တောင်ကြီးမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပ
တောင်ကြီး မေ ၇
ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ရှမ်းပြည်နယ်အတွင်း ယာဉ်တိုက်မှု၊ သေဆုံးမှု လျော့ကျလာစေရေးအတွက် ကျောင်းများ၊ တက္ကသိုလ်များ၊ အသင်းအဖွဲ့များ၊ အဝေးပြေးယာဉ် ရပ်နားစခန်းတွင် အသိပညာပေးဟောပြောပွဲများ တိုးမြှင့်ဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားပြီး ဟောပြောမည့် တာဝန်ရှိသူနှစ်ဦးအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဗီဒီယိုကို ကြည့်ရှု အားပေးသည်။
ထို့နောက် ခန်းမအတွင်း ခင်းကျင်းပြသထားသော ပြခန်းများကို ကြည့်ရှုအားပေးပြီး ရှမ်းပြည်နယ်ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး က ယာဉ်တိုက်မှုအန္တရာယ် စုပေါင်းကာကွယ်ခေါင်းစဉ်နှင့် ရှမ်းပြည်နယ် ကုန်းလမ်းပို့ဆောင်မှုဦးစီးဌာန ယာဉ်မောင်းစစ်ဆေးရေးဌာနမှ တာဝန်ရှိသူက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို အသိပညာပေးဟောပြောကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)
MDN
