အီရန်နိုင်ငံခြားရေးဝန်ကြီး၏ ပါကစ္စတန်ခရီးစဉ်ကြောင့် အမေရိကန်နှင့် ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ဖွယ်ရှိ

News Image

  • အီရန်နိုင်ငံခြားရေးဝန်ကြီး၏ ပါကစ္စတန်ခရီးစဉ်ကြောင့် အမေရိကန်နှင့် ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ဖွယ်ရှိ

     အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်အာရတ်ချီ၏ ဧပြီ ၂၄ ရက် ပါကစ္စတန်နိုင်ငံ ခရီးစဉ်ကြောင့် ယခုသီတင်းပတ်အစောပိုင်းက ပျက်ပြယ်သွားသည့် အမေရိကန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်

နိုင်ဖွယ်ရှိသည့် မျှော်လင့်ချက်များ ထွက်ပေါ်လာနေကြောင်းသိရသည်။ အဆိုပါခရီးစဉ်တွင် အမေရိကန်နှင့် ဆွေးနွေးမှုလုပ်မည့်အကြောင်းကို အီရန်နိုင်ငံပိုင်မီဒီယာများက ထည့်သွင်းဖော်ပြထားခြင်း မရှိသော်လည်း ပါကစ္စတန်အစိုးရ သတင်းရင်းမြစ်များကမူ ၎င်းခရီးစဉ်သည် ဆွေးနွေးပွဲများ ပြန်စမည့် အချက်ပြမှုဖြစ်နိုင်ကြောင်း ပြောဆိုလျက်ရှိသည်။

အလားအလာရှိသော ဆွေးနွေးပွဲများအတွက် အမေရိကန်ဘက်မှ လုံခြုံရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး အဖွဲ့တစ်ခုသည်လည်း ပါကစ္စတန်သို့ ကြိုတင်ရောက်ရှိနေပြီဖြစ်သည်။ သမ္မတရုံး၏အတည်ပြုချက်ကို စောင့်ဆိုင်းနေရဆဲဖြစ်သော်လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က အီရန်အနေဖြင့် အမေရိကန်နှင့် ကောင်းမွန်သော သဘောတူညီချက်တစ်ရပ် ရယူနိုင်မည့် အခွင့်အရေးရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အမေရိကန်အစိုးရက အီရန်နှင့်အပစ်အခတ်ရပ်စဲရေးကို အချိန်ထပ်မံတိုးမြှင့်ပေးထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စတင်နိုင်မည့်မျှော်လင့်ချက်ကြောင့် ကမ္ဘာ့ရေနံဈေးနှုန်း ပြန်လည်ကျဆင်း လာကြောင်း သိရသည်။       

MWD