ဂရင်းလန်းတွင် ရှင်သန်ရပ်တည်ရေး အထောက်အကူပြုပစ္စည်းများ ရောင်းအားအဆမတန်မြင့်တက်နေကြောင်း CNN ဖော်ပြ
ဂရင်းလန်းကျွန်း၏မြို့တော် နုဒ် (Nuuk) တွင် ရှင်သန်ရပ်တည်ရေး အထောက်အကူပြုပစ္စည်းများနှင့် တာရှည်ခံအစားအစာများ ဝယ်လိုအား အဆမတန် မြင့်တက်နေကြောင်း ဒေသခံလက်လီအရောင်းဆိုင်များကို ကိုးကား၍ CNN သတင်းဌာနက တနင်္လာနေ့ (ဇန်နဝါရီ ၁၉) တွင် ဖော်ပြခဲ့သည်။ အာတိတ်ကျွန်းပေါ်တွင် အမေရိကန်၏ ကြားဝင်စွက်ဖက် မှုများ ရှိလာနိုင်သည့်အပေါ် စိုးရိမ်မှုများတိုးပွားလာရာမှ ယခုကဲ့သို့ အရောင်းသွက်လာခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် ၎င်း၏ ပထမသက်တမ်းကတည်းက ကြိုးပမ်းခဲ့သည့် ဂရင်းလန်း ကျွန်းကို ဝါရှင်တန်၏ ထိန်းချုပ်မှုအောက်သို့ သွင်းယူရေးအစီအစဉ်ကို ပိုမိုပြင်းထန်စွာ တွန်းအားပေးလာခဲ့သည်။ အာတိတ်ဒေသတွင် တရုတ် နှင့် ရုရှားတို့၏ သြဇာလွှမ်းမိုးမှုကို တုံ့ပြန်ရန်အတွက် ထိုသို့ဝယ်ယူရန် ကြိုးပမ်းမှုသည် အမေရိကန် အမျိုးသားလုံခြုံရေးအတွက် အရေးကြီးကြောင်း ၎င်းက အကြောင်းပြထားသော်လည်း ပေကျင်းနှင့် မော်စကိုတို့ကမူ ယင်း အဆိုကို ပယ်ချထားသည်။
ဂရင်းလန်းကျွန်းကိုဝယ်ယူရန် ၎င်း၏တွန်းအားပေးမှုကို ထောက်ခံရန် ငြင်းဆန်သည့် ဥရောပရှိ အမေရိကန် ကုန်သွယ်ဖက်နိုင်ငံများအပေါ် လာမည့်ဖေဖော်ဝါရီလတွင် အပိုဆောင်း ကုန်သွယ်ခွန် ၁၀ ရာခိုင်နှုန်း စည်းကြပ်မည်ဟု ထရမ့်ကလွန်ခဲ့သည့်သီတင်းပတ်တွင် ကတိပြုခဲ့ပြီးနောက် တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့သည်။ ထို့အပြင် "အပြီးသတ် အလုံးစုံ ဝယ်ယူမှု" မပြီးမချင်း အဆိုပါ ကုန်သွယ်ခွန်များကို ဇွန်လတွင် ၂၅ ရာခိုင်နှုန်းအထိတိုးမြှင့်သွားမည်ဟုလည်း ၎င်းက ဆိုသည်။
တနင်္ဂနွေနေ့ (ဇန်နဝါရီ ၁၈) တွင် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က အမေရိကန်အနေဖြင့် ဂရင်းလန်းကို ပေါ်ပေါက်လာနေသော အာတိတ် အတွက်တိုက်ပွဲတွင် ၎င်းတို့၏ ကာကွယ်ရေးအတွက် အလွန်အရေး ပါသော နေရာတစ်ခုအဖြစ်ရှုမြင်ကြောင်း ပြောကြားခဲ့သည်။ ၎င်းအပြင် ဥရောပမိတ်ဖက်နိုင်ငံများသည်လည်း ကျွန်းကို ဝါရှင်တန်ထံ လွှဲပြောင်း ပေးရမည့် အယူအဆအပေါ် နောက်ဆုံးတွင် လက်ခံသဘောတူလာကြ လိမ့်မည်ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။
နုဒ်မြို့ရှိ ဆိုင်ရှင်များက CNN သို့ ပြောကြားရာတွင် ဒေသခံများသည် ခရီးဆောင် မီးဖိုများ၊ သက်တမ်းကြာရှည်ခံသည့် အစားအစာများနှင့်အေးခဲထားသော အခြောက်ခံအစားအစာများကို ပိုမိုဝယ်ယူ စုဆောင်းလာ ကြကြောင်း သိရှိရသည်။
တစ်ဖက်တွင်လည်း Reuters သတင်းဌာနက တနင်္ဂနွေနေ့ (ဇန်နဝါရီ ၁၈) တွင် ဒေသခံများကို မေးမြန်းချက်အရ ဂရင်းလန်းကို အမေရိကန် က သိမ်းယူမည့် မည်သည့်အစီအစဉ်ကိုမဆို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း နှင့် ထရမ့်၏ပြောဆိုချက်များသည် ယုတ္တိမရှိသလို ခြိမ်းခြောက်မှု တစ်ခု သာဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ ဂရင်းလန်းသားများသည် ၎င်းတို့ အနေဖြင့် ကြောက်ရွံ့ခြင်းမရှိကြောင်း အလေးပေးပြောကြားခဲ့ပြီး၊ ထို အစီအစဉ်မှာ ကျရှုံးမည်ဖြစ်ကြောင်း ယုံကြည်မှုရှိနေကြသည်။ ထို့ပြင် ကျွန်း၏အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် ဥရောပမဟာမိတ် များထံမှ နိုင်ငံရေးနှင့် စစ်ရေးအရ ထောက်ခံမှုများရှိနေကြောင်းကိုလည်း ညွှန်းဆိုပြခဲ့ကြသည်။
လွန်ခဲ့သည့်သီတင်းပတ်က ဂျာမနီ၊ ပြင်သစ်၊ ဆွီဒင်၊ နော်ဝေနှင့် ဗြိတိန် အပါအဝင် ဥရောပနိုင်ငံအချို့သည် ဒိန်းမတ်ဦးဆောင်သည့် စစ်ရေး လေ့ကျင့်မှု အတွက် ဂရင်းလန်းသို့ စစ်ဘက်ဆိုင်ရာဝန်ထမ်း ၁ ဦးမှ ၁၅ ဦးအထိ အသီးသီးစေလွှတ်ခဲ့ကြသည်။ ဂျာမနီ စစ်ဘက်ဝန်ထမ်းများမှာမူ ကျွန်းမှပြန်လည်ထွက်ခွာသွားပြီ ဖြစ်သည်။
ထရမ့်၏ ကုန်သွယ်ခွန် ခြိမ်းခြောက်မှုများကိုတုံ့ပြန်သည့်အနေဖြင့် ဥရောပ သမဂ္ဂ (EU) က ၎င်းတို့၏စီးပွားရေးအကျိုးအမြတ်များကို တန်ပြန် အရေး ယူမှုများဖြင့် ကာကွယ်သွားမည်ဟု ကတိပြုထားသည်။ ယင်းတွင် ဆိုင်းငံ့ ထားသော ယူရို ၉၃ ဘီလီယံ (ဒေါ်လာ ၁၀၈ ဘီလီယံ) တန်ဖိုးရှိ တန်ပြန်ကုန်သွယ်ခွန်အစီအစဉ်ကို ပြန်လည်အသက်သွင်းနိုင်ခြေလည်း ပါဝင်သည်။ ထို့ပြင် ဘရပ်ဆဲလ်သည် ဈေးကွက်ဝင်ရောက်ခွင့် ကန့်သတ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးများကို ကန့်သတ်ခြင်း စသည့်နည်းလမ်းများဖြင့် စီးပွားရေးအရ အဓမ္မဖိအားပေးမှုများကို အပြစ် ပေးရန်ရည်ရွယ်ထားသည့် အဓမ္မဖိအားပေးမှု တိုက်ဖျက်ရေး ယန္တရား (Anti-Coercion Instrument - ACI) ကို အသုံးပြုရန်လည်း စဉ်းစား နေသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,