ဖောက်ရဦးမည့် လမ်းများ . . . ဆောက်ရဦးမည့် တံတားများ အပိုင်း(၁)
Posted_Date
Image
Body
ဇွဲကပင်တောင်ထိပ်သို့ ရောက်ခဲ့ပြီ။ ဆံတော်ရှင်စေတီအား ဖူးမြော်ရပြီ။ ဖြာကျနေသော မိုးတိမ်များကိုဖြတ်လျက် အာကာပြင်ကျယ်ကြီးကို မျက်မှောက်ပြုရသည်။ တောင်ထိပ်ပေါ်မှ မြင်ရသည့် မြင်ကွင်းကား မိုးကောင်းကင်နှင့် မြေပြင်တို့၏သဘာဝအလှတရား ပေါင်းစပ်ထားမှုဖြစ်၏။ ဤလှပသော အမိမြေတို့ ထာဝရတည်တံ့စေရန် ထိန်းသိမ်းရမည်ဟူသော နိုင်ငံသားတာဝန်နှင့် ကိုယ်တိုင်နားလည်မှုတို့ တစ်ပြိုင်နက်ခံစားမိသည်။
တစ်ခါတစ်ရံ ထူထပ်သောမိုးတိမ်များကြားမှ စိမ်းလန်းသောတောင်ခြေရွာများ၊ ငှက်ပျောခင်းများ၏ အစိမ်းရောင်အကွက်လေးများကို မြင်တွေ့ရပြန်သည်။ သာမန်လှပမှုထက်ပိုသည့် လျှို့ဝှက်ထားသော ပန်းချီကားတစ်ချပ်ကို ရှုမြင်ရသကဲ့သို့ပင်…။
အနောက်ဘက်ရှိ သံလွင်မြစ်ကြီးကိုလည်း မှိုင်းပျပျလှမ်းမြင်တွေ့ရသည်။
မြစ်သည် ငွေရောင်တန်းကြီးသဖွယ် တောင်ကြားများကိုဖြတ်သန်း၍ ဝေ့ဝိုက်စီးဆင်းနေသည်။ မြစ်ကမ်းဘေးရှိ ကျေးရွာငယ်လေးများကို အညိုရောင် အစက်အပြောက်များသဖွယ် မြင်တွေ့ရပြီး ပတ်ဝန်းကျင်ကို နက်ရှိုင်းစွာအလှဆင်ထားကြသည်။
မြောက်ဘက်၊ အရှေ့မြောက်ဘက်အရပ်၌ တောင်တန်းကြီးများသည် အပြာရောင်အဆင့်ဆင့်ဖြင့် ဝေးရာသို့သွယ်တန်းနေသည်။ မြောက်ဘက်အစွန်ဆုံးတောင်မှာ “နွားလဘို့တောင်” ဖြစ်မည်ဟု မှန်းဆမိသည်။
ထာဝရတည်တံ့နေသော သဘာဝ၏ မှတ်တိုင်များပင်ဖြစ်သည်။ ဤအမြင့်မှနေ၍ မြင်တွေ့ရသည့် ကရင်ပြည်နယ်၏ စိမ်းလန်းသောမြေသည် ဒေသတွင်းပဋိပက္ခဒဏ်များကို ခံစားနေရသော်လည်း သဘာဝ၏ ပြန်လည်ရှင်သန်မှု စွမ်းအားများက မပျက်မစီးဘဲ ဆက်လက်ထိန်းသိမ်း ထားနိုင်စွမ်းရှိနေသည်ကို သိမြင်နိုင်သည်။
နိုင်ငံတော်သည် ဤဒေသ၌ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အအုံ များစွာကိုတည်ဆောက်ခဲ့ပြီး တည်ဆောက်နေဆဲဖြစ်လေသည်။ ဇွဲကပင်တောင်ထိပ်ပေါ်မှ မြင်တွေ့နေရသည့် အေးချမ်းသောရှုခင်းမြင်ကွင်းများကိုခံစားရင်း အခြေခံအဆောက်အအုံဆိုသည့် အချက်ကို စာရေးသူ၏စိတ်ကူးထဲ၌ တွေးနေမိခဲ့သည်။
အခြေခံအဆောက်အအုံဆိုသည်မှာ
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအဆောက်အအုံများကို ပုံမှန်အားဖြင့် အောက်ပါအတိုင်း ခွဲခြားနိုင်သည် -
(က) ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံ
( ခ ) လူမှုစနစ်အခြေခံအဆောက်အအုံများ
( ဂ ) ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများ
(ဃ) စီးပွားရေးအခြေခံအဆောက်အအုံများ
ရုပ်ပိုင်းဆိုင်ရာအခြေခံ အဆောက်အအုံများမှာ လမ်းများ၊ တံတားများ၊ ရထားလမ်း၊ ဘူတာရုံများ၊ လေဆိပ်၊ ဆိပ်ကမ်း၊ စွမ်းအင်ဆိုင်ရာ စက်ရုံများ၊ ဓာတ်အားဖြန့်ဖြူးရေးစနစ်များ၊ စက်သုံးဆီသိုလှောင်ရုံများ၊ သောက်သုံးရေရရှိရေးလုပ်ငန်းများ၊ ရေသွယ်ပိုက်လိုင်းများ၊ ရေလှောင်တမံများ၊ ရေသန့်စက်ရုံများ၊ မိလ္လာစနစ်များ၊တယ်လီဖုန်းလိုင်းများ၊ အင်တာနက်ကေဘယ်များ၊ ဆဲလ်တာဝါ၊ ဆေးရုံ၊ စာသင်ကျောင်း စသည်များဖြစ်ကြသည်။ တစ်နည်းအားဖြင့် နိုင်ငံတစ်နိုင်ငံ၏ နှလုံးသွေးကြောများပင်ဖြစ်၏။
လူမှုစနစ်အခြေခံအဆောက်အအုံများမှာ ပညာရေးစနစ်၊ ကျန်းမာရေးစနစ်၊ ဥပဒေစနစ်၊ အုပ်ချုပ်ရေးယန္တရားစနစ်၊ ဘဏ္ဍာရေးနှင့်စီးပွားရေးစနစ် စသည့်လူမှုအသိုက်အဝန်းကို အသက်ဝင်လှုပ်ရှားစေသော စီမံခန့်ခွဲမှုအခြေခံစနစ်များ၊ စည်းမျဉ်းများ၊ အဖွဲ့အစည်းများပင် ဖြစ်ကြသည်။
ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများမှာ နည်းပညာခေတ်၏ အခြေခံအဆောက်အအုံများဖြစ်ပြီး အင်တာနက်၊ ဒေတာနှင့် သတင်းအချက်အလက်များ စီးဆင်းနိုင်ရန်အတွက် လိုအပ်သော နည်းပညာစနစ်များ၊ ကွန်ရက်များနှင့် အစိုးရဝန်ဆောင်မှုကိရိယာအားလုံးကို ခြုံငုံခေါ်ခြင်းဖြစ်သည်။ ယနေ့ခေတ် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုဆက်ဆံရေး၏ ကျောရိုးမကြီးဟု ဆိုရမည်။
စီးပွားရေးအခြေခံအဆောက်အအုံများဆိုသည်မှာ နိုင်ငံ၏စီးပွားရေးလှုပ်ရှားမှုများ ချောမွေ့စွာလည်ပတ်နိုင်ရန် တိုက်ရိုက်လိုအပ်သော စီးပွားရေးအခြေခံ အဆောက်အအုံများကိုခေါ်သည်။
ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များ၊ ဈေးများ၊ ကုန်သွယ်ရေးစင်တာများ၊ စက်မှုဇုန်များ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာများ ပါဝင်ကြသည်။
ဤအခြေခံအဆောက်အအုံများ ခိုင်မာကောင်းမွန်မှသာ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး မြန်ဆန်ပါလိမ့်မည်။ဆင်းရဲမှုကိုလျှော့ချနိုင်ပါလိမ့်မည်။ လုံခြုံမှု၊ စီးပွားရေးဆိုင်ရာ ပံ့ပိုးမှုနှင့်နည်းပညာတိုးတက်မှုများပေါ် မူတည်၍ နိုင်ငံ၏ ပြိုင်ဆိုင်နိုင်မှုစွမ်းအားများ ပိုမိုတိုးတက်ပါလိမ့်မည်။
ဖွံ့ဖြိုးရေးအတွေး
ဇွဲကပင်တောင်ရင်ပြင်ပေါ်တွင် ပီတိစိတ်ဖြင့် တစ်နာရီခန့်နားနေခဲ့ပြီး တောင်ခြေသို့ ပြန်ဆင်းချိန်တွင် ညနေဘက်သို့ ရောက်ခဲ့ပြီဖြစ်သည်။ နေဝင်ဆည်းဆာ၏ ရွှေရောင်၊ လိမ္မော်ရောင်၊ ပန်းရောင်များက တောင်ထိပ်များပေါ်သို့ လိမ့်ဆင်းဖြာကျနေသည်။
ဝန်းကျင်တစ်ခွင်ရှိ မိုးစက်များထိမှန်ထားသည့် သစ်ပင်များ၊ ချုံနွယ်များထက်၌ ရွှေမှုန်ဖြူးထားသကဲ့သို့ တောက်ပြောင်ဝင်းလက်နေလေသည်။ မိုးကောင်းကင်ယံ၌ ငှက်များ အုပ်စုလိုက်ပျံသန်းနေသည်။
သူတို့၏ဟစ်ကြွေးသံများက တောင်ကြားတွင် ပဲ့တင်ထပ်နေသည်။
လှေကားထစ်များကို သတိထားဆင်းရင်း ဒေသဖွံ့ဖြိုးရေးဝန်ထမ်း တစ်ဦးဖြစ်ခဲ့သူပီပီ ကရင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုများအကြောင်း တစိမ့်စိမ့် တွေးတောပုံဖော်မိပြန်သည်။
ကရင်ပြည်နယ်၏ မျက်မှောက်ကာလတွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုတိုးတက် ကောင်းမွန်လာခဲ့ပြီး မြို့ကြီးများအကြား အဝေးပြေးလမ်းမများဖြင့် ချိတ်ဆက်ထားနိုင်ခဲ့ပြီဖြစ်သည်။ သံလွင်မြစ်ကိုဖြတ်သန်းသည့် တံတားကြီးများက ဒေသအချင်းချင်း ဆက်သွယ်မှု ပိုမိုလွယ်ကူလာစေပြီ။ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများကိုလည်း တိုးတက်စေခဲ့သည်။
ဤတိုးတက်မှုများသည် နိုင်ငံတော်အစိုးရ အဆက်ဆက် အခြေခံ အဆောက်အအုံများ ကောင်းမွန်စေရန် ဆောင်ရွက်ခဲ့ကြခြင်းကြောင့်ပင်ဖြစ်သည်။ အစိုးရ၏စီမံခန့်ခွဲမှုနှင့်ဝန်ကြီးဌာနများ၊ ဒေသအာဏာပိုင်များက ဦးစားပေးလုပ်ငန်းများဖြင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန
စာရေးသူ တာဝန်ထမ်းဆောင်ခဲ့သည့် နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် နိုင်ငံတော် တည်ဆောက်ရေးအတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသား လူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးဟူသော အဓိကတာဝန်ကြီး နှစ်ရပ်ကိုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ကရင်ပြည်နယ်၏ ဒေသတွင်း အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၈၉-၁၉၉၀ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ မြေလမ်း ၅၀၀ မိုင် ၆ ဖာလုံ၊ ကျောက်ခင်းလမ်း ၄၀၇ မိုင် ၃ ဖာလုံ၊ အမာခံလမ်း ၁၁၄ မိုင် ၅ ဖာလုံ၊ ကတ္တရာလမ်း ၁၁၄ မိုင် ၆ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၁၈ မိုင် ၆ ဖာလုံ၊ ကွန်ကရစ်လမ်း ၉ မိုင် ၇ ဖာလုံ၊ လမ်းပြုပြင်ထိန်းသိမ်းခြင်း ၇၅ မိုင် ၂ ဖာလုံ၊ မြေထိန်းနံရံ ၅၆၁ ပေ၊ ကျောက်စီရေမြောင်း ၃၂၅၀ ပေ၊ တံတားကြီး ၃၂ စင်း၊ တံတားငယ် ၅၉၃ စင်း၊ Box Culvert ၃၈၇ စင်း၊ Pipe Culvert ၄၁၇ စင်း၊ ဆေးရုံ ၅ ရုံ၊ ကျေးလက်ကျန်းမာရေးဌာန ၂၀ ခု၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ရေရရှိရေး ၆၀ ခု၊ တန်ဖိုးနည်းအိမ်ရာ ၁၂၁၈ လုံး၊ ဘုန်းကြီးကျောင်း ၂၇ ကျောင်း၊ ဆိုလာရေတင်စနစ် ၈၅၃ ခုအား ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့ပြင် လူငယ်သင်တန်းကျောင်း နှစ်ကျောင်း (ဘားအံ၊ ကြာအင်းဆိပ်ကြီး)၊ စက်မှုကျောင်းတစ်ကျောင်း(ဘားအံ)နှင့် အိမ်တွင်းမှုသင်တန်းကျောင်းသုံးကျောင်း (ဘားအံ၊ မြဝတီ၊ မြိုင်ကြီးငူ)တို့တွင် ကျောင်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းဖြင့် ဒေသ၏ လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင် ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။
ဤလုပ်ငန်းများအား မည်သည့်အခက်အခဲ မျိုးစုံရှိနေပါစေ အကောင်အထည်ဖော်ခဲ့သည့် ဌာနများက နိုင်ငံတော်၏ ရည်မှန်းချက်ကို စိတ်အားထက်သန်မှု၊ ဇွဲရှိရှိ စေတနာအပြည့်ဖြင့် ဆောင်ရွက်ခဲ့ကြသဖြင့်သာ နိုင်ငံအနှံ့ အခြေခံအဆောက်အအုံ တိုးတက်မှုများကို မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။ ဆက်လက်ထိန်းသိမ်းရန် နိုင်ငံသားအားလုံး၌ တာဝန်ရှိပေသည်။
မြစ်သံလွင်
စာရေးသူသည် တပ်မတော်သားဘဝ စစ်ဆင်ရေးတာဝန်များဖြင့် ဤကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ရသည့် အချိန်ကာလများရှိခဲ့သည်။
စစ်ဆင်ရေးတာဝန်ဆိုသည်မှာ အလှအပကြည့်ရှုရန် သွားလာရခြင်းမဟုတ်ခဲ့ပေ။
သို့သော် သဘာဝအလှတရားများသည် ရှောင်လွှဲ၍မရခဲ့။ မနက်စောစော သံလွင်မြစ်ကြီးပေါ် မြူခိုးပါးပါးများ လဲလျောင်းလျက်ရှိသည့် မြင်ကွင်းများကိုကြည့်ရင်း လူသားတစ်ဦး၏ နှလုံးသားအတွင်းက စိတ်အေးချမ်းစွာ ဖြစ်ပေါ်လာသည့်ကြည်နူးမှုကို ခံစားမိခဲ့ရဖူးသည်။
ညနေခင်း နေမင်း၏ အရောင်သည် သံလွင်မြစ်ရေကို အနီရောင်၊ ရွှေရောင်များဖြင့် ပန်းချီကားတစ်ချပ်ကဲ့သို့ ဖန်တီးပေးထားကြသည်။
တာဝန်ထမ်းဆောင်ရာတွင် တောင်ပေါ်လမ်း၊ တောင်တန်းလမ်းများ၊ သစ်တောများကို ဖြတ်သန်းခဲ့ရသည်။ မိုးရာသီရောက်လျှင် မြေရွှံ့ညွန်များ လိမ်းကျံထားသည့် လမ်းများပေါ်မှ ပင်ပန်းကြီးစွာ လျှောက်လှမ်းခဲ့ရသည်။ သို့သော် ညနေခင်း သံလွင်ရေမျက်နှာပေါ်တွင် နေဝင်ရောင်ထင်ဟပ်သည့် တောင်တန်းတို့၏ အရိပ်မြင်ကွင်းများက အားမာန်သစ်တစ်ရပ်ပေးခဲ့သည်။
ကမ္ဘာကြီးတစ်ခုလုံး လှပပြည့်စုံစွာ တိတ်ဆိတ်သွားသလို ခံစားရဖူး၏။
ထို့ကြောင့် အေးချမ်းစွာဖြတ်သန်း စီးဆင်းနေသည့် သံလွင်မြစ်ကြီးကို စာရေးသူမမေ့နိုင်ခြင်းဖြစ်သည်။
သံလွင်မြစ်သည် သဘာဝအလှတရားတစ်ရပ်သာမက သင်ခန်းစာတစ်ရပ်လည်းဖြစ်ခဲ့သည်။ ရေသည် အတားအဆီးကြားမှ ဆက်လက်စီးဆင်းသကဲ့သို့ နိုင်ငံသားတို့သည်လည်း အခက်အခဲကြားမှ မရပ်တန့်ဘဲ ရှေ့ဆက်သင့်သည်ဟု “သံလွင်”က သင်ပေးခဲ့သည်။
ယခင်ခေတ်ကာလများက သံလွင်သည် ကုန်စည်သယ်ယူပို့ဆောင်ရေး၏ အဓိကလမ်းကြောင်းဖြစ်ခဲ့သည်။ ယနေ့ခေတ်တွင်လည်း ဘားအံမြို့၏ အလှအပကို မြှင့်တင်ပေးနေဆဲဖြစ်သည်။ သံလွင်သည် ဘားအံမြို့၏ သွေးကြောတစ်ကြောကဲ့သို့လည်းဖြစ်သည်။ သာမန်ရေစီးတစ်ခုမဟုတ်ဘဲ ဘားအံမြို့၏ နှလုံးခုန်သံလည်းဖြစ်သည်။ အေးချမ်းသော ရေစီးသံတိုင်းတွင် အတိတ်၏ ခြေလှမ်းများ၊ အိပ်မက်မဟုတ်သော ဖြစ်ရပ်များ၊ ဒေသခံများ၏ မျှော်လင့်ချက်များ ပေါင်းစပ်နေလျက်ရှိနေသည်။
သမိုင်းတစ်စ
လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်လောက်က ခြေချခဲ့ဖူးသော ကရင်ပြည်နယ်ဒေသအကြောင်းကို ပြန်တွေးကြည့်မိသည်။ သဘာဝအလှတရားနှင့်ပြည့်စုံသော ဒေသတစ်ခု၏နောက်ကွယ်တွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ ပဋိပက္ခများ၊ အထီးကျန်မှုပုံရိပ်များက သမိုင်းတစ်စအဖြစ် တည်ရှိနေခဲ့သည်။
ဤဒေသသည် ယခင်က နယ်မြေလမ်းပန်းဆက်သွယ်ရေးသည် ရှည်လျားသော ပြည်တွင်းပဋိပက္ခများကြောင့် အလွန်ဆိုးရွားခဲ့သည်။ အဓိကလမ်းမကြီးများမှာပင် တိုက်ပွဲများနှင့် လုံခြုံရေးအန္တရာယ်များကြောင့် ကန့်သတ်ချက်များရှိခဲ့သည်။ ခရီးသွားလာမှုနှင့်ကုန်စည် စီးဆင်းမှုအတွက် စိုးရိမ်ရသည့်အခြေအနေဖြစ်ခဲ့သည်။
ပြည်နယ်အတွင်း အဓိကမြို့များ၏ အပြင်ဘက်သို့ ရောက်သွားသည်နှင့် လမ်းအများစုသည် မြစ်ချောင်းများကြား၊ တောင်တန်းများကြားကို ဖြတ်သန်းရသော ကျောက်စရစ်လမ်း၊ ရွှံ့လမ်းကြမ်းများဖြစ်၏။
မိုးတွင်းကာလဆိုလျှင် ဘားအံနှင့် ဖာပွန်၊ ဘားအံနှင့် ကော့ကရိတ်ကြားက လမ်းများသည် သွားလာ၍ မရလောက်အောင် ဆိုးရွားခဲ့ဖူးသည်။ တံတားများလည်း နည်းပါးခဲ့သည့်အတွက် သံလွင်မြစ်ကိုဖြတ်ကျော်ရန် လှေငယ်များကိုသာ အားကိုးခဲ့ရသည်။
အချို့ကာလများတွင် နယ်မြေတည်ငြိမ်မှုမရှိခြင်းကြောင့် လမ်းပိုင်းပျက်စီးမှုများ၊ ပြုပြင်ထိန်းသိမ်းရန် ကြန့်ကြာမှုများဖြစ်ပေါ်ခဲ့သည်။ ထိုကာလမျိုးတွင် ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်စည်စီးဆင်းမှုလုပ်ငန်းများ အားနည်းခဲ့ရသည်။
ပြည်နယ်၏ ကျေးလက်ဒေသအများစုသို့ လျှပ်စစ်မီးလုံးဝမရောက်သေး၍ အမှောင်ထုအတွင်း ရှိနေခဲ့ကြသည်။ ဆက်သွယ်ရေးအလွန်ခက်ခဲပြီး ဝေးလံခေါင်သီသော ကျေးရွာအုပ်စုများဆိုလျှင် သတင်းစကားတစ်ခု အကြောင်းကြားနိုင်ရန် ရက်ပေါင်းများစွာ လမ်းလျှောက်သွားခဲ့ရသည်။
ကျေးလက်ကျန်းမာရေးဌာနများ ရှိသော်ငြားလည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အတွက် ဆေးဝါးများပြတ်လပ်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများ သွားလာရေး ခက်ခဲခြင်းတို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခဲ့ရသည်။
ဒေသပညာရေးအတွက် ကျောင်းအဆောက်အအုံ လုံလောက်မှုမရှိခြင်း၊ ဆရာ၊ ဆရာမများနေရာချထားရေး အခက်အခဲများရှိခြင်းကြောင့် ပညာသင်ကြားခွင့် အကန့်အသတ်များရှိခဲ့သည်။
သို့သော် ဒေသရှိ တောင်တန်းရွာလေးများ၌ ဒေသခံတို့၏ ရိုးသားသည့်သဘောထား၊ သည်းခံနိုင်မှုနှင့် ကူညီမှုများကို မြင်တွေ့ခဲ့ရသည်။ အခက်အခဲများကြားတွင် ရှင်သန်နေထိုင်ကြသည့် လူမှုဘဝများကိုကြည့်ရင်း မြှင့်တင်ပေးရမည့် တာဝန်၏အဓိပ္ပာယ်ကို ပိုမိုနားလည်လာခဲ့သည်။ ထို့ကြောင့် စစ်ဆင်ရေးတာဝန်များဖြင့် သွားလာခဲ့ဖူးသည့် ကရင်ပြည်နယ်သည် စာရေးသူအတွက် သမိုင်းတစ်စ ဖြစ်နေဆဲဖြစ်သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကြောင်း၂၀၁၅ ခုနှစ်တွင် “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)”ကို လက်မှတ်ရေးထိုးပြီးနောက် ကရင်ပြည်နယ်၏ မျက်နှာသွင်ပြင်သည် တဖြည်းဖြည်းချင်း အသွင်ပြောင်းလာခဲ့ပြီဖြစ်သည်။
ယခင်ကအခက်အခဲမျိုးစုံကြားမှ ရပ်တည်ခဲ့ရသည့် ပြည်နယ်သည် ယနေ့ဖွံ့ဖြိုးတိုးတက်မှုသို့ ရောက်ရှိလာခြင်းမှာ ခေတ်အဆက်ဆက် သမိုင်းတစ်လျှောက် တာဝန်ရှိသူအားလုံး၏ ကြိုးပမ်းအားထုတ်မှုများကြောင့် ဖြစ်ပေါ်လာသော အကျိုးရလဒ်ဖြစ်ပေသည်။
လမ်းပန်းဆက်သွယ်ရေးအဆင့်မြှင့်တင်မှုများကြောင့် ယနေ့ခေတ် ဘားအံ-ဖာပွန် သွားကားလမ်းသည် တစ်နှစ်ပတ်လုံး သွားလာ၍ ရခဲ့ပေပြီ။ ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့ခဲ့လေပြီ။ သံလွင်မြစ်ကူးတံတားကြီး(၁၉၉၇)သည်လည်း ဤပြောင်းလဲမှု၏ အစောပိုင်းကာလ အထင်ကရနေရာတစ်ခုဖြစ်သည်။ ထို့ပြင် ကျိုက်ဒုံ-ကော့ကရိတ်လမ်းကဲ့သို့ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော လမ်းများသည် ခေတ်မီကောင်းမွန်လာခဲ့ပေပြီ။
ယနေ့အချိန်တွင် ကရင်ပြည်နယ်မြို့ကြီးများ၏ မြို့ပေါ်ရပ်ကွက်များတွင်သာမက ကျေးရွာအုပ်စု အများအပြားကို နိုင်ငံတော် ဓာတ်အားလိုင်းရောက်ရှိခဲ့ပြီဖြစ်သည်။ ဖုန်းတာဝါတိုင်များ နေရာအနှံ့ ဆောက်လုပ်ပေးနိုင်ခဲ့သည်။ သတင်းအချက်အလက်များကို ခေတ်နှင့်ထိတွေ့ဆက်ဆံနိုင်သော အခွင့်အလမ်းများ ရရှိခဲ့ပေပြီ။ သတင်းစကားပါးရန် ရက်ပေါင်းများစွာ လမ်းလျှောက်ရန်မလိုတော့ပြီ။
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အမျှ ကျန်းမာရေးဝန်ဆောင်မှုများလည်း ပိုမိုကောင်းမွန်လာခဲ့သည်။ ဘားအံပြည်သူ့ဆေးရုံကြီးအပြင် မြို့နယ်အသီးသီးက ဆေးရုံဆေးခန်းမျာကိုလည်း အဆင့်မြှင့်တင်ပေးနိုင်ခဲ့သည်။ ပညာရေးကဏ္ဍမှာလည်း တက္ကသိုလ်၊ ကောလိပ်များ ပေါ်ပေါက်လာပြီး ပညာသင်ကြားခွင့် အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာခဲ့သည်။
ကရင်ပြည်နယ်၏ ဖွံ့ဖြိုးရေးခရီးစဉ်များသည် ပဋိပက္ခမှ ငြိမ်းချမ်းရေးဆီသို့ ဦးတည်သော ခရီးရှည်ကြီးပင်ဖြစ်၏။ ယနေ့မြင်တွေ့နေရသည့် မြေလမ်း၊ ကျောက်လမ်း၊ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းများ၊ တံတားကြီး/ငယ်များ၊ လျှပ်စစ်မီးများ၊ ကောလိပ်/တက္ကသိုလ်များ၊ ဆေးရုံ/ ဆေးခန်းများသည် ဤခရီး၏ ရုပ်ဝတ္ထုအထောက်အထားများပင် ဖြစ်သည်။ ထိုအခြေခံအဆောက်အအုံများ တိုးတက်လာသည်နှင့်အမျှ ဒေသခံတို့၏ ဘဝများသည်လည်း တဖြည်းဖြည်း ပြောင်းလဲလာနေသည်။
ဤကဲ့သို့ ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှု ကွာခြားမှုများ၏ အဓိကအချက်မှာ နိုင်ငံရေးအပြောင်းအလဲနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကြောင့်ပင် ဖြစ်သည်။ ယနေ့ခေတ် လမ်းတံတားများ၊ ကတ္တရာလမ်းများ ပြည့်စုံလာသောအခါ အတိတ်၏ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများက လေးနက်သော သမိုင်းတစ်စအဖြစ် ကျန်ရစ်ခဲ့ပေပြီ။
သို့သော် ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို ပြည်နယ်အနှံ့အညီအမျှခံစားနိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဆက်လက်တည်ဆောက်နိုင်ရေးသည် အနာဂတ်အတွက် စိန်ခေါ်မှုအဖြစ် ရှိနေဆဲဖြစ်သည်။
ဖျက်ဆီးမှုများ၏ အကျိုးဆက်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်း၍ အခြေခံအဆောက်အအုံများ တိုးချဲ့တည်ဆောက်ရန် မျိုးဆက်များစွာတို့ နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်ခဲ့ရသည်။ သို့သော် ဖျက်ဆီးရန်အတွက်မူကား မိနစ်ပိုင်းအနည်းငယ်သာလိုအပ်သည်။ အသိဉာဏ်မဲ့ အဖျက်သမားများက နိုင်ငံတိုးတက်မှုကို ရှေ့ဆက်ခွင့်အား အကြောင်းမဲ့ဖျက်ဆီးခဲ့ကြသည်။ အမြင်မတူမှုများ၊ ဝါဒစွဲများနှင့်ဒေသစွဲများက ပြည်သူတို့ဘဝကို နီးကပ်စေခဲ့သော အဖိုးတန်လက်ရာများကို အကျိုးမရှိ ဖျက်ဆီးမှုများကို ဖြစ်ပေါ်စေခဲ့သည်။
သို့သော် တချို့နေရာများတွင် လမ်းပိုင်းများကို ဖျက်ဆီးခံရသည်။ ရထားလမ်းများကို မိုင်းခွဲကြသည်။ တံတားကြီးငယ်များကို ချိုးဖျက်ပစ်ကြသည်။ စာသင်ကျောင်းများ၊ ဆေးရုံများကို မီးရှို့ကြသည်။ ဆက်သွယ်ရေး တာဝါတိုင်များ၊ လျှပ်စစ်မီးတိုင်များကို ပြိုလဲစေခဲ့သည်။
ယင်းကဲ့သို့သော ဖျက်ဆီးမှုများကြောင့် နိုင်ငံ၏ အရေးပါလှသည့် အခြေခံအဆောက်အအုံ အများအပြားပင် ပျက်စီးဆုံးရှုံးခဲ့ရသည်။ လမ်းပန်းဆက်သွယ်မှုများလည်း ယခင်ကကဲ့သို့ မလုံခြုံ၊ မချောမွေ့တော့။
ပြန်လည်တည်ဆောက်ရန်အတွက် အချိန်နှင့် အားထုတ်မှုများ များစွာလိုအပ်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
လမ်းများ ပျက်စီးသွားသည့်အခါ သယ်ယူပို့ဆောင်ရေးစနစ် ယိုင်နဲ့ပြီး အသုံးပြုသွားလာနေကြသော ပြည်သူများ အခက်အခဲကြုံတွေ့ရသည်။ တံတားများ ပျက်စီးသည့်အခါ ဒေသများအကြား ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်သွားရသည်။ စာသင်ကျောင်းများ ပျက်စီးခဲ့သောအခါ ပညာသင်ကြားနေသည့် ကလေးငယ်များ၏ လှပသောအနာဂတ်ကို ထိခိုက်စေသည်။ ဆေးရုံများ ပျက်စီးသွားသည့်အခါ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သောပြည်သူများသာ ဒုက္ခများနှင့် ရင်ဆိုင်ရသည်။ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးစနစ်များ ပျက်ပြားသည့်အခါ နေ့စဉ်ဘဝ၏ အဆင်ပြေမှုများ ပျောက်ကွယ်သွားသည်။
အမှန်တကယ်တွင် ထိုဖျက်ဆီးမှုတို့၏ အကျိုးဆက်အား ဒေသခံပြည်သူလူထုများသာ အချိန်ကြာမြင့်စွာ ခံစားကြရခြင်းဖြစ်သည်။ ။
MWD
