အမေရိကန်တစ်ဝန်းလုံးတွင် နှင်းမုန်တိုင်းများ တိုက်ခတ်မှုကြောင့် ပြည်နယ် ၁၈ ခု၌ အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့ရ
အမေရိကန်ပြည်ထောင်စုတစ်ဝန်းလုံးတွင် နှင်းမုန်တိုင်းများတိုက်ခတ်မှုကြောင့် ပြည်နယ် ၁၈ ခု၌ အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ရပြီး လေကြောင်းခရီးစဉ် ၁၂၀၀၀ နီးပါးရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
အမေရိကန် အာဏာပိုင်အဖွဲ့သည် နိုင်ငံအတွင်းရှိ ပြည်နယ် ၁၈ ခု၌ အရေးပေါ်အခြေအနေကို ဇန်နဝါရီလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ရခြင်းဖြစ်ပြီး အဆိုပါပြည်နယ်များအတွင်းရှိ လူပေါင်း သန်း ၁၈၀ ကျော်ကိုလည်း သတိဝီရိယနှင့် နေထိုင်ကြရန် သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။
နှင်းမုန်တိုင်းများသည် အမေရိကန် ပြည်ထောင်စုအတွင်း ဇန်နဝါရီလ ၂၄ ရက်မှ စတင်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး မုန်တိုင်းကြောင့် လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့ရသည့်အပြင် လမ်းမကြီးများပေါ်တွင်လည်း ရေခဲများ ဖုံးလွှမ်းမှုကြောင့် မော်တော်ကားမောင်းနှင်ရာတွင် အန္တရာယ်ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။
အချို့ပြည်နယ်များတွင် နှင်းမုန်တိုင်းကြောင့် အပူချိန်မှာ အနုတ် ၁၇ ဒီဂရီဆဲလ်စီးယက်အထိ ကျဆင်းခဲ့ရခြင်းကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများက အရေးပေါ်အခြေအနေများကို ထုတ်ပြန်ခဲ့ရခြင်း ဖြစ်သည်။
နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ပြည်နယ်များတွင် လျှပ်စစ်မီးများရက်အတော် ကြာပြတ်တောက်နိုင်ပြီး လမ်းပန်းဆက်သွယ်ရေးတွင်လည်း အခက်အခဲ၊ အဟန့်အတားများ ဖြစ်ပေါ်စေနိုင်သည်ဟု အမေရိကန် အာဏာပိုင်များက ခန့်မှန်းထားကြောင်း သိရသည်။
Ref: Iv
MWD

,