နိုင်ငံရေးတင်းမာမှုများကြားမှ ဂျပန်ခရီးစဉ်များကို ဟောင်ကောင်သားများ ဆက်လက်နှစ်သက်နေဆဲဖြစ်
ပေကျင်းနှင့် တိုကျိုကြား ပထဝီနိုင်ငံရေး တင်းမာမှုများ မြင့်တက်နေသော်လည်း ဟောင်ကောင်ခရီးသွားများသည် ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်ရန် စိတ်အားထက်သန်မှု လျော့ကျခြင်းမရှိကြောင်း သိရှိရသည်။ တရုတ်ပြည်မကြီးနှင့် ဂျပန်နိုင်ငံအကြား လေကြောင်း ခရီးစဉ်ပေါင်း ၄၉ ခုခန့် ဖျက်သိမ်းခံထားရသော်လည်း ဟောင်ကောင်မှ ဂျပန်သို့ ပျံသန်းသည့် လေကြောင်းလိုင်းများမှာမူ ထိခိုက်မှုမရှိဘဲ ပုံမှန်အတိုင်း ပြေးဆွဲနေသည်။ ထို့အပြင် ဂျပန်ယန်းငွေတန်ဖိုး ကျဆင်းနေခြင်းက ဟောင်ကောင်သားများအတွက် ဂျပန်တွင် ငွေသုံးစွဲရန် ပိုမိုတွန်းအားပေးသည့် အချက်တစ်ချက် ဖြစ်နေသည်။
ကြာသပတေးနေ့ (ဇန်နဝါရီ ၂၉) က စတင်ကျင်းပသည့် "Hong Kong Holiday and Travel Expo" ပြပွဲတွင် ခရီးသွားလုပ်ငန်းရှင်များက ဟောင်ကောင်သား ၇၀ ရာခိုင်နှုန်းခန့်သည် ဂျပန်သို့ ကိုယ်ပိုင်အစီအစဉ်ဖြင့် သွားရောက်လေ့ရှိပြီး၊ တရုတ်ပြည်မကြီးရှိ လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခံရမှုကြောင့် တရုတ်နိုင်ငံသားအချို့ပင် ဟောင်ကောင်မှ တစ်ဆင့် ဂျပန်သို့ သွားရောက်ရန် ရွေးချယ်လာကြကြောင်း ပြောကြားခဲ့သည်။ ထူးခြားချက်အနေဖြင့် ယခုနှစ်တွင် တရုတ်ပြည်မကြီးရှိ ရှင်ကျန်းနှင့် ယူနန်ဒေသများသို့ သွားရောက်သည့် ဟောင်ကောင်ခရီးသွားအဖွဲ့ (Tour Groups) အရေအတွက်မှာလည်း သိသိသာသာ မြင့်တက်လာပြီး ထိပ်တန်း ခရီးစဉ်များအဖြစ် ရပ်တည်နေသည်။
ဂျပန်ဝန်ကြီးချုပ်၏ ထိုင်ဝမ်အရေး ပြောကြားချက်များကြောင့် ပေကျင်း အစိုးရက ၎င်း၏ နိုင်ငံသားများကို ဂျပန်သို့ မသွားရောက်ရန် သတိပေးချက်ထုတ်ပြန်ထားသော်လည်း လုပ်ငန်းရှင်များကမူ နိုင်ငံရေးရိုက်ခတ်မှုမှာ ယာယီသာဖြစ်သည်ဟု ရှုမြင်ကြသည်။ ၂၀၂၅ ခုနှစ်အတွင်း ဟောင်ကောင်သား ၂.၅ သန်းကျော် ဂျပန်သို့ သွားရောက်ခဲ့ပြီး ငလျင်ကောလာဟလများကြောင့် ခရီးသွားဦးရေ ခေတ္တကျဆင်းခဲ့သော်လည်း လက်ရှိတွင် ဝယ်လိုအား ပြန်လည်မြင့်တက်နေပြီဖြစ်သည်။ ဟောင်ကောင်အစိုးရ၏ အဆိုအရ လေဆိပ်၏ တတိယမြောက် ပြေးလမ်းသစ်ကြောင့် လေကြောင်းခရီးစဉ်များမှာ ကိုဗစ်မတိုင်မီအခြေအနေ၏ ၈၆ ရာခိုင်နှုန်းခန့်အထိပြန်လည်ကောင်းမွန်လာတော့မည်ဖြစ်သဖြင့် လာမည့်နှစ်တွင် ပြည်တွင်း ပြည်ပ ခရီးသွားလာမှုများ ပိုမိုအားကောင်းလာမည်ဟု မျှော်လင့်ရသည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,