အမေရိကန်က အာဖဂန်ရှိ လေတပ်စခန်း ပြန်လည်ထိန်းချုပ်ခွင့်ရရှိရေး တောင်းဆို
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အာဖဂန်နစ္စတန်ရှိ အဓိက အချက် အချာ ကျသော ဘာဂရမ်လေတပ်စခန်းအား ပြန်လည်ထိန်းချုပ်ခွင့်ရရန် တောင်းဆိုခဲ့သည်။ ယင်းသို့ တောင်းဆိုချက်ကို အာဖဂန်အစိုးရက ပြတ်သားစွာ ငြင်းဆိုခဲ့သည်။
ထရမ့်က ၎င်း၏ ပထမသက်တမ်းအတွင်း ကာကွယ်ရေးတာဝန်များကို ဒေသခံအာဏာပိုင်များထံ လွှဲပြောင်းရန် ညှိနှိုင်းခဲ့သော်လည်း၊ ကဘူးလ် အား တာလီဘန်လက်အတွင်း ကျရောက်ခဲ့မှုနှင့် နောက်ဆုံး ထွက်ခွာခဲ့ ရသည့် အခြေအနေများအတွက် သမ္မတဟောင်း ဂျိုးဘိုင်ဒင်၏ အပေါ် အပြစ်တင်ခဲ့သည်။
အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးဖြစ်သူ ဇာကာဂျာလာလီ က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အာဖဂန်လူမျိုးများသည် အမေရိကန် စစ်သားများ ပြန်လည်ရောက်ရှိလာခြင်းကို ငြင်းဆန်ကြလိမ့်မည်ဟု ရေးသားဖော်ပြခဲ့သည်။ ၎င်းက "အာဖဂန်နစ္စတန်နှင့် အမေရိကန်သည် အပြန်အလှန်လေးစားမှုအပေါ် အခြေခံသော စီးပွားရေးနှင့် နိုင်ငံရေး ဆက်ဆံရေး ရှိနိုင်သော်လည်း အာဖဂန်နစ္စတန်၏ မည်သည့် နေရာတွင် မဆို အမေရိကန်၏ စစ်စခန်းများတပ်စွဲထားမှု မရှိစေရပါ" ဟု ဆိုသည်။
အမေရိကန် ဆုတ်ခွာပြီးနောက် မူလဆိုဗီယက်တို့တည်ဆောက်ခဲ့သော လေယာဉ်ကွင်းသည် အာဖဂန်နစ္စတန် တာလီဘန်ခေါင်းဆောင်သော ကာကွယ်ရေးဝန်ကြီးဌာန၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့သည်။ ထရမ့်က တရုတ်တို့သည် အဆိုပါလေယာဉ်ကွင်းကို အသုံးပြုနေသည်ဟု အကြိမ်ကြိမ်စွပ်စွဲခဲ့သော်လည်း ယင်းအချက်အလက်ကို ကဘူးလ်မှ ငြင်းဆန်ခဲ့ပြီး ယုံကြည်စိတ်ချရသော အထောက်အထားများလည်း မတွေ့ရှိရသေးပေ။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,