ဂျကာတာသည် ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး Mega City ဖြစ်လာ
အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာသည် လူဦးရေ ၄၂ သန်းဖြင့် တိုကျို ကို ကျော်တက်ကာ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး Mega City ဖြစ်လာ ခဲ့သည်။ ကုလသမဂ္ဂ၏ ကမ္ဘာ့မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုအလားအလာများ ၂၀၂၅ အစီရင်ခံစာအရ မြို့ပြများသို့ လူဦးရေ ပြောင်းရွှေ့နေထိုင်မှုသည် ကမ္ဘာတစ်ဝှမ်း မြန်ဆန်လာကာ လက်ရှိတွင် ကမ္ဘာ့လူဦးရေ ၈.၂ ဘီလီယံ ၏ ၄၅% သည် မြို့ပြများတွင် နေထိုင်လျက်ရှိသည်။
၁၉၅၀ ပြည့်နှစ်က ကမ္ဘာ့လူဦးရေ ၂.၅ ဘီလီယံ၏ ၂၀% သာ မြို့ပြများ တွင်နေထိုင်ခဲ့သော်လည်း ယခုအခါ မြို့ပြလူဦးရေသည် နှစ်ဆထက်ပို၍ များပြားလာခဲ့သည်။ ၂၀၅၀ ပြည့်နှစ်မတိုင်မီတွင် ကမ္ဘာ့လူဦးရေ တိုးတက်မှု၏သုံးပုံနှစ်ပုံသည် မြို့ပြများတွင်ဖြစ်ပေါ်ပြီး ကျန်ရှိသည်များ မှာ မြို့ငယ်များတွင် ဖြစ်ပေါ်လာမည်ဟု ခန့်မှန်းရသည်။
လူဦးရေ ၁၀ သန်းအထက်ရှိသော Mega City များ၏အရေအတွက်သည် ၁၉၇၅ ခုနှစ်က ၈ မြို့မှ ၂၀၂၅ ခုနှစ်တွင် ၃၃ မြို့သို့ လေးဆအထိ တိုးတက်လာခဲ့သည်။ ထို Mega City များအနက် ၁၉ မြို့သည် အာရှတွင် တည်ရှိသည်။
အဆိုပါ အစီရင်ခံစာအရ ဂျကာတာသည် လူဦးရေ ၄၂ သန်းနီးပါးဖြင့် ယခု အခါ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး မြို့တော်ဖြစ်လာပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ မြို့တော် ဒါကာမြို့သည် လူဦးရေ ၄၀ သန်းနီးပါးဖြင့် ဒုတိယ နေရာတွင် ရှိသည်။ တိုကျိုမြို့သည် လူဦးရေ ၃၃ သန်းဖြင့် ယခုအခါ တတိယနေရာသို့ ရောက်ရှိသွားသည်။
တိုကျိုမြို့သည် ဆယ်စုနှစ်များစွာ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး မြို့တော် အဖြစ် ရှိခဲ့သည်။ သို့ရာတွင် ၂၀၀၀ ပြည့်နှစ်ကတည်းက ဂျကာတာနှင့် ဒါကာတို့၏ လူဦးရေ တိုးတက်နှုန်းများသည် ဂျပန်မြို့တော်၏ လူဦးရေ တိုးနှုန်းထက် ငါးဆနှင့် ခုနှစ်ဆ အသီးသီး ပိုမိုမြင့်မားခဲ့သည်။
၂၀၅၀ ပြည့်နှစ်တွင် ဒါကာမြို့၏ လူဦးရေသည် ၅၂.၁ သန်းအထိ ရောက်ရှိ မည်ဟု ခန့်မှန်းရပြီး ဂျကာတာကို ကျော်တက်၍ ကမ္ဘာ့လူဦးရေ အထူ ထပ်ဆုံး Mega City ဖြစ်လာမည်ဟု သိရှိရသည်။ ထိုအတောအတွင်း တိုကျိုမြို့သည် ဆဋ္ဌမမြောက်နေရာသို့ ဆက်လက်ကျဆင်းသွားမည်ဖြစ်ပြီး ရှန်ဟိုင်းနှင့် နယူးဒေလီစသော မြို့ကြီးများက ကျော်တက်သွားမည် ဖြစ်သည်။
Worldometer မှ စုစည်းတင်ပြထားသော ကုလသမဂ္ဂ၏ နောက်ဆုံးရ အချက်အလက်များအရ အင်ဒိုနီးရှားနိုင်ငံ၏ လက်ရှိလူဦးရေသည် ၂၈၆ သန်းရှိပြီး ကမ္ဘာ့လူဦးရေအထူထပ်ဆုံး စတုတ္ထမြောက်နိုင်ငံ ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏မြို့တော်ကို လက်ရှိ တည်ဆောက်ဆဲ မြို့သစ်တစ်ခုဖြစ်သော နူဆန်တာရာသို့ ပြောင်းရွှေ့မည် ဟု ကြေညာခဲ့သည်။ ဒေါ်လာ ၃၂ ဘီလီယံ တန်ဖိုးရှိသည့် အဆိုပါ စီမံကိန်းကို မူလက ၂၀၂၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ရန် စီစဉ်ထားသော် လည်း ယခုအခါ ၂၀၂၈ ခုနှစ်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားသည်။
၂၀၅၀ ပြည့်နှစ်တွင် Mega City များ၏ အရေအတွက်သည် ၃၃ မြို့မှ ၃၇ မြို့သို့ တိုးတက်လာမည်ဟု မျှော်မှန်းရသော်လည်း ဥရောပတွင် Mega City အသစ်များ ထပ်မံပေါ်ထွန်းမည် မဟုတ်ပေ။ ဥရောပတိုက်တွင် လန်ဒန်၊ အစ္စတန်ဘူလ်နှင့် မော်စကိုဟူသော Mega City သုံးမြို့သာ ယနေ့ထိတိုင် ရှိနေဆဲဖြစ်သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,