်က ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့ကိုဥက္ကဋ္ဌ ဦးမောင်မောင်ကြီးနှင့် အဖွဲ့ဝင်အသစ်လေးဦးတို့ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

အသစ်ဖွဲ့စည်းသည့် အဖွဲ့ဝင်များအားတာဝန်ခွဲဝေရာ ဦးညွန့်ဆွေအား ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)နှင့် နိုင်ငံခြားဆက်ဆံရေး၊ ကျွန်တော့်အား ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)နှင့် ရာထူးတိုးမြှင့်ရေးကိစ္စများ၊ ဦးအောင်မြင့်နှင့် ဆရာကြီး ဦးကောင်းညွန့်တို့အား ထိုအချိန်ကအဖွဲ့၏ ကွပ်ကဲမှုအောက်တွင်ရှိနေသည့် စစ်ကိုင်းတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ကို နှစ်ဦးတွဲ တာဝန်ပေးပြီး ဦးအောင်မြင့်က ICT နှင့် ဦးကောင်းညွန့်က ဝန်ထမ်းသစ်ခေါ်ယူစုဆောင်း၊ စစ်ဆေး၊ ရွေးချယ်ရေးတာဝန်ကို ယူရပါသည်။

ကျွန်တော်သည် ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၂ရက် နေ့တွင် ရန်ကုန်မြို့သို့ ပြန်ရောက်၍ ဝန်ထမ်းရွေးချယ်ရေး လေ့ကျင့်ရေးအဖွဲ့ဥက္ကဋ္ဌထံ သတင်းပို့ရာ “ခင်ဗျားကို ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တာဝန်ခံအရာရှိအဖြစ် ရွေးထားတယ်။ ပါမောက္ခချုပ် ဗိုလ်မှူးကြီးတစ်ဦးလည်း ရှိတယ်။ ခင်ဗျားကွပ်ကဲကြီးကြပ်ပြီး တက္ကသိုလ်အမြန် ဖွင့်လှစ်နိုင်ဖို့ဆောင်ရွက်ပါ”ဟု ပြောပါသည်။ တစ်ဆက်တည်းမှာပင် “တက္ကသိုလ် တည်ဆောက်မယ့်နေရာကို ကျွန်တော်သွားမယ်၊ ခင်ဗျားတစ်ခါတည်း လိုက်ခဲ့ပါ ” ဟု ပြောကြားသဖြင့် ဇီးပင်ကြီးနေရာသို့ ပထမဆုံးရောက်ခဲ့ပါသည်။ ဆောက်လုပ်ရေး လုပ်ငန်းများကို ကြီးကြပ်ရပါသည်။ ဖောင်ကြီးမှခွဲပေးသော နည်းပြများနှင့် တွေ့ဆုံပြီး ပထမဆုံးသင်တန်းဖွင့်လှစ်ရေး ဆွေးနွေးတိုင်ပင်ရပါသည်။ အဓိကရေရရှိရေးမှာ အနီးရှိရေထွက်များမှသွယ်တန်းယူ၍ မလောက်င၊ စိတ်မချရပါ။ နောက်ပိုင်း အနီးစခန်းအနီးရှိ စည်သာဆည်မှ ရေသွယ်ရ၍အဆင်ပြေသွားပါသည်။ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)ကို ဖွင့်လှစ်ပေးခဲ့ပါသည်။

အစိုးရအဆက်ဆက် နိုင်ငံတော်အကြီးအကဲများ ရောက်ရှိလာပြီး လိုအပ်သည့် လမ်းညွှန်မှုများပေးခဲ့သည်မှာ နိုင်ငံ့ဝန်ထမ်းများအား လေ့ကျင့်ပေးနေသည့် ဝန်ထမ်းတက္ကသိုလ်များအပေါ် နိုင်ငံတော်၏ စိတ်ဝင်စား အလေးထားမှုများ ပေါ်လွင်ထင်ရှားပါသည်။

နိုင်ငံ့ဝန်ထမ်းဂျာနယ်ထုတ်ဝေရန် ပြင်ဆင်ချိန်မှာ အဖွဲ့၏ တံဆိပ်မရှိသေးသဖြင့် ယခုသုံးနေသည့် Logo ဖြစ်သော ရွှေချထားသော ယွန်းကလပ်ပေါ်တွင် ခန့်အပ်လွှာ ကျည်တောက်တင်ထားသည့် စက်ဝိုင်းပုံမှာ ကျွန်တော်ဖန်တီးပြီး လူကြီးများသဘောတူ၍ သုံးစွဲနေသည့် Logo ဖြစ်ကြောင်း အမှတ်တရ ဖော်ပြအပ်ပါသည်။

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ ပိုမိုတိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့သော ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) တို့ကို အမှတ်တရဂုဏ်ပြုရေးသားဖော်ပြလိုက်ရပါသည်။ ။

moi

ဝန်ထမ်းကောင်းများ၏ နိုင်ငံတော်

ဝန်ထမ်းကောင်းများ၏ နိုင်ငံတော်