ဗြိတိန်နိုင်ငံ၏ ‘အစွန်းရောက်မှု ဆန့်ကျင်ရေးဂိမ်း’ သည် မမျှော်လင့်ဘဲ အစီအစဉ်လွဲချော်သွားခဲ့ပြီး အွန်လိုင်းတွင် ဟာသဗီဒီယိုနှင့် ပုံရိပ်များ (Viral Meme) အဖြစ် ပျံ့နှံ့သွားခဲ့

News Image

  • ဗြိတိန်နိုင်ငံ၏ ‘အစွန်းရောက်မှု ဆန့်ကျင်ရေးဂိမ်း’ သည် မမျှော်လင့်ဘဲ အစီအစဉ်လွဲချော်သွားခဲ့ပြီး အွန်လိုင်းတွင် ဟာသဗီဒီယိုနှင့် ပုံရိပ်များ (Viral Meme) အဖြစ် ပျံ့နှံ့သွားခဲ့

ဗြိတိန်အစိုးရမှ ဆယ်ကျော်သက်လူငယ်များ အစွန်းရောက်ဝါဒီဘက်သို့ မရောက်ရှိစေရန် ရည်ရွယ်၍ထုတ်လုပ်ခဲ့သော ဗီဒီယိုဂိမ်းတစ်ခုသည် မျှော်လင့်မထားသည့်ရလဒ်ဆိုးနှင့် ရင်ဆိုင်ခဲ့ရသည်။ အဆိုပါဂိမ်းတွင် လူဆိုးဇာတ်ကောင်အဖြစ် သတ်မှတ်ထားသည့် ဇာတ်ကောင်မှာ အလုံးအရင်းနှင့်လူဝင်မှုကြီးကြပ်ရေးကို ဆန့်ကျင်ကန့်ကွက်သူများအကြားတွင် လူကြိုက်များသည့် သင်္ကေတ (Viral Symbol) တစ်ခုအဖြစ် ပြောင်းလဲ သွားခဲ့သည်။

ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာန၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး အစီအစဉ် ဖြစ်သော Prevent မှ ရန်ပုံငွေထောက်ပံ့ထားသည့် "Pathways" အမည်ရ အဆိုပါဂိမ်းသည် အသက် ၁၁ နှစ်မှ ၁၈ နှစ်ကြား လူငယ်များကို ပစ်မှတ် ထားခြင်းဖြစ်သည်။ ဂိမ်းကစားသူသည် "Charlie" အမည်ရှိ (ကျား/မ ခွဲခြားမှုမရှိသော) ကျောင်းသားတစ်ဦးအဖြစ် ပါဝင်ရပြီး၊ ရွေးချယ်မှုများ အပေါ်မူတည်၍ "အစွန်းရောက်မှုတိုင်းတာသည့်မီတာ" (Radicalization Meter) တက်ခြင်း၊ ကျခြင်းတို့ကို လမ်းညွှန်ပေးရမည်ဖြစ်သည်။

ဂိမ်းအတွင်းရှိသင်ခန်းစာများတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို ရှာဖွေခြင်း၊ "ဗြိတိန်စစ်ပြန်များ၏ အရေးပေါ် နေရာထိုင်ခင်းများကို မူဆလင်အမျိုးသားများက လုယူနေသည်" ဆိုသည့် သတင်းများကို ဖတ်ရှုခြင်း၊ အင်တာနက်မှ အချို့သော အကြောင်းအရာ များကို ဒေါင်းလုဒ်ဆွဲခြင်း သို့မဟုတ် ကြည့်ရှုခြင်း စသည့် လုပ်ဆောင် ချက်များသည် အကြမ်းဖက်မှုနှင့်ပတ်သက်၍ အစီရင်ခံရခြင်း သို့မဟုတ် ပြစ်ဒဏ်စီရင်ခံရခြင်းများအထိ ဖြစ်စေနိုင်ကြောင်း သတိပေးထားသည်။

ဂိမ်း၏ဇာတ်လမ်းအရ ခရမ်းရောင်ဆံပင်နှင့် Amelia အမည်ရှိ မိန်းကလေး တစ်ဦးကို မိတ်ဆက်ပေးထားပြီး သူမသည် အလုံးအရင်းနှင့် လူဝင်မှု ကြီးကြပ်ရေးကို မေးခွန်းထုတ်ကာ ဗြိတိန်၏တန်ဖိုးထားမှုများနှင့် ယဉ်ကျေးမှု ကိုကာကွယ်ရန် စည်းရုံးလှုံ့ဆော်သူဖြစ်သည်။ သူမကို ဂိမ်းထဲတွင် အဓိက လူဆိုးဇာတ်ကောင် (Antagonist) အဖြစ် ပုံဖော်ထားပြီး၊ ကစားသူက သူမ၏ အယူအဆများကိုထောက်ခံပါက ပြဿနာတက်နိုင်ကြောင်း ပြသထားသည်။

သို့သော်လည်း အဆိုပါဂိမ်းသည် အွန်လိုင်းတွင် လူဝင်မှုကြီးကြပ်ရေးကို ဝေဖန်ကန့်ကွက်သူများ၏ အကြီးအကျယ်တုံ့ပြန်မှုကို ခံခဲ့ရသည်။ သတိပေးချက်အဖြစ်ရည်ရွယ်ခဲ့သည့် Amelia မှာမူ Viral ဖြစ်သွားပြီး၊ လူမှု ကွန်ရက်စာမျက်နှာများတွင် သူမကို "ဗြိတိန်အတွက် တိုက်ပွဲဝင်သူ" အဖြစ် ဂုဏ်ပြုသည့် Meme များ၊ ပရိသတ်ရေးဆွဲသည့် ပန်းချီကားများ (Fan Art) နှင့် ပြည့်နှက်သွားခဲ့သည်။

အသုံးပြုသူများက 'Pathways' ဂိမ်းကို နိုင်ငံတော်မှ လုပ်ကြံ ဖန်တီး ထားသည့် ဝါဒဖြန့်ချိရေး (Orwellian state propaganda) အဖြစ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ကြသည်။ အဆိုပါဂိမ်းသည် ငြိမ်းချမ်းစွာ ဖြင့် အမျိုးသားရေးစိုးရိမ်ပူပန်မှုများအား "အစွန်းရောက်ဝါဒီ" အဖြစ် ပုံဖော်ထားပြီး၊ စူစမ်းလိုစိတ်နှင့် နိုင်ငံရေးအရသဘောထားကွဲလွဲခြင်းတို့မှာ အန္တရာယ်ရှိသော အစွန်းရောက်မှုများဖြစ်ကြောင်း သွန်သင်နေသည်ဟု ၎င်းတို့က ဝေဖန်နေကြသည်။

ဝေဖန်သူများ၏အဆိုအရ ဂိမ်းသည် အစွန်းရောက်မှုအမျိုးမျိုးကို ဆန့်ကျင်သည်ဟု ဆိုသော်လည်း၊ လက်တွေ့တွင်မူ လူဝင်မှု ကြီးကြပ်ရေး ကို ဆန့်ကျင်သည့် အမြင်များကိုသာ သီးသန့်ပစ်မှတ်ထားနေကြောင်း ထောက်ပြကြသည်။ ထို့အပြင် အခြားသောအယူဝါဒစွဲများကို လျစ်လျူ ရှုပြီး ဆယ်ကျော်သက်လူငယ်များကို လက်ယာစွန်း ရောက်နိုင်ခြေရှိ သူများ အဖြစ်သာ ဆက်ဆံနေသည်ဟု ဆိုကြသည်။

သို့သော် ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာန (Home Office) ကမူ အဆိုပါ ဂိမ်းသည် "ဒေသတွင်း ခြိမ်းခြောက်မှုအခြေအနေ" (Local threat picture) ကို ကိုင်တွယ်ဖြေရှင်းခြင်းဖြစ်သည်ဟု အခိုင်အမာ ပြောဆိုထားသည်။ ထို့အပြင် Prevent အစီအစဉ်သည် လူပေါင်း ၆,၀၀၀ နီးပါးကို အကြမ်းဖက် ဝါဒများအတွင်းသို့ မရောက်ရှိစေရန် လမ်းကြောင်းလွှဲပေးနိုင်ခဲ့ကြောင်း ယခင်က အစီရင်ခံထားဖူးသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂