အမေရိကန်သတင်းထောက်တစ်ဦးအား ပြန်ပေးဆွဲမှု၌ ပါဝင်ခဲ့သည်ဟု ယူဆရသူတစ်ဦးကို ဖမ်းဆီးဟု အီရတ်ပြော
အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့တွင်ဖြစ်ပွားသည့် အမေရိကန်သတင်းထောက်တစ်ဦးအား ပြန်ပေးဆွဲမှု၌ ပါဝင်ခဲ့သည်ဟု ယူဆရသူတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း အီရတ်ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အဆိုပါပြန်ပေးဆွဲမှုတွင် ပါဝင်သည်ဟု ယူဆရသူတစ်ဦးကို ဖမ်းဆီးခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြန်ပေးဆွဲသူများနှင့် ဖမ်းဆီးခံသတင်းထောက်တို့ လိုက်ပါလာဖွယ်ရှိသော အဆိုပါမော်တော်ယာဉ်သည် ရဲတပ်ဖွဲ့ထံမှ ထွက်ပြေး လွတ်မြောက်ရန် ကြိုးပမ်းစဉ် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ပြီး ပြန်ပေးဆွဲသူအား ဖမ်းဆီးရမိချိန်တွင် ၎င်းထံမှ ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီတစ်ခု၏ ဝန်ထမ်း သက်သေခံကတ်ပြားကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါအမှုနှင့် ဆက်နွှယ်သူအားလုံးကို ရှာဖွေဖော်ထုတ်ရန် ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
အဆိုပါအမေရိကန်နိုင်ငံသား သတင်းထောက်သည် ဘဂ္ဂဒတ်မြို့လယ်ကောင်ရှိ ၎င်းတည်းခိုရာ ဟိုတယ်အနီးတွင် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ကြောင်း Shafaq သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
MWD

,