Avatar-4 ဇာတ်ကားကို ဒါရိုက်တာ ဂျိမ်းဝမ် အစားထိုးရိုက်ကူးနိုင်ဖွယ်ရှိ
နယူးယောက် ဇန်နဝါရီ ၇
စတုတ္ထမြောက် Avatar ဇာတ်ကားကို ဒါရိုက်တာ ဂျိမ်းကင်မရွန် ဆက်လက်ရိုက်ကူးခြင်းမရှိခဲ့ပါက ဒါရိုက်တာ ဂျိမ်းဝမ်က အစားထိုး တာဝန်ယူ ရိုက်ကူးနိုင်ဖွယ်ရှိကြောင်း ဇန်နဝါရီ ၆ ရက် သတင်းများအရ သိရသည်။
အကယ်၍ ဒါရိုက်တာ ဂျိမ်းကင်မရွန်အနေဖြင့် Avatar-4 ကို ရိုက်ကူးရန်ဆန္ဒမရှိတော့ပါက မိမိအနေဖြင့် ၎င်း၏နေရာတွင် အစားထိုးတာဝန်ယူရိုက်ကူးရန် ဆန္ဒရှိကြောင်း ဒါရိုက်တာ ဂျိမ်းဝမ်က ထုတ်ဖော်ပြောကြားထားသည်။
ဒါရိုက်တာ ဂျိမ်းကင်မရွန် အနေဖြင့် Avatar-4 ဇာတ်ကားကို ဆက်လက်ရိုက်ကူးရန် အစီအစဉ် ရှိ၊မရှိနှင့်ပတ်သက်၍ မသေချာဖြစ်နေချိန်တွင် ဒါရိုက်တာ ဂျိမ်းဝမ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒါရိုက်တာ ဂျိမ်းဝမ်သည် Aquaman ဇာတ်ကားများနှင့် The Conjuring ကဲ့သို့ ကမ္ဘာကျော် ဇာတ်ကားများကို ရိုက်ကူးပေးခဲ့သူဖြစ်ပြီး ကမ္ဘာတစ်ဝန်းဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်ရရှိခဲ့သော Avatar ဇာတ်ကား သုံးကားစလုံးကိုလည်း ဒါရိုက်တာ ဂျိမ်းကင်မရွန်ကပင် ရိုက်ကူးပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရတနာပုံ
