ဒူဘိုင်းရှိ ကော်ဖီဆိုင်တွင် ကမ္ဘာ့ဈေးအကြီးဆုံး ကော်ဖီကို တစ်ခွက်လျှင် ဒေါ်လာ ၉၈၀ ဖြင့် စတင်ရောင်းချ
ကမ္ဘာ့ဈေးအကြီးဆုံးကော်ဖီကို ဒူဘိုင်းမြို့ရှိ ကော်ဖီဆိုင်တစ်ဆိုင်၌ တစ်ခွက်လျှင် အမေရိကန်ဒေါ်လာ ၉၈၀ ခန့်ဖြင့် စတင်ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။
ထိုကော်ဖီကို မြင့်မားသောဈေးနှုန်းပေး၍ ဝယ်ယူရသည့် ပနားမားနိုင်ငံမှ ကော်ဖီစေ့များအသုံးပြု၍ ဖျော်စပ်ထားခြင်းဖြစ်သည်။
ထိုကော်ဖီကိုရောင်းချသည့် ဂျူးလစ် ကော်ဖီဆိုင်ပူးတွဲတည်ထောင်သူ ဆာကန်ဆက်ဆော့က ၎င်းတို့အနေဖြင့် နိုဝင်ဘာလ ၁ ရက်မှစ၍ ကော်ဖီခွက်ပေါင်း ၄၀၀ ခန့်ရောင်းချရန် စီစဉ်ထားကြောင်း ပြောသည်။
တစ်ခွက်လျှင် ဒေါ်လာ ၉၈၀ ခန့်တန်ဖိုးရှိသည့် အဆိုပါကော်ဖီသည် ရေနွေးကြမ်းနှင့်ဆင်တူသည့် ပန်းရနံ့နှင့် သစ်သီးအရသာများကို ခံစားရမည်ဟု ဆာကန်ဆက်ဆော့ကပြောသည်။
တူကီယဲနွယ်ဖွား ဆာကန်ဆက်ဆော့က ၎င်းကော်ဖီအရသာနှင့် ပတ်သက်၍ “စံပယ်ပန်းလို အဖြူရောင်ပန်းရနံ့တွေ၊ လိမ္မော်နဲ့ ဘာဂါမော့လို ချဉ်တဲ့အရသာတွေ၊ တရုတ်ဆီးသီးနဲ့ မက်မွန်သီးရဲ့ အရသာတွေ ပါဝင်ပါတယ်။ ပျားရည်လိုပါပဲ၊ သိမ်မွေ့ပြီး ချိုမြိန်ပါတယ်” ဟု ပြောထားသည်။ ပြီးခဲ့သည့်လတွင် ဒူဘိုင်း၌ကော်ဖီတစ်ခွက်ကို ဒေါ်လာ ၆၈၀ ဖြင့်ရောင်းချပြီး ကမ္ဘာ့ဈေးအကြီးဆုံး ကော်ဖီတစ်ခွက်အဖြစ် ဂင်းနစ်စံချိန် တင်နိုင်ခဲ့ကြောင်း သိရသည်။
MWD

,