ရေ​လှောင်တမံများ၏​ ကျေးဇူး

Posted_Date

Image

ရေ​လှောင်တမံများ၏​ ကျေးဇူး

Body

တ​စ်လောက ကျွန်​တော်သတင်း​ထောက်ကြီးတစ်​ယောက်ရဲ့ ဖိတ်ကြားစီစဉ်မှုအရ ရန်ကုန်- မန္တ​လေး အမြန်လမ်း ၁၁၅ မိုင်အနီး ပဲခူးရိုးမ​ပေါ်ရှိ ဖြူး​ချောင်း​ရေ​လှောင်တမံသို့ သွား​ရောက်​လေ့လာခွင့်ရခဲ့ပါတယ်။ ရန်ကုန်နဲ့​ နေပြည်​တော် အကြိမ်ကြိမ်အခါခါသွား​ရောက်ခဲ့စဉ် အမြန်လမ်းမပေါ်ကနေ ဒီ​ရေ​လှောင်တမံကို လှမ်းမြင်ရပေမယ့် လေ့လာခွင့်မကြုံခဲ့ပါ။ အခုတစ်ခါမှာ​တော့ ဖြူး​ချောင်း​ရေ​လှောင်တမံအ​ကြောင်းသာမက နိုင်ငံတစ်ဝန်းက​ရေ​လှောင်တမံကြီး​တွေရဲ့​ ရေအားလျှပ်စစ်ထုတ်လုပ်​ပေး​နေတာ​​တွေ၊ စိုက်ပျိုး​ရေ​ပေး​ဝေ​နေတာ​တွေကို အ​သေးစိတ်သိရှိ​လေ့လာခွင့်ရခဲ့ပါတယ်။

လှပခံ့ညားတဲ့တာတမံ

ကျွန်​တော်တို့​လေ့လာ​ရေးအဖွဲ့ ယာဉ်တန်းဟာ ၁၁၅ မိုင် အမြန်လမ်းမှ အ​နောက်ဘက် ပဲခူးရိုးမ​တောင်​ကြောပေါ်တက်သွားပြီး နာရီဝက်ခန့်အကြာမှာ​​​တော့ ဖြူး​ချောင်းတမံကို ရောက်ပါတယ်။ ကြည်စိမ်း​နေတဲ့​ရေပြင်၊ လှပခံ့ညားတဲ့တာတမံ၊ ညို့ညို့ဆိုင်းဆိုင်းရှိ​နေတဲ့​ တော​တောင်လျှို​မြောင်​တွေ​ကြောင့် စိတ်ကြည်နူးဖွယ်​ကောင်းလှပါတယ်။

ရေ​လှောင်တမံအနီးမှာ​တော့ ​ ရေ​လှောင်တမံနဲ့ပတ်သက်တဲ့​ ကြေးပြားကမ္ပည်းမော်ကွန်း စိုက်ထူထားတာကို​တွေ့ရပါတယ်။ ​မော်ကွန်းမှာ​​ရေးထားတဲ့စာတန်းက​တော့ ပြည်​ထောင်စုမြန်မာနိုင်ငံ​​​​တော်အစိုးရ၏ လမ်းညွှန်ချက်အရ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်​မြောင်းဝန်ကြီးဌာန ဆည်​မြောင်းဦးစီးဌာနက အ​ကောင်အထည်​ဖော်ခဲ့ပြီး ( ၈-၁-၂၀၁၅) ရက်​နေ့တွင်​ အောင်မြင်စွာဖွင့်လှစ်ခဲ့သည်လို့​ရေးသားထားတာဖြစ်ပါတယ်။ ကျွန်​တော်တို့အဖွဲ့ဟာ ရေ​လှောင်တမံနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူ​တွေကိုလည်း ​မေးမြန်းခဲ့ပါ​သေးတယ်။

“ကျွန်​တော်တို့ ဒီ​ရေ​လှောင်တမံကြီးက​နေ ၂၀၁၄ ခုနှစ်​နောက်ပိုင်းကစတင်ပြီး ဓာတ်အားထုတ်လုပ်ပါတယ်။ ဒီဇိုင်းအရဆိုရင်​တော့ တစ်နှစ်ကို ကီလိုဝပ်နာရီသန်း​ပေါင်း ၁၂၀ ထုတ်လုပ်နိုင်ပါတယ်။ မနှစ်က​တော့ ဆည်​ရေဝင်​ရောက်မှု အား​ကောင်းတာ​ကြောင့် လျာထားချက်ကို​ကျော်လွန်ပြီး ၂၀၉ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ပါတယ်”လို့ ဖြူး​ချောင်း​ရေအားလျှပ်စစ်ဓာတ်အား​ပေးစက်ရုံ စက်ရုံမှူး ဦးမင်းသူ​အောင်ကဆိုပါတယ်။
ဘက်စုံ​ရေ​လှောင်တမံစီမံကိန်း​တွေဟာ မဟာဓာတ်အားလိုင်း(National Grid) ထဲကို နေ့စဉ်ဓာတ်အားတွေထုတ်လုပ်ပို့လွှတ်​နေသလို စိုက်ပျိုး​ရေကိုလည်း ဖြန့်ဖြူး​ပေး​နေပါတယ်။

“ကျွန်​တော်တို့ ဖြူး​ချောင်း​ရေ​လှောင်တမံက ဒီနှစ်​နွေရာသီမှာ​တော့ ​နွေစပါးအတွက် စိုက်ပျိုး​ရေ​ပေး​ဝေ​နေပါတယ်။ စုစု​ပေါင်း နွေစပါးစိုက်ဧက ၁၈၀၀၀ အတွက်ဖြစ်ပါတယ်။ စီမံကိန်းရဲ့ သုံးပုံတစ်ပုံပါ။ စီမံကိန်းအားလုံးပြီးသွားရင်​တော့ ဧက ၉၀၀၀၀ အထိ ​နွေစပါး​ရေ​ပေး​ဝေနိုင်မှာဖြစ်ပါတယ်” လို့ ဖြူး​ချောင်း​ရေ​လှောင်တမံစီမံကိန်းတည်​​ဆောက်​ရေး (၁)လက်​ထောက်ညွှန်ကြား​ရေးမှူး ဦးတလန်ကြားက ဆိုပါတယ်။

စိုက်​ပျိုး​ရေးအတွက်လည်း အားထားရ

မြန်မာနိုင်ငံမှာ စပါးစိုက်ဖို့ စိုက်ပျိုး​ရေလည်း​ပေးနိုင်၊ လျှပ်စစ်ဓာတ်အားလည်း ထုတ်လုပ်ပေးနိုင်တဲ့ နိုင်ငံပိုင်ဘက်စုံ​ရေ​လှောင်တမံစီမံကိန်း ၂၅ ခုရှိ​ကြောင်း​ လေ့လာမှတ်သားရပါတယ်။ အများအားဖြင့်​​တော့ ဖြူး​ချောင်း​ရေ​လှောင်တမံအပါအဝင် ဘီလူး​ချောင်း၊ ကင်းတား၊ ဆည်​တော်ကြီး၊​ ဇော်ဂျီ၊​ ပေါင်း​လောင်း၊ သဖန်းဆိပ်နဲ့ ရဲရွာအစရှိတဲ့​ ရေ​လှောင်တမံစီမံကိန်း​တွေဖြစ်ပါတယ်။ ဒီလို စီမံကိန်း​တွေဟာ လျှစ်စစ်ဓာတ်အားလည်း ထုတ်လုပ်​ပေးနိုင်သလို စိုက်​ပျိုး​ရေးအတွက်လည်း အားထားရတဲ့ စီမံကိန်းကြီး​တွေဖြစ်ပါတယ်။

ဒီလိုဘက်စုံ​ရေ​​လှောင်တမံ စီမံကိန်းကြီး​တွေဟာ အခြားအခြား​သော ​ရေ​လှောင်တမံစီမံကိန်း​တွေနဲ့မတူပါဘူး။ ပထမဦးစွာ ​ ​ ရေ​လှောင်တမံမှ ထုတ်လွှတ်လိုက်​တဲ့​ရေကို အသုံးပြုပြီး တာဘိုင်စက်တွေကို လည်ပတ်​စေကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တာဖြစ်ပါတယ်။ တစ်ဖန် ​ရေအားလျှပ်စစ်ထုတ်လုပ်ရာမှ စီးဆင်းသွား​တဲ့​ရေတွေကို ​အောက်ဘက်မှာ​ ရေလွှဲဆည်တစ်ခုတည်​ဆောက်ပြီး စိုက်ပျိုး​ရေအဖြစ် အသုံးချတာဖြစ်ပါတယ်။ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့ ရေလှောင်တမံ ၂၅ ခု အနက်က စီမံကိန်းအများစုကို နိုင်ငံ​တော်​အေးချမ်း သာယာ​ရေးနှင့် ဖွံ့ဖြိုး​ရေး​ကောင်စီလက်ထက်မှာ အ​ကောင်အထည်​ဖော်တည်​ဆောက်ခဲ့​ကြောင်း သမိုင်းမှတ်တမ်းတွေအရသိရပါတယ်။ ဒီလိုဘက်စုံ​ရေ​လှောင်တမံစီမံကိန်း​တွေ အ​ကောင်အထည်​ဖော် တည်​ဆောက်နိုင်ဖို့ဆိုတာ ​ ငွေ​ကြေးအရင်းအနှီး ရှိရုံနဲ့မဖြစ်ပါဘူး။​ မြေမျက်နှာသွင်ပြင် ပထဝီအ​နေအထားက အဓိကအကျဆုံးလို့​ဆိုရမှာပါ။ ဘာ​ကြောင့်လဲဆို​တော့ ဆည်တမံအများစုဟာ ​တောင်ကုန်းတောင်တန်း​တွေနဲ့ ချိုင့်ဝှမ်း​တွေကို အ​ခြေခံတည်​ဆောက်ထားတာပါ။ မြန်မာနိုင်ငံမှာ အ​ရှေ့ဘက်မှာဆိုရင် ရှမ်းကုန်းမြင့်​၊ အ​နောက်ဘက်မှာဆိုရင် အ​နောက်ရိုးမ၊ အလယ်ပိုင်းမှာဆို အလယ်ရိုးမ​​​​ခေါ် ပဲခူးရိုးမစတာ​တွေရှိပါတယ်။ ဆည်တမံအများစုဟာ ​တောင်ရိုး​တောင်စွယ်​တွေကို တာတမံအဖြစ် ဖြတ်တားကာတည်​ဆောက်ခဲ့တာပါ။

ဒါဟာ မြန်မာနိုင်ငံအတွက် သဘာဝက​ပေးတဲ့ လက်​ဆောင်လို့ဆိုရမှာပါ။ ဒီလို​တောင်ရိုးတောင်စွယ်​တွေ၊​ တောင်တန်း​တွေ၊​ ချောင်း​တွေ၊​ မြောင်း​တွေ​မရှိဘူးဆိုရင် ဘက်စုံ​ရေ​လှောင်တမံစီမံကိန်း​တွေ​တည်​ဆောက်နိုင်ဖို့မဖြစ်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ အဓိက​ရေချိုအရင်းအမြစ်​တွေဖြစ်တဲ့ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နဲ့ စစ်​တောင်းမြစ်ကြီး​တွေဆိုတာ ရှိပါတယ်။ ဒီမြစ်ကြီး​တွေကလည်း​ တောင်တန်း​တွေကို မြစ်ဖျားခံပြီး ​ပေါ်​ပေါက်လာတာဖြစ်ပါတယ်။ တကယ်လို့သာ ဆည်တမံ​တွေမရှိဘူး၊ မတည်​ဆောက်ခဲ့ဘူးဆိုရင် မိုးအခါမှာ ​ရေကြီး​ရေလျှံ မှု​တွေ ပိုမိုပြီးဖြစ်ပွားနိုင်သလို ​နွေအခါမှာလည်း ​ရေပြဿနာကြုံ​တွေ့ရဖို့ ရှိပါတယ်။

ဆည်တမံအစုအဖွဲ့​တွေ​ ပေါ်​ပေါက်လာ

မြန်မာနိုင်ငံမှာ ယခင်ကဆည်တမံဆိုတာ နည်းပါတယ်။ အခုအချိန်မှာတော့ ဧရာဝတီမြစ်ဝှမ်း၊ ချင်းတွင်းမြစ်ဝှမ်း၊ စစ်​တောင်းမြစ်ဝှမ်း​တွေမှာ ဆည်တမံအစုအဖွဲ့​တွေ​ ပေါ်​ပေါက်လာတာ​တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုး​ရေးကိုကြည့်မယ်ဆိုရင်လည်း ဟိုတုန်းက မိုး​ကောင်း​ရေ​သောက်မျှသာဖြစ်ပါတယ်။ မိုး​ကောင်း​ရေ​သောက်ဆိုတာ မိုးကောင်းတဲ့နှစ်မှာ စိုက်​ရေးပျိုး​ရေး​ကောင်းပါတယ်။ မိုးခေါင်တဲ့နှစ်မှာ​တော့ စိုက်ပျိုး​ရေးမ​ကောင်းပါဘူး။ စိုက်ပျိုး​ရေးမ​ကောင်းရင် အခြားစီးပွား​ရေး​တွေလည်း မ​ကောင်းနိုင်ပါဘူး။ စီးပွား​ရေးမ​ကောင်းရင် လူတစ်ဦးချင်း ဝင်​ငွေကျဆင်းနိုင်သလို တိုင်းပြည်ရဲ့ ဂျီဒီပီလည်းကျဆင်းနိုင်ပါတယ်။ ဘာ​ကြောင့်လဲဆို​တော့ စိုက်ပျိုး​ရေးကို အ​ခြေခံတဲ့နိုင်ငံမို့ပါ။

ဟိုတုန်းကဆိုရင် ​အောက်ပြည်​အောက်ရွာသွားတဲ့ အညာသူအညာသား​တွေဟာ အပြန်မှာ ဘာလက်​ဆောင်မှမပါရင်နေ ဆန်​လေးတစ်စိတ်၊ တစ်ခွဲ​လောက် အညာဆန်ရထားကြီး​တွေစီးပြီး သယ်ကြရရှာတယ်။ အညာမှာ ဆန်ရှားတာကိုး။ ခု​တော့ ဒါ​တွေဟာ​ ပြောင်းပြန်ဖြစ်သွားပြီ။ ဆည်တမံ​တွေရဲ့​ကျေးဇူး​ကြောင့် အညာကဆန်​တွေ ပြည်ပနိုင်ငံအထိ ပို့​နေပြီ။ စပါး​ပေါ်ချိန်ဆို အညာကဆန်ကားကြီး​တွေ ရန်ကုန်ဆိပ်ကမ်း​တွေကတစ်ဆင့်ပို့နေတာ အများအပြား​တွေ့ရပါတယ်။ အညာသား​တွေဟာ စပါးအတွက်မိုးမ​ကောင်းလို့ စပါး​အောင်ရေ မရဖို့ ပူစရာမလို​တော့ပါဘူး။

ဒါပေမယ့်လည်း အ​ခြေခံအ​ဆောက်အအုံ​တွေဖြစ်တဲ့ ဆည်တမံ​တွေကို တည်​ဆောက်နိုင်ခဲ့​ပေမယ့် စိုက်ပျိုး​ရေ​ပေး​ဝေဖို့ ​မြောင်းလက်တံ​တွေ၊ တူး​မြောင်း​ တွေ၊​ ရေ​သောက်စနစ်​တွေ ဆက်လက်တည်ဆောက် ဖို့ကျန်ပါ​သေးတယ်။

မြောင်းလက်တံ​တွေတည်ဆောက်

ဖြူး​ချောင်း​ရေ​လှောင်တမံ စီမံကိန်းတစ်ခုတည်း ကိုကြည့်မယ်ဆိုရင် အခုမှဆည်​ရေ​သောက်ဧက ၁၈၀၀၀ ​လောက် ​မြောင်းလက်တံ​တွေတည်ဆောက် ပြီး​နေတာဖြစ်ပါတယ်။ ဆည်​ရေ​သောက်ဧက ၉၀၀၀၀ အထိ​ ဖော်​ဆောင်ဖို့ကျန်ရှိ​နေပါ​သေးတယ်။ ၂၀၂၈-၂၀၂၉ ခုနှစ်အထိ ဆည်​ရေ​သောက်ဧက ၉၀၀၀၀ အတွက် လျာထား​ဆောင်ရွက်​နေတယ်လို့ သိရပါတယ်။ ဖြူး​ချောင်းတမံလို ဘဏ္ဍာနှစ်အလိုက်​ဖော်​ဆောင်မယ့် ဆည်​ရေ​​သောက်စနစ်​တွေ ကျန်ရှိ​နေဦးမယ်လို့​ ခန့်မှန်းရပါတယ်။

ဒီလို ဘဏ္ဍာနှစ်​တွေအလိုက် ဆည်​ရေ​သောက်စနစ်​တွေဖြစ်တဲ့​ မြောင်းလက်တံ​တွေ၊ ​ရေသိုလှောင် မှုစနစ်​တွေ​ ကောင်းလာတာနဲ့အမျှ မြန်မာပြည် တစ်နံတစ်လျားမှာ ​ရွှေ​ရောင်ဝင်းတဲ့စပါးခင်းတွေဟာလည်း တစ်နှစ်ထက်တစ်နှစ် တိုးလာဦးမှာ ဖြစ်ပါတယ်။ ​နွေအခါမှာ ​ရေရှာစရာမလိုဘဲ စိုက်ဧက​တွေ တိုးလာဖို့ရှိပါတယ်။ အခုအခါမှာ စပါးအပြင် ​နွေနှမ်း​တွေ​တောင် စိုက်​နေကြပါပြီ။ ကဲ...စပါးက ဆန်၊ နှမ်းက ဆီ ဘာပူစရာလို​သေးလဲ။​ သြော်. ဒါကလည်း ဆည်တမံများ အ​မြော်အမြင်ရှိရှိ တည်​ဆောက်ခဲ့တဲ့​ကျေးဇူး​ပေကိုး။ ။

moi

ရေ​လှောင်တမံများ၏​ ကျေးဇူး