အာဟာရပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွတ်သော သရေစာများ
Posted_Date
Image
Body
သရေစာစားခြင်းသည် တစ်နေ့တာ လုံးအတွက် ခန္ဓာကိုယ်၏စွမ်းအင်ကိုတည်ငြိမ်စေရန် လောင်စာဖြည့်တင်းပေးသော နည်းလမ်းတစ်ခုဖြစ်သည်။ သုတေ သနပြုချက်များအရ သရေစာများသည် လူတစ်ဦး၏ နေ့စဉ်ပျမ်းမျှ ကယ်လိုရီစားသုံးမှု၏ သုံးပုံတစ်ပုံခန့်ကို ပေးစွမ်းနိုင် သောကြောင့် သရေစာရွေးချယ်မှုသည် ကျန်းမာရေးအတွက် ကြီးမားသော သက်ရောက်မှုရှိနိုင်သည်။ အဓိကအရေးကြီးသော အချက်မှာ ဆာလောင်မှုကို ဖြည့်ဆည်းပေးရုံသာမက နောက်တစ် နပ်မစားခင်အထိ ခန္ဓာကိုယ်ကို စွမ်းအင်အဆက်မပြတ် ပေးစွမ်းနိုင်သည့် ကျန်းမာရေးနှင့်ညီညွတ်သော သရေစာများကို ရွေးချယ်ရန်ဖြစ်သည်။
သရေစာများစွာစားသုံးခြင်းသည် ကိုယ် အလေးချိန်တက်စေပြီး အနည်းဆုံးကင်ဆာအမျိုးအစား ၁၃ မျိုး ဖြစ်ပွားနိုင် ခြေမြင့်မားခြင်းနှင့် ဆက်စပ်နေကြောင်း ကို တွေ့ရှိရသည်။ ထို့ကြောင့် သကြားသို့မဟုတ် ဆားပါဝင်သော သရေစာများ အစား အာဟာရပြည့်ဝသောအစားအစာ များကို ရွေးချယ်စားသုံးသင့်သည်။ အာလူးကြော်နှင့် သကြားလုံးများအစား ကောက်နှံများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ ဒိန်ချဉ်နှင့် အခွံမာသီးများ ကဲ့သို့ ကယ်လိုရီနည်း၍ အာဟာရပြည့်ဝ သော အစားအစာများဖြင့် ပြုလုပ်ထား သည့် မုန့်များကို ပိုမိုရွေးချယ်စားသုံးသင့် သည်။ ချိစ်၊ သကြားလုံးနှင့်မုန့်များကဲ့သို့သော သရေစာများကို လျှော့စားပါ။ လူ အများစုက လုံလောက်သောအသီးအနှံ များကို မစားကြသောကြောင့် သရေစာ စားခြင်းဖြင့် သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်များကဲ့သို့ အာဟာရဓာတ်ကြွယ်ဝသောအစားအစာများ စားသုံးမှုကို တိုးမြှင့်ရန် အထောက်အကူပြုနိုင်သည်။
အိမ်တွင်ကျန်းမာရေးနှင့်ညီညွတ်သော သရေစာများကို ဖန်တီးခြင်းသည် ကျန်းမာ ရေးနှင့် မညီညွတ်သောစားသောက်မှုပုံစံများကိုရှောင်ရှားရန်နှင့် အာဟာရမျှတမှု ကိုထိန်းသိမ်းရန် ရိုးရှင်းသော်လည်းထိရောက်သောနည်းလမ်းတစ်ခုဖြစ်သည်။ ပရိုတင်း၊ အမျှင်ဓာတ်၊ အစေ့အဆန်များ၊ သစ်သီးများ၊ ကျန်းမာရေးနှင့်ညီညွတ် သောအဆီများကို ပေါင်းစပ်ခြင်းဖြင့် တည်ငြိမ်သောစွမ်းအင်နှင့် ကိုယ်အလေး ချိန်ထိန်းညှိမှုကို ပိုကောင်းစေရန် စီမံခန့်ခွဲ နိုင်သည်။ ကျန်းမာရေးနှင့်ညီညွတ်သော သရေစာများကို ပြင်ဆင်ခြင်းသည် အစား အစာပမာဏကို ထိန်းချုပ်နိုင်ခြင်းနှင့်သတိပြုစားသုံးနိုင်ခြင်းကြောင့် ပိုမိုကျန်းမာသောလူနေမှုပုံစံအတွက် ကုန်ကျ စရိတ်လည်း သက်သာနိုင်သည်။
ကျန်းမာရေးနှင့်ညီညွတ်သော သရေစာ၏အကျိုးကျေးဇူးများ
မျှတသောသရေစာများသည် အဓိက အစားအစာများစားသုံးချိန် တစ်ခုနှင့်တစ်ခုကြားတွင် စွမ်းအင်လျော့ကျခြင်းကို ကာကွယ်ပေးသည်။ ကျန်းမာရေးနှင့်ညီညွတ်သောသရေစာများမှ တည်ငြိမ် သော သွေးတွင်းသကြားဓာတ်ပမာဏကိုပံ့ပိုးပေးနိုင်ပြီး ဦးနှောက်သို့ တည်ငြိမ် သောဂလူးကို့စ်ထောက်ပံ့မှုကို ပေးစွမ်းနိုင်သဖြင့် အာရုံစူးစိုက်မှုနှင့် မှတ်ဉာဏ်ဆိုင်ရာစွမ်းဆောင်ရည်ကို ထိန်းညှိပေး နိုင်ကြောင်း သုတေသနပြုချက်များအရတွေ့ရှိထားသည်။ အမျှင်ဓာတ်မြင့်မားသောသစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့်အစေ့အဆန်များသည် အစာချေဖျက် မှုနှင့် အူလမ်းကြောင်းကျန်းမာရေးကိုမြှင့်တင်ပေးသည်။ အာဟာရဓာတ်ပြည့်ဝ သော သရေစာများသည် စားသုံးသောအစားအစာပမာဏကို ထိန်းချုပ်နိုင်ပြီး ကျန်းမာရေးနှင့်မညီညွတ်သော သရေစာ များစားသုံးခြင်းကို လျှော့ချပေးသည်။
ကောင်းစွာပြင်ဆင်ထားသော သရေစာသည် အလုပ်၊ ကျောင်း သို့မဟုတ် ခရီး သွားစဉ်အတွင်း အာဟာရပြည့်ဝပြီး ဇီဝ ဖြစ်စဉ်ကို မြှင့်တင်ပေးခြင်းဖြင့် စွမ်းအင် လျော့ကျခြင်းကို ကာကွယ်ပေးသည်။ ပရို တင်းဓာတ်ကြွယ်ဝသော အစားအစာများ၊ အမျှင်ဓာတ်၊ အစေ့အဆန်များ၊ သစ်သီးများတွင် ကျန်းမာရေးနှင့်ညီညွတ်သော အဆီများ ရောနှောပါဝင်ခြင်းကြောင့် တစ်နေ့တာလုံး ခွန်အားဖြစ်စေသည်။ အာဟာရဓာတ်ပြည့်ဝသော သရေစာများသည် ဆာလောင်မှုကိုလျှော့ချပေးကာသွေးတွင်းသကြားဓာတ် ထိန်းညှိမှုကို တိုးတက်ကောင်းမွန်စေပြီး ကိုယ်အလေးချိန် ထိန်းညှိရန်လည်း အထောက်အကူပြုသည်။
ညဘက်သရေစာစားခြင်းနှင့်ကိုယ်အလေးချိန်
ညဘက်တွင် အစာစားခြင်းသည် ကိုယ်အလေးချိန်တက်နိုင်ခြေ မြင့်မားကြောင်း အထောက်အထားတချို့ရှိသည်။ ထို့ကြောင့် ညဘက်တွင်စားမည်ဆိုပါက ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ ကောက်နှံများ၊ နို့ထွက်ပစ္စည်းများ၊ ကြက်ဥ နှင့်အခွံမာသီးများကဲ့သို့ ကယ်လိုရီနည်း ၍ အာဟာရဓာတ်ကြွယ်ဝသော အစား အစာများကို ရွေးချယ်ခြင်းသည် အကောင်း ဆုံးဖြစ်သည်။
အာဟာရမျှတသော သရေစာ၏ အစိတ်အပိုင်းများ
အာဟာရ ပြည့်စုံကောင်းမွန်သော သရေစာပုံစံတွင် အမျှင်ဓာတ်ကြွယ်ဝသောကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနှင့် ကျန်းမာ ရေးနှင့်ညီညွတ်သောအဆီများ ပေါင်းစပ် ပါဝင်သင့်သည်။ အာဟာရမျှတသောသရေစာ၏ အဓိကအစိတ်အပိုင်းများမှာအောက်ပါအတိုင်းဖြစ်သည် -
အမျှင်ဓာတ်ကြွယ်ဝသောကာဗိုဟိုက်ဒရိတ်
ကာဗိုဟိုက်ဒရိတ်သည် ခန္ဓာကိုယ်အတွက် အဓိကလောင်စာဖြစ်သည်။ သကြားဓာတ်များသော မုန့်များထက်အမျှင်ဓာတ်ပါသော ကာဗိုဟိုက်ဒရိတ်ကိုရွေးချယ်ခြင်းဖြင့် စွမ်းအင်ကို တဖြည်း ဖြည်းချင်း ထုတ်လွှတ်ပေးနိုင်သည်။ ဥပမာ-အုတ်ဂျုံ၊ ကောက်နှံတစ်ခုလုံးပါသောပေါင်မုန့်နှင့် အစေ့အဆန်များသည် ကြာရှည်ခံစွမ်းအင်နှင့်အမျှင်ဓာတ်ကိုထောက်ပံ့ပေးနိုင်သည်။ လတ်ဆတ်သော အသီးအနှံများ (ပန်းသီး၊ စပျစ်သီး၊ ဘယ်ရီ သီး၊ လိမ္မော်သီး သို့မဟုတ် သစ်တော်သီး) နှင့် ဟင်းသီးဟင်းရွက်များ (မုန်လာဥနီ၊ သခွားသီး၊ တရုတ်နံနံနှင့် ငရုတ်သီး) သည် အမျှင်ဓာတ်အပြင် ဗီတာမင်၊ သတ္တုဓာတ် နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို ပေး စွမ်းနိုင်သည်။
ပရိုတင်း
ပရိုတင်းသည် ကြာရှည်စွာဗိုက်ပြည့်မှု ကိုခံစားစေပြီး ကြွက်သားကျန်းမာရေးကို ထောက်ပံ့ပေးသည်။ ကြက်ဥပြုတ်တွင် မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်စစ် များ ကြွယ်ဝသည်။ ကာဗိုဟိုက်ဒရိတ်နှင့် တွဲစားသောအခါ သွေးတွင်းသကြားဓာတ် တက်မလာအောင် ထိန်းညှိပေးနိုင်သည်။ ဂရိဒိန်ချဉ်သည် ပရိုတင်းဓာတ်နှင့် ပရိုဘိုင် အိုတစ်များ မြင့်မားစွာပါဝင်ပြီး အစာအိမ် ကျန်းမာရေးကို ကောင်းမွန်စေသည်။ ပြည့်ဝဆီစားသုံးမှုကိုလျှော့ချရန်အဆီ နည်းသောဒိန်ခဲအမျိုးအစားများကို ရွေး ချယ်ပါ။ ဗာဒံစေ့၊ သစ်ကြားသီး၊ နေကြာစေ့ သို့မဟုတ် ရွှေဖရုံစေ့များကဲ့သို့ အခွံမာသီး များနှင့် အစေ့အဆန်များသည် ပရိုတင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အဆီများ ကို ပေးစွမ်းနိုင်သည်။ ပဲအမျိုးမျိုးသည် အာဟာရသိပ်သည်းသော အပင်အခြေခံပရိုတင်းအရင်းအမြစ်ဖြစ်သည်။
ကျန်းမာရေးနှင့်ညီညွတ်သောအဆီများ
ကျန်းမာရေးနှင့်ညီညွတ်သော အဆီများသည် ဦးနှောက်၏လုပ်ဆောင်ချက်ကို ပံ့ပိုးပေးပြီး စိတ်ကျေနပ်မှုကို တိုးမြှင့်စေ ခြင်းဖြင့် ဗိုက်ဆာခြင်းကို ဟန့်တားပေး သည်။ ထောပတ်သီး၊ သံလွင်သီး၊ ဗာဒံစေ့၊ မြေပဲ သို့မဟုတ် သီဟိုဠ်စေ့၊ အစေ့အဆန်များ (နေကြာစေ့၊ဖရုံစေ့)တွင် ကျန်းမာရေး နှင့်ညီညွတ်သော မိုနိုမပြည့်ဝဆီများပါဝင် သည်။ အနက်ရောင်ချောကလက်ကဲ့သို့ ပစ္စည်းများကို ပေါင်းစပ်ထည့်သွင်းခြင်း ဖြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို ပံ့ပိုး ပေးကာ စိတ်ကျေနပ်မှုကို တိုးမြင့်စေ သည်။
သရေစာများကို ပြင်ဆင်ရန် အကြံပြုချက်များ
သရေစာများကို လတ်ဆတ်နေစေရန်နှင့် အနံ့အရသာများ ရောနှောခြင်းမှ တားဆီးရန် အကန့်များပါသော ဘူးများကို အသုံးပြုပါ။ နို့ထွက်ပစ္စည်း သို့မဟုတ် ဥများပါဝင်ပါက အအေးဓာတ်ပါသော ထမင်းဘူးကို အသုံးပြုနိုင်သည်။ အချိန်ကုန်သက်သာစေရန် သရေစာဘူးများကို ရက်သတ္တပတ်အတွက် တစ်ကြိမ်တည်း ပြင်ဆင်နိုင်သည်။ အသွင်အပြင်နှင့် အရောင်များကို ရောနှောပြင်ဆင်ခြင်းဖြင့် သရေစာသည် အမြင်အာရုံနှင့် ဆွဲဆောင်မှုရှိပြီး စိတ်ကျေနပ်မှုရရှိစေနိုင်သည်။
အချုပ်အားဖြင့်ဆိုရသော် တစ်နေ့တာ လုံးဗိုက်ပြည့်နေစေရန် ပရိုတင်း၊ အမျှင် ဓာတ်ကြွယ်ဝသော ကာဗိုဟိုက်ဒရိတ်၊ကျန်းမာရေးနှင့်ညီညွတ်သည့်အဆီများ ပါဝင်သော သရေစာများကို ရွေးချယ်စားသုံးသင့်သည်။ အာဟာရကြွယ်ဝသောသရေစာများကိုစားသုံးရန် ကြိုတင်စီစဉ် ခြင်းအားဖြင့် ဆာလောင်မှုကို စီမံခန့်ခွဲ နိုင်ပြီး အစာစားခြင်းဖြင့် စိတ်ပျော်ရွှင် ကျေနပ်မှုကိုခံစားရစေကာ ကိုယ်အလေးချိန်စီမံခန့်ခွဲမှု ရည်မှန်းချက်များနှင့် အလုံးစုံ ကျန်းမာရေးကို ပံ့ပိုးပေးနိုင်သည်။ လတ်ဆတ်၍ အာဟာရဓာတ်ကြွယ်ဝသော အိမ်လုပ်သရေစာများကို စားသုံးခြင်းသည် ပိုမိုကောင်းမွန်သောအာဟာရနှင့် ပိုမိုကျန်းမာသော လူနေမှုပုံစံဆီသို့ လျှောက်လှမ်းနေသော ခြေလှမ်းတစ်ခု ဖြစ်ပါကြောင်း ကျန်းမာသုတမျှဝေပေး လိုက်ရပါသည်။
MWD
