မြန်မာနိုင်ငံ ကိုယ်စားပြု ICJ တရားစီရင်ရေးဆိုင်ရာအဖွဲ့နှင့်ပတ်သက်၍ ကောလာဟလသတင်းများအပေါ် မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ၏ ပြောကြားချက်
မိဘပြည်သူများအားလုံး မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ ဗီဒီယို click လေးကို တင်ရတဲ့ အကြောင်းကတော့ နှစ်ချက်ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ကိုယ်စားပြုတဲ့ ICJ တရားစီရင်ရေး ဆိုင်ရာအဖွဲ့နဲ့ ပတ်သက်ပြီးတော့မှ မဟုတ်မမှန်တဲ့ကောလာဟလတွေ သတင်းတွေထွက်နေတာ ရှိပါတယ်။ ကျွန်တော်တို့ ခရီးစဉ်အဖွဲ့ကို ဟိုအဖွဲ့ ဒီအဖွဲ့တွေက ဖမ်းဆီးထားသလိုလို ဒီလိုသတင်းအမှားတွေဟာ မဟုတ်မမှန်တဲ့ အကြောင်း၊ ကျွန်တော်တို့တစ်ဖွဲ့လုံး ကျန်းမာစွာနဲ့ နိုင်ငံတကာ ဥပဒေရဲ့ ရှေ့တန်း စစ်မျက်နှာမှာ တာဝန်ကျေပွန်စွာထမ်းဆောင်လျက်ရှိကြောင်း မိဘပြည်သူတွေကို အရင်ဆုံးတင်ပြချင်တာ ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ ကျွန်တော်တို့ ဘာကြောင့် ဒီနေ့ဒီနေရာ ICJ တရားရုံးရှိရာ နယ်သာလန် နိုင်ငံ သည်ဟိတ်ဂ် မြို့ကို ရောက်နေရသလဲဆိုတဲ့အချက်လေးကို တင်ပြချင်ပါတယ်။ အားလုံး သိကြတဲ့ အတိုင်းပဲ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ၂၀၁၆၊ ၂၀၁၇ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း အရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ လူမျိုးသုဉ်းစေမှုဆိုတဲ့ အမှုတွေနဲ့ ကျွန်တော်တို့ ရင်ဆိုင် ကျူးလွန် ခဲ့တယ်ဆိုတဲ့ အာဖရိကတိုက်ရဲ့အစွန်အဖျား နိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ ဂမ်ဘီယာကနေပြီးတော့မှ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာအမှုဖွင့်ပြီးတော့မှ စွဲဆိုထားတဲ့အတွက်ကြောင့်မို့လို့ ရုံးတော်ရှေ့မှာ အပြန်အလှန် နှုတ်နဲ့လျှောက်လဲကြမို့ ရောက်ရှိနေတာဖြစ်ပါတယ်။
တရားရင်ဆိုင်နေတဲ့အပေါ်မှာ မြင်နေရတဲ့အတိုင်း မနက် ၈ နာရီရောက်နေတာ တောင်မှပဲ မှောင်နေဆဲဖြစ်ပီးတော့ အပူချိန်ကလည်းပဲ ဒီထဲမှာတောင်မှ အေးနေဆဲ ဖြစ်ပါတယ်။ အအေးဒဏ် ကြားက အမျိုးမျိုးသော ပြင်ပက ဖိအားတွေ မီဒီယာတွေရဲ့ တွန်းလှန်တိုက်ခိုက်နေတာတွေကို ရင်ဆိုင်ပီးတော့ ကျွန်တော်တို့က နိုင်ငံချစ်စိတ်နဲ့ နေ့ရောညပါအလုပ်လုပ်နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဆိုတဲ့နေရာမှာ မြန်မာနိုင်ငံကနေလာတဲ့ ICJ လုပ်ငန်းအဖွဲ့တွေ နောက် ဘရပ်ဆဲလ်မှာအခြေစိုက်တဲ့ မြန်မာသံရုံးရော နိုင်ငံတကာရှေ့နေအဖွဲ့တွေပါ တက်တက်ကြွကြွနဲ့ ပူးပေါင်းပီးတော့မှ ဆောင်ရွက်နေကြ တာဖြစ်ပါတယ်။ ဒီအတွက်လည်းပဲ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် ရဲဖော်ရဲဘက်တွေကို ကျေးဇူးတင်ရပါတယ်။
ဒီကနေ့ ဆိုလို့ရှိရင်တော့ တရားရုံးမှာ အမှုစစ်ဆေးတဲ့ ပထမဆုံးနေ့ဖြစ်ပြီးတော့ ဂမ်ဘီယာ ဘက်က ဦးစွာလျှောက်လဲ တင်ပြမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ လာမယ့် ၁၆ ရက်နေ့ကနေစ ပြီးတော့ ကျွန်တော်တို့ဘက်ကနေ ခုခံချေပလျှောက်လဲသွားရမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်းပဲ နှစ်ဘက် သက်သေတွေကို တရားရုံးရှေ့မှာ တင်သွင်းပြီးတော့မှ စစ်ဆေးသွားဖို့ရှိပါတယ်။ ဒီကာလ တစ်လျှောက်လုံးမှာ အမှုနဲ့ပတ်သက်လို့ ဖြစ်ထွန်းပေါ်ပေါက်မှုတွေကို မိဘပြည်သူတွေ သိခွင့်ရအောင်လို့ ကျွန်တော်တို့ ပြောခွင့်ရသမျှ အခါအားလျော်စွာ အကျဉ်းချုပ်ပြီးတော့မှ ဆက်လက်တင်ပြသွားမှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ် ခင်ဗျာ။
ကျွန်တော်တို့ ဒီအမှုကို ရင်ဆိုင်ခဲ့ရာမှာ အစကတည်းက သက်တော့သက်သာနဲ့ အေးအေးချမ်းချမ်း ရင်ဆိုင်ခဲ့တာ မဟုတ်ပါဘူး။ ပထမဦးဆုံး ကိုဗစ် ၁၉ ကပ်ရောဂါဘေးနဲ့ ရင်ဆိုင်နေရတဲ့ ကြားထဲက နိုင်ငံတကာ ရှေ့နေ အဖွဲ့တွေနဲ့ ခက်ခက်ခဲခဲ ဆက်သွယ်ပြီးတော့မှ ဆောင်ရွက်ခဲ့ရတာပါ။ နောက်ပိုင်းမှာလည်းပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဒီအမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလိုပဲ ၂၀၂၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆိုက်ကလုန်း မိုခါ ကြောင့်လည်းပဲ ဒီဒေသမှာ အတော်လေး ထိခိုက်ခံစားခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီရဲ့ နောက်ပိုင်းမှာ ဆိုရင်လည်းပဲ အစိုးရအဖွဲ့ ရုံးစိုက်တဲ့နေရာ ဖြစ်တဲ့ နေပြည်တော်မှာ ရေကြီးမှုတွေ ငလျင်ဘေးဒဏ်တွေ ခံစားခဲ့ရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ မန္တလေးငလျင်ကြီး လှုပ်တဲ့ အချိန်တုန်းက ကျွန်တော်တို့ ICJ လုပ်ငန်း တစ်ဖွဲ့လုံးက အစည်းအဝေးလုပ်နေကြတာဖြစ်ပါတယ်။ အစည်းအဝေး လုပ်နေတဲ့ အချိန်မှာပဲ ခေါင်မိုးပေါ်က မျက်နှာကြက်ကြီး ပြုတ်ကျလာတဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ နောက် ကိုယ်တိုင်တောင်မှပဲ ကျွန်တော့် နောက်ဘက် နံရံက ကွန်ကရစ်တုံးကြီး ပြုတ်ကျလာတာ ကံကောင်းလို့ အသက်ဘေးကနေပြီးတော့မှ သီသီလေး လွတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို အခက်အခဲ အကျပ်အတည်း အမျိုးမျိုးတွေ ကြားထဲကပဲ ကျွန်တော်တို့ တစ်ဖွဲ့လုံးဟာ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ ကြိုးစားခဲ့ကြခြင်းဖြစ်ပါတယ်။
အခုလို မြန်မာပြည်သူလူထု တစ်ရပ်လုံးရဲ့ သောင်းသောင်းဖြဖြ ထောက်ပံ့အားပေးမှုတွေကိုလည်းပဲ ကျွန်တော်တို့တစ်ဖွဲ့လုံးက အထူးတန်ဖိုးထားပြီးတော့မှ ကျေးဇူးတင်နေကြပါကြောင်းနှင့် ကျွန်တော် တို့တစ်ဖွဲ့လုံးက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ နိုင်ငံနဲ့ပြည်သူကို ကြိုးစားပြီးတော့မှ ကာကွယ်သွားပါမယ်ဆိုတဲ့ အကြောင်းကိုလည်းပဲ နောက်ဆုံးအနေနဲ့ တင်ပြချင်ပါတယ်။ အားလုံးပဲ ကြည့်ရှုနားထောင်ပေးတဲ့အတွက် ကျေးဇူးအများကြီးပဲ တင်ရှိပါတယ်။ သောတရှင် မိဘ ပြည်သူအပေါင်းတို့ ကျန်းမာ ချမ်းသာကြပါစေ။
