ပြင်သစ်နိုင်ငံ လိုင်လီမြို့တွင် မီးသတ်သမားရာပေါင်းများစွာ လမ်းပေါ်ထွက်ဆန္ဒပြ၊ ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွား
ပြင်သစ်နိုင်ငံ၊ လိုင်လီမြို့တွင် မီးသတ်သမား ရာပေါင်းများစွာသည် လုပ်ခလစာနည်းပါးမှုနှင့် ပင်ပန်းဆင်းရဲသော လုပ်ငန်းခွင် အခြေအနေများကို ဆန့်ကျင်သည့်အနေဖြင့် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူများကို တားဆီးရန်ကြိုးပမ်းသည့် ရဲတပ်ဖွဲ့ဝင်များသည် ကိုယ်ထိလက်ရောက်တိုက်ခိုက်ခြင်းနှင့် မီးသတ်ဆေးဘူးများဖြင့် ပက်ခြင်းတို့ကို ခံခဲ့ရသည်။
ကြာသပတေးနေ့ (ဇန်နဝါရီ ၂၉) က ပြုလုပ်ခဲ့သော အဆိုပါဆန္ဒပြပွဲတွင် မီးသတ်သမား ၆၀၀ ခန့် ပါဝင်ခဲ့ကြောင်း ပြင်သစ်သတင်း မီဒီယာများက ဖော်ပြခဲ့သည်။ ၎င်းတို့သည် လိုင်လီမြို့ရှိ မီးသတ်စခန်းတစ်ခုတွင် စုဝေးပြီးနောက် ခရိုင်မီးသတ်နှင့် ကယ်ဆယ်ရေးဌာန (SDIS) ရုံးချုပ်သို့ ချီတက်ခဲ့ကြပြီး လမ်းတစ်လျှောက်တွင် မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်းနှင့် မီးပုံ ရှို့ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ပြင်သစ်နိုင်ငံ မြောက်ပိုင်းဒေသတွင် မီးသတ်သမား အင်အား ၁၀၀ ကျော် လိုအပ်နေပြီး တာဝန်ကျနေသူများမှာလည်း ပုံမှန်ထက် နှစ်ဆပိုမိုသော အလုပ်ဝန်ထုပ်ဝန်ပိုးများကို ထမ်းဆောင်နေရသည်ဟု အလုပ်သမားသမဂ္ဂများက ဆိုသည်။
အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့သည် ကနဦးတွင် ၎င်းတို့၏ ဒိုင်းများကိုချကာ ဆန္ဒပြသူများကို SDIS အဆောက်အအုံအနီးသို့ ချဉ်းကပ်ခွင့်ပြုခဲ့သည်။ သို့သော်လည်း မီးသတ်သမားများက အဆောက်အအုံ၏ ဧည့်ခန်းမဆောင်ကိုဖျက်ဆီးပြီး အပြင်ဘက်တွင် တာယာများ မီးရှို့ခဲ့ကြပြီး နောက်တွင်မူ လက်နက်အပြည့်အစုံတပ်ဆင်ထားသော ရဲတပ်ဖွဲ့ဝင်များက လူစုခွဲရန် ကြိုးပမ်းခဲ့ကြသည်။
မီးသတ်သမားများသည် ရဲတပ်ဖွဲ့ဝင်များကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်းများ ပြုလုပ်ကာ ပြန်လည်ခုခံခဲ့ကြသဖြင့် ရဲတပ်ဖွဲ့ဝင်များမှာ ကားပါကင်အတွင်းသို့ ဆုတ်ခွာခဲ့ရသည်။ ထို့ပြင် မီးသတ်သမားများက ရဲများကို မီးသတ်ဆေးဘူးများဖြင့် ပက်ခဲ့ကြပြီး နောက်ဆုံးတွင် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများနှင့် နံပါတ်တုတ်များကို အသုံးပြုကာ လူစုခွဲခဲ့သဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှု ရပ်တန့်သွားခဲ့သည်။
သို့သော် ထိုဆန္ဒပြပွဲသည် ၎င်း၏ ရည်မှန်းချက်များကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့သည်။ ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားပြီး မကြာမီမှာပင် SDIS ကိုယ်စားလှယ်များသည် သမဂ္ဂခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး မီးသတ်သမားအင်အား ၅၀ ထပ်မံခန့်အပ်ရန် ကတိပြုခဲ့သည်။ သမဂ္ဂ အတွင်းရေးမှူးတစ်ဦးက Ici ရေဒီယိုသို့ ပြောကြားရာတွင် “အံ့ဩစရာကောင်းသည်မှာ ၎င်းတို့သည် ငွေကြေးစုဆောင်းနိုင်မည့် နည်းလမ်းနှင့် လိုအပ်သည့် ရန်ပုံငွေကို မည်သို့ ရှာရမလဲဆိုသည်ကို တွေ့သွားကြသည် ၊ ကျွန်တော်တို့ လိုချင်သည်ကို ရရန်အတွက် အင်အားပြရန် လိုခဲ့တာပါ” ဟု ဆိုသည်။
အဆိုပါ ဆန္ဒပြပွဲသည် မကြာသေးမီလများအတွင်း ပြင်သစ်နိုင်ငံ၌ ဆက်တိုက်ဖြစ်ပွားနေသော သပိတ်မှောက်မှုများ၊ ဆန္ဒပြပွဲများနှင့် ဆူပူအုံကြွမှုများထဲမှ နောက်ဆုံးဖြစ်ရပ်တစ်ခုဖြစ်သည်။ ဝန်ကြီးချုပ် ဆီဘက်စတီယန် လီကော်နူး (Sebastien Lecornu) ၏ အစိုးရအဖွဲ့သည် ဖွဲ့စည်းပြီး ၁၄ နာရီအကြာတွင်ပင် ပြိုလဲသွားခဲ့ပြီးနောက်၊ စက်တင်ဘာလအတွင်းက လူပေါင်းသိန်းချီ လမ်းပေါ်ထွက်ကာ ဘတ်ဂျက်လျှော့ချမည့် အစီအစဉ်များကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ လီကော်နူးသည် နောက်လတွင် ဒုတိယအကြိမ် အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့သော်လည်း ၎င်းမှာ နောက်ထပ် ဆန္ဒပြပွဲလှိုင်းလုံးများကိုသာ ဖြစ်ပေါ်စေခဲ့သည်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) သည် တည်ငြိမ်သော အစိုးရတစ်ရပ်ကို ခန့်အပ်နိုင်ခြင်းမရှိမှုနှင့် လူထုက လုံးဝ လက်မခံသည့် ခြိုးခြံချွေတာရေး အစီအစဉ်များကို အတင်းအကျပ် အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုတို့ကြောင့် ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုမှုများနှင့် ရင်ဆိုင်နေရသည်။ အောက်တိုဘာလတွင် ပြုလုပ်ခဲ့သော ဒုတိယအကျော့ဆန္ဒပြပွဲများအပြီးတွင် သမ္မတမက်ခရွန်အပေါ် လူထုထောက်ခံမှုနှုန်းမှာ စံချိန်တင်အနိမ့်ဆုံး ၁၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,