တူကီယဲနိုင်ငံ၏ စိုက်ပျိုးရေး အချက်အချာဒေသတွင် မြေကျွံကျင်းများ ပေါ်ပေါက်လာမှုကြောင့် တောင်သူများ စိုးရိမ်နေ
တူကီယဲနိုင်ငံအလယ်ပိုင်းရှိ နိုင်ငံ၏ စပါးကျီဟုတင်စားရသော ကွန်ညာလွင်ပြင်တွင် မိုးရွာသွန်းမှုနည်းပါးခြင်းနှင့် မြေအောက်ရေ လျော့နည်းလာခြင်းတို့ကြောင့် ရာနှင့်ချီသော မြေကျွံကျင်းကြီးများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ယင်းဖြစ်စဉ်သည် တောင်သူများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များအကြား ရာသီဥတုပြောင်းလဲမှု၏ စိုးရိမ်ဖွယ်ရာ လက္ခဏာတစ်ခုအဖြစ် ယူဆကာ ပူပန်မှုများ မြင့်တက်စေလျက်ရှိသည်။ ကွန်ညာနည်းပညာတက္ကသိုလ်မှ ဘူမိဗေဒပါမောက္ခ ဖီတူလာအရစ်၏ ပြောဆိုချက်အရ ဒေသတွင်းရှိဖြစ်ပေါ်နေသော မြေကျွံကျင်းအရေအတွက်သည် ယခုအခါ ၇၀၀ နီးပါးအထိ ရှိလာပြီဖြစ်သည်ဟု သိရသည်။
မြေကျွံကျင်းများ ယခုကဲ့သို့ အရှိန်အဟုန်ဖြင့် တိုးပွားလာခြင်း၏ အဓိကအကြောင်းရင်းမှာ မိုးခေါင်ရေရှားမှုကြောင့် တောင်သူများသည် ၎င်းတို့၏စိုက်ခင်းများအတွက် မြေအောက်ရေကို ပိုမိုထုတ်ယူသုံးစွဲလာပြီး ခွင့်ပြုချက်မရှိ ရေတွင်းများ တူးဖော်လာကြခြင်းကြောင့် ဖြစ်သည်။ မြေအောက်ရေပမာဏသည် တစ်နှစ်လျှင် ၅ မီတာခန့်အထိလျော့ကျနေပြီး ယင်းကြောင့်မြေကျွံကျမှုကို ဖြစ်ပေါ်စေခြင်းဖြစ်သည်။
မြေကျွံကျင်းများ ပေါ်ပေါက်လာမှုကြောင့် တောင်သူများသည် အသက်အန္တရာယ်နှင့် စိုက်ပျိုးမြေများ ဆုံးရှုံးမည်ကို စိုးရိမ်နေကြရပြီး အချို့မှာ စိုက်ပျိုးမြေများကို စွန့်လွှတ်ရန်အထိ စဉ်းစားနေကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။
MWD
