အမေရိကန်ဘဏ်များတွင် ထိန်းသိမ်းခံထားရသည့် ရုရှားပိုင် ဒေါ်လာ ၁ ဘီလီယံကို ပြန်လည်အသုံးပြုခွင့်ပေးလာက မည်သို့အသုံးချမည်ကို ရုရှား ဆုံးဖြတ်ပေးမည်
အမေရိကန်ပြည်ထောင်စုတွင် ထိန်းသိမ်းခံထားရသည့် ရုရှားပိုင်ဆိုင်မှု ဒေါ်လာ ၁ ဘီလီယံမှာ ရုရှားနိုင်ငံ၏ ပိုင်ဆိုင်မှုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး၊ ယင်းငွေကြေးများကို ပြန်လည်အသုံးပြုခွင့် ပေးလာပါက မော်စကိုအနေဖြင့် မည်သို့ အသုံးချသွားမည်ကို ကိုယ်တိုင် ဆုံးဖြတ်ညွှန်ကြားသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတရုံး ဒုတိယအကြီးအကဲ မက်စီမ် အိုရက်ရှ်ကင်က VGTRK သတင်းထောက် ပါဗယ် ဇာရူဘင်အား ပြောကြား လိုက်ပါသည်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က အမေရိကန်တွင် ထိန်းသိမ်းထားသည့် ရုရှားပိုင်ဆိုင်မှု ဒေါ်လာ ၁ ဘီလီယံကို “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” သို့ လွှဲပြောင်းပေးနိုင်ကြောင်း မကြာသေးမီက ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းက ယင်းသို့ ပြန်လည်ဖြေကြားလိုက်ခြင်း ဖြစ်ပါသည်။
လက်ရှိတွင် ရုရှားဘက်မှ အမိန့်ညွှန်ကြားချက်များကို အကောင်အထည်ဖော်ရန် တားမြစ်ခံထားရသည့် အမေရိကန်ဘဏ်များက အဆိုပါ ညွှန်ကြားချက်များကို လိုက်နာအကောင်အထည်ဖော်ပါက ငွေကြေးလွှဲပြောင်းမှုလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းကိုလည်း ၎င်းက ထောက်ပြခဲ့ပါသည်။
မကြာသေးမီက ကရင်မလင်တွင် ပါလက်စတိုင်းခေါင်းဆောင် မာမွတ် အဘတ်စ်နှင့် တွေ့ဆုံစဉ်တွင် ရုရှားသမ္မတ ပူတင်က ပါလက်စတိုင်း ပြည်သူများကို ကူညီထောက်ပံ့ရန်အတွက် “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” မှတစ်ဆင့် ဒေါ်လာ ၁ ဘီလီယံ ချထားပေးရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။ ယင်းဘုတ်အဖွဲ့သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန် ရုရှား သမ္မတပူတင်ကို ပြီးခဲ့သည့်အပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဖိတ်ကြားထားပါသည်။
အမေရိကန်တွင် ပိတ်ထားခံထားရသည့် ရုရှားပိုင်ဆိုင်မှုများကို အသုံးပြု၍ ငြိမ်းချမ်းရေးဘုတ်အဖွဲ့သို့ အထောက်အပံ့ငွေ ပေးချေရန် ကိစ္စကို ယခင်ကပင် အမေရိကန်ဘက်နှင့် ဆွေးနွေးခဲ့ပြီး၊ ဇန်နဝါရီ ၂၂ ရက်နေ့တွင် ကရင်မလင်၌ ရုရှားသမ္မတနှင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဉ်၌လည်း ယင်းအကြောင်းကို ထပ်မံ ဆွေးနွေးခဲ့ကြောင်း သိရပါသည်။
ကိုးကား - TASS
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

,