ထာဝရထက်တစ်ရက်ပိုသည့် အစဉ်ထာဝရကုသိုလ်
Posted_Date
Image
Body
တောပင်ကို တော်တော်ခုတ်ကြပါ့
တောပြုတ်လိမ့် နောက်နောင်။
တောခုတ်လို့ တောပြောင်
မိုးခေါင်တော့မှာပဲ။
မိုးခေါင်လို့ ရေမကြွယ်
သဲပင်လယ် ဖြစ်လိမ့်မလွဲ။
အမျိုးသားစာဆို ကဗျာဆရာကြီးဇော်ဂျီ၏ ကဗျာတစ်ပုဒ်မှဖြစ်သည်။ ၁၉၅၉ ခုနှစ် နိုဝင်ဘာလထုတ် မြဝတီမဂ္ဂဇင်းတွင် ဖော်ပြခဲ့ခြင်းဟုမှတ်သားမိပါသည်။ သစ်တောသစ်ပင်များအပေါ်ချစ်ခင်မြတ်နိုးတတ်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့နှင့်ပတ်သက်၍ အလွန်ခေတ်ရှေ့ပြေးသော ရေးသားဖွဲ့ဆိုချက်ဟု ဆိုရပါမည်။ အမြော်အမြင်ကြီးမားစွာ သတိပေးနှိုးဆော်ခဲ့သည်ဟုလည်းဆိုနိုင်သည်။
ယနေ့အချိန်တွင် ကမ္ဘာနှင့်အဝန်း ရေကြီးခြင်း၊ ငလျင်လှုပ်ခတ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မြစ်ချောင်းများတိမ်ကောမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်လာခြင်း စသည်ဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကြောင့် ဖြစ်ပေါ်လာရသည့် ဘေးအန္တရာယ်များကို မကြာခဏ ရင်ဆိုင်ကြုံတွေ့နေကြရသည်။
မိမိတို့နိုင်ငံ၌လည်း မကြာမြင့်သေးသော ကာလအတွင်းမှာပင် မုန်တိုင်းမိုးကြောင့် ရေကြီးရေလျှံမှုများကို ခါးသီးစွာခံစားခဲ့ရသည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများမှာ လူသားများကြောင့် ပျက်စီးမှုများရှိနိုင်သလို သဘာဝတရားကြီး၏ Climate Change ပြောင်းလဲမှုများကြောင့်လည်း ဖြစ်ပေါ်နိုင်သည်။ မည်သို့ပင်ဆိုစေ အသိဉာဏ်ရှိသည့် မိမိတို့လူသားများအနေဖြင့် မိမိတို့ အပြန်အလှန် အမှီသဟဲပြုရာ သဘာဝပတ်ဝန်းကျင်အပေါ် အလေးအနက်တန်ဖိုးထား၍ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များကြောင့် ထိခိုက်နိုင်ခြေမြင့်မားသည့် နိုင်ငံများစာရင်းတွင်ပါဝင်နေသည်။ ၂၀၂၄ ခုနှစ် နွေရာသီတွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် နေ့အပူချိန်များမြင့်မားခဲ့ရာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ချောက်မြို့၌ ယင်းနှစ် ဧပြီလ ၂၈ ရက်နေ့တွင် နေ့အပူချိန်သည် ၄၈ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်အထိရှိခဲ့ပြီး ကမ္ဘာ့အပူချိန် အမြင့်မားဆုံးမြို့ဖြစ်ခဲ့သည်။ မကွေး၊ မင်းဘူး၊ ညောင်ဦးနှင့် စစ်ကိုင်းမြို့တို့သည်လည်း ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့ စာရင်းတွင်ပါဝင်ခဲ့သည်မှာ သတိပြုဖွယ်ဖြစ်သည်။ ကမ္ဘာကြီး၏ပျမ်းမျှအပူချိန်သည် စက်မှုထွန်းကားသည့်ခေတ် မတိုင်မီကာလကထက် ၁ ဒသမ ၁ ဒီဂရီစင်တီဂရိတ် မြင့်တက်လာခဲ့ပြီး အကျိုးဆက်အနေဖြင့် ကမ္ဘာ့ရာသီဥတုမှာလည်း လျင်မြန်စွာပြောင်းလဲလာခဲ့ခြင်းပင်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ် )ပုဒ်မ ၄၅ ၌ “နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည်” ဟု အခြေခံမူချမှတ်ထားပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ၊ ပုဒ်မ ၃၉၀ ၌ နိုင်ငံသားတိုင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ကိစ္စရပ်များတွင် နိုင်ငံတော်အားကူညီရန် တာဝန်ရှိကြောင်းပြဋ္ဌာန်းထားသည်။ နိုင်ငံတော်အကြီးအကဲ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ နိုင်ငံသူ၊ နိုင်ငံသားအားလုံးကလည်း မိမိတို့နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ကို မပျက်မယွင်း ရေရှည်တည်တံ့အောင်ထိန်းသိမ်း၍ စိမ်းလန်းသာယာစိုပြည်လှပသည့် နိုင်ငံအဖြစ်ပါဝင် တည်ဆောက်ကြလျက်ရှိသည်။
“နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဟူသည့်ဆောင်ပုဒ်နှင့်အညီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်ပင်စိုက်ပျိုးပွဲများ နှစ်စဉ်ကျင်းပခြင်း၊ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောစိုက်ခင်းများထူထောင်ခြင်း၊ သဘာဝသစ်တောများ ထိန်းသိမ်းကာကွယ်ခြင်း၊ သစ်တောကြိုးဝိုင်းများ၊ ကာကွယ်တောများ တိုးချဲ့သတ်မှတ်ခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိသည့်အပြင် မီးခိုးမြူငွေ့များဖြစ်ပေါ်စေပြီး မှန်လုံအိမ်ဓာတ်ငွေ့များ ထွက်ပေါ်စေသည့် လယ်ယာမြေမီးရှို့ခြင်း၊ တောင်ယာနှင့်တောမီးရှို့ခြင်း၊ အမှိုက်မီးရှို့ခြင်းများ မပြုလုပ်ရန်အထိ အသိပညာပေးခြင်း၊ သတိပေးနှိုးဆော်ခြင်းတို့ကို ဂရုပြု ဆောင်ရွက်လျက်ရှိသည်။
သို့ရာတွင် အခြားတစ်ဖက်တွင်မူ အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများသည် အချို့သောဒေသများ၌ မတည်မငြိမ်ဖြစ်ပေါ်နေချိန်ကို အခွင့်ကောင်းယူပြီး နိုင်ငံတော်၏သဘာဝ သယံဇာတများကို စည်းကမ်းမဲ့စွာ အလွန်အကျွံထုတ်ယူခြင်း၊ ခိုးယူသယ်ဆောင် ရောင်းချခြင်းများ ပြုလုပ်နေကြခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။
သစ်ခိုးခြင်း၊ ရွှေမျောရွှေဖောင်များကို မြစ်ညာမြစ်ဝှမ်းဒေသများ၌ ပြုလုပ်ခြင်း၊ မြေရှားသတ္တုတူးဖော်ထုတ်လုပ်ခြင်း၊ ကျောက်မျက်များတူးဖော်ခြင်းတို့ကို ပြုလုပ်နေကြခြင်းကြောင့် ရေချိုအရင်းအမြစ်များပျက်စီးခြင်း၊ အဆိပ်သင့်ခြင်း၊ မြေဆီလွှာများ ပျက်စီးပြုန်းတီးခြင်းတို့ အပါအဝင် သဘာဝပတ်ဝန်းကျင်များကို အကြီးအကျယ် ထိခိုက်ပျက်စီးစေလျက်ရှိသည်။
အမှန်အားဖြင့် သဘာဝပတ်ဝန်းကျင်ဆိုသည်မှာ လူသားအားလုံးနှင့်သက်ဆိုင်သောအရာဖြစ်သည်။ စိမ်းလန်းစိုပြည်သာယာသည့် ရေမြေတောတောင် သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင် ကောင်းများကို အနာဂတ်မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်းပေးကြရမည်မှာ လက်ရှိလူသားတို့၏ တာဝန်တစ်ရပ်ပင်ဖြစ်သည်။ လူငယ်မျိုးဆက်သစ်တို့အနေဖြင့်စိမ်းစိုသာယာလှပသည့် မိမိတို့နိုင်ငံကိုချစ်ခင်မြတ်နိုးစိတ်များထက်သန်ပေါ်ပေါက်လာရန်၊ သစ်တောများမှပံ့ပိုးသော ဂေဟစနစ်ဝန်ဆောင်မှုများ ပြည့်ပြည့်ဝဝရရှိခံစားနိုင်စေရန် လက်ရှိလူသားများက သစ်ပင်များကို အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် စိုက်ပျိုးပေးနေခြင်းဖြစ်သည်။ သစ်ပင်များစိုက်ပျိုးခြင်း၊ ရှင်သန်အောင်ထိန်းသိမ်း စောင့်ရှောက်ခြင်းတို့မှာ နိုင်ငံတော်၏ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် မကုန်ခန်းနိုင်သော သဘာဝရင်းနှီးမြှုပ်နှံမှုကြီးကို ဆောင်ရွက်နေခြင်းပင်ဖြစ်သည်။
နိုင်ငံတော်အကြီးအကဲသည် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် နိုင်ငံတော်အစိုးရအဖွဲ့ဦးဆောင်သည့် ဝန်ကြီးဌာနအသီးသီးတို့၌လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတို့၌လည်းကောင်း၊ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့်လည်းကောင်း သစ်ပင်စိုက်ပျိုးပွဲများကို စုပေါင်းညီညာသောအင်အားဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံတော်အကြီးအကဲဦးဆောင်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက်ပျိုးပွဲတော် စုစုပေါင်း ၄၄ ကြိမ်ပြုလုပ်၍ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ အင်ကြင်း၊ မဟော်ဂနီ အစရှိသော ရတနာတန်းဝင်အပင်များ၊ လက်ဖက်၊ ရော်ဘာ၊ ဆီအုန်း၊ မန်ကျည်း၊ သီဟိုဠ်၊ ကျွဲကော အစရှိသော နှစ်ရှည်သီးနှံပင်များနှင့် ပိတောက်၊ ခရေ၊ ကံ့ကော်၊ အင်ကြင်း၊ တမာ၊ စံကားဝါ၊ ပနားမားငု၊ စိန်ပန်း၊ ဗာဒံ၊ မန်ဂျန်ရှား၊ ခါတော်မီ၊ စွယ်တော်၊ လင်းလွန်း အစရှိသော အရိပ်ရလေကာပင်များ စုစုပေါင်း ၂၀၈၄၂၅ ပင်ကို စိုက်ပျိုးခဲ့ပြီးဖြစ်သည်။ တပ်မတော်တစ်ရပ်လုံး အတိုင်းအတာအားဖြင့်ဆိုလျှင် ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ရတနာတန်းဝင်၊ စက်မှုကုန်ကြမ်းသီးနှံ၊ နှစ်ရှည်စားသုံးသီးနှံနှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂၀၇၈၂၅၂၄ ပင်စိုက်ပျိုးနိုင်ခဲ့ပြီး ၁၃၄၅၀၁၉၇ ပင်ရှင်သန်ဖြစ်ထွန်းသဖြင့် ရှင်သန်ပင်ရာခိုင်နှုန်း ၆၄ ဒသမ ၇၂ ဖြစ်ကြောင်းတွေ့ရှိရသည်။
ထိုသို့ စုပေါင်းညီညာစိုက်ပျိုးခဲ့မှုများကြောင့် ယခုအခါ ရေဆင်းဆည်ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြည်လျက်ရှိသည်ကို ကြည်နူးဖွယ်တွေ့မြင်ခံစားရသည်။ သက်ဆိုင်ရာဒေသများအလိုက် သစ်တောပြုန်းတီးမှုရာခိုင်နှုန်းနှင့် အပူချိန်လျော့နည်းကျဆင်းရေး၊ လေထုအရည်အသွေး သန့်စင်မြင့်မားရေးတို့ကို များစွာအထောက်အကူပြုလျက်ရှိသည်။
ထို့အတူ နိုင်ငံတော်အကြီးအကဲ ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများကိုလည်း ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ နှစ်စဉ်မပြတ်ကျင်းပခဲ့သည်။ ၂၀၂၁ ခုနှစ် ဇွန်လ ၁၈ ရက်တွင် ဥတ္တရသီရိမြို့နယ် ဖိုးဇောင်တောင် (၃) ကြိုးဝိုင်းအကွက် အမှတ်(၁၇)၌ ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲမှသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်တော်အနီး၌ ကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲအထိ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် ဦးဆောင်ပါဝင်၍ အကြိမ်အရေအတွက်အားဖြင့် စုစုပေါင်း ၁၅ ကြိမ်၊ ပျိုးပင်ပေါင်း ၃၀၈၇၇ ပင်ကို စိုက်ပျိုးနိုင်ခဲ့သည်။
ထိုသို့စိုက်ပျိုးရာတွင် စိုက်ပျိုးသစ်ပင်များရှင်သန်အောင်မြင်စေရန် ဒေသနှင့်ကိုက်ညီမည့် သစ်မျိုးမှန်ကန်စွာရွေးချယ်ခြင်း၊ စနစ်တကျမြေပြုပြင်ခြင်း၊ ရေနှင့်မြေအစိုဓာတ်ရရှိခြင်း၊ စိုက်မည့်ကျင်းအရွယ်အစားမှန်ကန်ခြင်း၊ ပန္နက်အကွာအဝေးနှင့် စိုက်ပျိုးနည်းစနစ်မှန်ကန်မှုရှိခြင်း၊ မြေဆီအာဟာရပြည့်စေရန် မြေသြဇာများထည့်သွင်းခြင်း၊ သန်စွမ်းသည့် ပျိုးသက်နှစ်နှစ်၊ အမြင့်နှစ်ပေအထက်ရှိ ပျိုးပင်များကိုသာစိုက်ပျိုးခြင်း စသည့် လုပ်ငန်းစဉ်များအတိုင်း တစ်ပင်စိုက်ပျိုးလျှင် တစ်ပင်ရှင်သန်ဖြစ်ထွန်းစေရန် စနစ်တကျဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အတူ လူသူလေးပါးသွားလာရန် ခက်ခဲသည့် တောတောင်လျှိုမြောင်များအနှံ့ သစ်တောသစ်ပင်များ ပေါက်ရောက်ဖုံးလွှမ်းစေရန် သစ်စေ့မြေလုံးများကိုလည်း တပ်မတော်ရဟတ်ယာဉ်များဖြင့် ကြဲချစိုက်ပျိုးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ ရွှံ့လုံးတစ်လုံးလျှင် မဲဇလီ၊ ထင်းရှူး၊ ကယ်ရီရားနား၊ ဘောစကိုင်း၊ မန်ကျည်း၊ ရေသင်းဝင်၊ မျောက်ငို၊ ပင်စိမ်း စသည့်မျိုးစေ့ငါးစေ့ခန့်ထည့်သွင်း၍ Seeds Ball များပြုလုပ်ပြီး အရေအတွက် သိန်းနှင့်ချီသော သစ်စေ့မြေလုံးများကို ကြဲချစိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အကြီးအကဲသည် နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ထိန်းသိမ်းဆောင်ရွက်နေစဉ် ကာလအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ မြေပေါ်မြေအောက်သဘာဝ သယံဇာတများထုတ်ယူသုံးစွဲမှုကိုလျှော့ချပြီး တိုင်းပြည်၏ အရန်သယံဇာတအဖြစ် ထိန်းသိမ်းနိုင်ရေး၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု လျှော့ချရေးနှင့် ပြန်လည်မျှတလာစေရေး၊ နိုင်ငံပိုင်သစ်တောများ ရေရှည်တည်တံ့စေရေး၊ ကျေးရွာပိုင်ထင်းစိုက်ခင်းများ တည်ထောင်ရေး၊ ပင်လယ်ကမ်းခြေဒေသများရှိ ဒီရေတောများ ထာဝစဉ်ဖွံ့ဖြိုးတိုးတက်စေရေးစသည့် လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် တစိုက်မတ်မတ် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်အစိုးရနှင့်အတူ တိုင်းရင်းသားပြည်သူများ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ကြခြင်းအားဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များ နိုင်ငံအနှံ့ကျင်းပ၍ စိမ်းလန်းသည့်မြန်မာ့ရေမြေတောတောင်ဖြစ်အောင် ဖန်တီးပုံဖော်နေကြပုံမှာ အားတက်ဖွယ်ဖြစ်သည်။ ဤသို့လူထုလှုပ်ရှားမှုအသွင်ဖြင့် တပျော်တပါးစိုက်ပျိုးခဲ့ကြသည်မှာ ထူးကဲမွန်မြတ်လှသည့်စုပေါင်းကုသိုလ်ပွဲများဟုလည်းဆိုနိုင်သည်။
နိုင်ငံတစ်ဝန်းသစ်တောဖုံးလွှမ်းမှု တိုးတက်စေရေးအတွက် သစ်တောများ ပြန်လည်ထူထောင်ရေးစီမံကိန်း၊ အပူပိုင်းဒေသ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေးစီမံကိန်း၊ ကမ်းရိုးတန်းဒီရေတောများ ဘက်စုံစီမံအုပ်ချုပ်ခြင်းစီမံကိန်း စသည့်စီမံကိန်းများကို နိုင်ငံတော်၏ရည်မှန်းချက်နှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
အလားတူ ကျေးလက်ဒေသများတွင် တစ်ရွာနှစ်ဧကစိုက်ခင်းများ၊ ကျေးရွာထင်းစိုက်ခင်းများနှင့် ဘက်စုံသုံးစိုက်ခင်းများတည်ထောင်ခြင်း၊ အာဆီယံလမ်းမကြီး လမ်းဘေးဝဲ၊ ယာ၊ ပြည်ထောင်စုလမ်းမကြီးဘေးဝဲ၊ ယာများတွင် အရိပ်ရအပင်များ၊ တစ်အုပ်တစ်မသစ်တောငယ်များ စိုက်ပျိုးထူထောင်လျက်ရှိသည်။ ထို့ပြင် ရထားလမ်းဘေး ဝဲ၊ ယာ တစ်လျှောက်နှင့် သစ်တောသစ်ပင်ကျဲသည့် တောင်ကုန်းထိပ်များ၊ မြစ်ချောင်းများ၏ ရေဝေရေလဲဧရိယာများနှင့် သဘာဝရေထွက်ဧရိယာများတွင် သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
သစ်ပင်စိုက်ပျိုးခြင်းကို ယခုကဲ့သို့ပွဲတော်များ၊ အခမ်းအနားများနှင့် စိုက်ပျိုးခြင်းအပြင် ရှေးအစဉ်အဆက်ကပင် လုပ်ရိုးလုပ်စဉ် မိရိုးဖလာစိုက်ပျိုးကြခြင်းမျိုးလည်းရှိသည်။ မိမိတို့၏ အိမ်ခြံဝင်း၊ အိမ်ပတ်ဝန်းကျင်၊ ရပ်ရွာဝန်းကျင်၊ လယ်ယာပတ်ဝန်းကျင်၊ စက်ရုံ၊ အလုပ်ရုံဝန်းကျင်၊ လက်လှမ်းတမီနေရာများတွင် တစ်ဦးချင်းဖြစ်စေ၊ မိသားစုအလိုက်ဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ တစ်ပင်နှစ်ပင်မှအစ တစ်အုပ်တစ်မ တတ်နိုင်သမျှရှင်သန်အောင် နှစ်စဉ်စိုက်ပျိုးထူထောင် သွားမည်ဆိုပါလျှင် နိုင်ငံတော်ကမျှော်မှန်းထားသည့် နိုင်ငံတစ်ဝန်းသစ်တော လွှမ်းခြုံမှု ၅၀ ရာခိုင်နှုန်းနှင့် စိမ်းလန်းစိုပြည်ရေးတို့ မလွဲမသွေ တိုးတက်ဖြစ်ထွန်းလာမည်မှာဧကန်ဖြစ်သည်။
နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများစားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်သစ်တောများမှာ အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ သို့ဖြစ်ရာ သစ်ပင်သစ်တောများ စိမ်းလန်းစိုပြည်ပြီး သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သလို စိုက်ပျိုးပြီးသည့် သစ်ပင်ပန်းပင်များ ရေရှည်တည်တံ့ခိုင်မြဲစွာ စိမ်းလန်းစိုပြည်နေစေရေးကိုလည်း ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။
သစ်ပင်များစိုက်ပျိုးခြင်းကြောင့် သဘာဝဘေးအန္တရာယ်များ လျော့ပါးစေခြင်း၊ ရာသီဥတုညီညွတ်မျှတစေခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ခြင်း၊ အရိပ်အာဝါသနှင့် သန့်စင်သောလေကို ရရှိခြင်း၊ အသီးအရွက်များကို စားသုံးနိုင်ခြင်း၊ ကျေးငှက်များအတွက်နားခိုရာနှင့် အစာရေစာရရှိခြင်းစသည့် ကောင်းကျိုးများ ရရှိစေနိုင်မည်ဖြစ်သည်။
နိုင်ငံတော်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများစားရေရိက္ခာဖူလုံပြီး ကျန်းမာပျော်ရွှင်ရေးနှင့် သဘာဝဘေးအန္တရာယ်တချို့မှ ကာကွယ်နိုင်ရန်အတွက် သစ်ပင်သစ်တောများ၏ အခန်းကဏ္ဍသည်အဓိကကျသည်။ Green City၊ Clean City၊ Smart City နှင့် Green Village များဖြစ်စေရေးအတွက် သစ်ပင်သစ်တောများသည် အလွန်အရေးကြီးသည့် အစိတ်အပိုင်းများဖြစ်သည်။
သစ်ပင်ပန်းမန်များသည် ပတ်ဝန်းကျင်စိမ်းစိုသာယာလှပမှုသာမက လူတိုင်း၏ရင်ကိုအေးမြစေပြီး စိတ်လက်ပေါ့ပါးမှု၊ ပျော်ရွှင်ချမ်းမြေ့မှု၊ လန်းဆန်းတက်ကြွမှုနှင့် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်မှုတို့အပြင် ထိုသို့ဖန်တီးပေးနိုင်သည့် ဂုဏ်ယူစိတ်၊ ကြည်နူးစိတ်ဖြင့် နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်တို့၏ သန္ဓေတည်ရာမျိုးစေ့လည်းဖြစ်သည်။
ကမ္ဘာမြေကြီးနှင့်လူသားများအတွက် သစ်ပင်များသည် များပြားလှသည့် အကျိုးကျေးဇူးများကို ပေးစွမ်းလျက်ရှိသည်။ သုတေသနပညာရှင်များ၏လေ့လာမှုအရ သစ်ပင်များရှိသော စိမ်းလန်းစိုပြည်လျက်ရှိသည့် ပတ်ဝန်းကျင်သည် စိတ်ဖိစီးမှုကိုလျှော့ချပေးပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို တိုးတက်စေကြောင်းသိရှိရသည်။ သစ်ပင်များနှင့်ပြည့်နေသည့်ပန်းခြံများ၊ လမ်းမများ၊ ကျေးလက်နှင့် မြို့ပြများသည် လမ်းလျှောက်ရန်၊ အပန်းဖြေရန်၊ အရိပ်ရရန်တို့အပြင် အေးချမ်းသည့်သဘာဝအလှနှင့်ထိတွေ့ခြင်းအားဖြင့် လူသားများ၏ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများကိုဖြစ်ထွန်းစေသည်။ ထို့ကြောင့် သစ်ပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် နိုင်ငံတော်၏ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် အလွန်အရေးကြီးပြီး အကျိုးကျေးဇူးကြီးမားစေမည့် သဘာဝရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်။
သစ်ပင်စိုက်ပျိုးခြင်းဆိုသည်မှာ ရိုးရှင်းသည့်သာမန်လုပ်ငန်းစဉ် တစ်ခုဖြစ်သော်လည်း ရေရှည်အတွက်ကြီးမားသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်သည်။
သစ်ပင်တစ်ပင်စိုက်ပျိုးလိုက်ခြင်းအားဖြင့် ၎င်းသစ်ပင်များ ရှင်သန်ကြီးထွားနေသမျှကာလပတ်လုံး ရရှိလာသည့်အရိပ်အာဝါသ၊ သစ်သီးဝလံ၊ လတ်ဆတ်သည့်လေ၊ ရေနှင့်မြေဆီလွှာကို ထိန်းသိမ်းပေးနိုင်မှုစသည့် အကျိုးကျေးဇူးများအားလုံးသည် စိုက်ပျိုးသူအတွက် ကုသိုလ်များအဖြစ် အလိုလိုရရှိနေမည်ဖြစ်သည်။
ယင်းကုသိုလ်များမှာ တစ်ကြိမ်လုပ်ဆောင်ရုံဖြင့် နှစ်ပေါင်းများစွာ၊ မျိုးဆက်ပေါင်းများစွာအထိ အကျိုးဆက်များစွာ ပေးစွမ်းနေပေလိမ့်မည်။ ထို့ကြောင့် သစ်ပင်စိုက်ပျိုးခြင်းသည် ဇရပ်တန်ဆောင်း၊ ဂူကျောင်း၊ ပြာသာဒ် ဆောက်လုပ်လှူဒါန်းခြင်းနှင့် အခြားသောထာဝရကုသိုလ်များကဲ့သို့ပင် တူညီသည့် ကုသိုလ်တရားကို ရရှိခံစားစေနိုင်သည့်အပြင် အသက်ရှည်ကျန်းမာသည့် ကုသိုလ်အကျိုးထူးတို့ကိုလည်း ရရှိနိုင်မည်ဖြစ်ရာ ထာဝရထက်တစ်ရက်ပိုသည့် အစဉ်ထာဝရ ကုသိုလ်ဟုပင် ညွှန်းဆိုလိုက်ချင်ပါတော့သည်။ ။
MWD
