Air Force One လေယာဉ်အုပ်စုကို အသစ်လဲလှယ်ရန် ကြိုးပမ်းမှုများသည် နှောင့်နှေးမှုများနှင့် ရင်ဆိုင်နေရ

News Image

  • Air Force One လေယာဉ်အုပ်စုကို အသစ်လဲလှယ်ရန် ကြိုးပမ်းမှုများသည် နှောင့်နှေးမှုများနှင့် ရင်ဆိုင်နေရ

Air Force One အဖြစ်အသုံးပြုနေသည့် သက်တမ်းရင့် လေယာဉ် နှစ်စီးကို အစားထိုးရန် အမေရိကန်အစိုးရ၏ ရေရှည်ကြိုးပမ်းမှုသည် မကြာသေးမီနှစ်များအတွင်း ဆက်တိုက်ဆိုသလို နှောင့်နှေးမှုများနှင့် ရင်ဆိုင်နေရသည်။

လက်ရှိ Air Force One အဖြစ်အသုံးပြုနေသော လေယာဉ်များသည် သက်တမ်း နှစ် ၃၀ ကျော်ရှိပြီဖြစ်ပြီး Boeing ကုမ္ပဏီ၏ အစားထိုး 747-8 လေယာဉ်များကို ၂၀၂၈ ခုနှစ် နှစ်လယ်ပိုင်းမတိုင်မီကာလအထိ ပေးပို့ နိုင်လိမ့်မည်ဟု မမျှော်လင့်ရပေ။ ၎င်းသည် မူလက သတ်မှတ်ထားသည့် ၂၀၂၂ ခုနှစ် အချိန်ဇယားထက် နှစ်အတန်ကြာ နောက်ကျနေခြင်း ဖြစ်သည်။ လက်ရှိတွင် တန်ဖိုးဒေါ်လာ ၄.၃ ဘီလီယံကျော်ရှိသည့်စာချုပ်၏ အစိတ်အပိုင်း တစ်ခုအဖြစ် အဆိုပါ ဂျက်လေယာဉ်အသစ်များကို San Antonio မြို့တွင် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်နေသည်။

ဒီဇင်ဘာလတွင် လေတပ်က ဂျာမနီလေကြောင်းလိုင်း Lufthansa ထံမှ နောက်ထပ် Boeing 747-8 လေယာဉ်နှစ်စီးကို အနာဂတ် သမ္မတ လေယာဉ် အုပ်စုအတွက် လေ့ကျင့်ရေးနှင့် အပိုပစ္စည်းများထောက်ပံ့ရန် ဒေါ်လာသန်း ၄၀၀ ခန့်ဖြင့် ဝယ်ယူမည့်အစီအစဉ်ကို ကြေညာခဲ့သည်။ ထိုလေယာဉ်များ အနက်တစ်စီးကို ယခုနှစ်အစောပိုင်းတွင် ပေးပို့ရန် မျှော်လင့်ထားပြီး ဒုတိယတစ်စီးမှာ ယခုနှစ်ကုန်မတိုင်မီ ရောက်ရှိမည်ဖြစ်သည်။

ယင်းအပြင် လေတပ်သည် ကာတာ (Qatar) နိုင်ငံမှ လှူဒါန်းထားသော Boeing 747 လေယာဉ်တစ်စီးကိုလည်း သမ္မတအရံလေယာဉ်အဖြစ် အသုံးပြုနိုင်ရန် စတင်မွမ်းမံနေပြီ ဖြစ်သည်။ အဆိုပါလေယာဉ်ကို အမေရိကန်၏ လုံခြုံရေးနှင့်ဆက်သွယ်ရေး လိုအပ်ချက်များအညီ ဖြစ်စေရန် အကြီးစားပြန်လည်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သို့သော် ထိုလုပ်ငန်းစဉ်သည် လပေါင်းများစွာ သို့မဟုတ် နှစ်နှင့်ချီ၍ ကြာမြင့်နိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားပြီး လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများကြောင့် ပါတီနှစ်ရပ်လုံးမှ ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။

ကိုးကား- CNN

Photo: KVOA

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂