အမေရိကန်က ထိုင်းနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံအတွက် ဗီဇာဝန်ဆောင်မှုများကို ရပ်ဆိုင်းမည်

News Image

  • အမေရိကန်က ထိုင်းနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံအတွက် ဗီဇာဝန်ဆောင်မှုများကို ရပ်ဆိုင်းမည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာချွန်လွှာတစ်ခုကို ကိုးကား၍ Fox News က ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၁၄) တွင် ဖော်ပြခဲ့ရာ၌ ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံမှ လာရောက်လည်ပတ်သူများအတွက် ဗီဇာထုတ်ပေးခြင်းလုပ်ငန်းစဉ်အားလုံးကို ဇန်နဝါရီလ ၂၁ ရက်နေ့မှစ၍ ရပ်ဆိုင်းရန် ထရမ့်အစိုးရက ပြင်ဆင်နေသည်ဟု ဆိုသည်။ အဆိုပါ စာရင်းတွင် ထိုင်းနိုင်ငံအပြင် မြန်မာ ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ရုရှား နှင့် အခြားနိုင်ငံပေါင်း ၇၅ နိုင်ငံ ပါဝင်နေကြောင်း သတင်းရင်းမြစ်များက ဖော်ပြထားသည်။

အဆိုပါသတင်းဖော်ပြချက်အရ ဆိုမာလီယာ၊ ရုရှား၊ အီရန်၊ အာဖဂန် နစ္စတန်၊ ဘရာဇီး၊ နိုင်ဂျီးရီးယားနှင့် ထိုင်းနိုင်ငံတို့သည် ဗီဇာရပ်ဆိုင်းမှု သက်ရောက်မည့်နိုင်ငံများထဲတွင် ပါဝင်နေသည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ၎င်း၏လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်နေစဉ် အတွင်း တည်ဆဲဥပဒေအရ ဗီဇာများကို ငြင်းပယ်ရန် အမေရိကန် သံရုံး များကို ညွှန်ကြားထားကြောင်း Fox News က ဖော်ပြခဲ့သည့် အဆိုပါ စာချွန်လွှာနှင့်ပတ်သက်၍ မှတ်ချက်ပေးရန်တောင်းဆိုမှုအပေါ် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ချက်ချင်းတုံ့ပြန်ခြင်း မရှိခဲ့ပေ။ မည်မျှ ကြာမြင့်မည်ဆိုသည့် အချိန်ကာလကိုမူ ဖော်ပြထားခြင်းမရှိပေ။ 

သတင်းဖော်ပြချက်အရ အဆိုပါ ဗီဇာထုတ်ပေးမှု ယာယီ ရပ်ဆိုင်းခြင်းသည် ရီပတ်ဘလီကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး အပေါ် ပြင်းထန်စွာနှိမ်နင်းမှုများ (Immigration Crackdown) ကြား တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

နိုဝင်ဘာလအတွင်းက အာဖဂန်နိုင်ငံသားတစ်ဦး၏ အိမ်ဖြူတော်အနီး ပစ်ခတ်မှုကြောင့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီးနောက် သမ္မတထရမ့်က 'တတိယကမ္ဘာ့နိုင်ငံများ' အားလုံးမှ ပြောင်းရွှေ့ အခြေချ နေထိုင်မှုများကို အပြီးတိုင် ရပ်ဆိုင်းသွားမည်ဟု ကတိပြုခဲ့သည်။

Fox News ၏ ဖော်ပြချက်အရ နိုဝင်ဘာလအတွင်းက ကမ္ဘာတစ်ဝှမ်းရှိ သံရုံးများသို့ပေးပို့ခဲ့သော နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေးနန်းစာတွင် လူဝင်မှုကြီးကြပ်ရေးဥပဒေ၏ 'အများပြည်သူဆိုင်ရာ ဝန်ထုပ်ဝန်ပိုး' (Public Charge) ဟု ခေါ်ဆိုသော ပြဋ္ဌာန်းချက်အရ ကျယ်ပြန့်သော စိစစ်ရေး စည်းမျဉ်းအသစ်များကို အားလုံးလိုက်နာဆောင်ရွက်ရန် ကောင်စစ်ဝန်များကို ညွှန်ကြားခဲ့သည်။

အဆိုပါ လမ်းညွှန်ချက်သည် ကျန်းမာရေး၊ အသက်အရွယ်၊ အင်္ဂလိပ်စာ ကျွမ်းကျင်မှု၊ ဘဏ္ဍာရေး အခြေအနေနှင့် ရေရှည်ဆေးဝါးကုသမှုခံယူရန် လိုအပ်နိုင်ခြေရှိမှုအပါအဝင် အချက်အလက်များစွာကို ထည့်သွင်း စဉ်းစားပြီး၊ အစိုးရ၏အထောက်အပံ့များကို အားကိုးနိုင်ခြေရှိသည်ဟု ယူဆရသော လျှောက်ထားသူများကို ဗီဇာငြင်းပယ်ရန် ကောင်စစ်ဝန် များကို ညွှန်ကြားထားသည်။

ကိုးကား- Babgkok Post

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂