အိန္ဒိယနိုင်ငံက စံချိန်တင် စစ်ရေးအသုံးစရိတ်ကို ကြေညာ
အိန္ဒိယနိုင်ငံသည် ၂၀၂၆-၂၇ ဘဏ္ဍာနှစ်အတွက် ၎င်း၏ အသုံးစရိတ်တွင် စစ်ရေးအသုံးစရိတ်အဖြစ် ဒေါ်လာ ၈၅ ဘီလီယံ သတ်မှတ်လျာထားခဲ့ပြီး ၎င်းမှာ ၁၅ ရာခိုင်နှုန်းဖြင့် စံချိန်တင်တိုးမြှင့်မှုဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Nirmala Sitharaman က သူမ၏ နှစ်ပတ်လည် အသုံးစရိတ်မိန့်ခွန်းတွင် လွှတ်တော်သို့ ပြောကြားခဲ့သည်။
အဆိုပါ သိသာထင်ရှားသော တိုးမြှင့်မှုသည် ၂၀၂၅ ခုနှစ် မေလတွင် အိမ်နီးချင်း ပါကစ္စတန်နိုင်ငံနှင့်ဖြစ်ပွားခဲ့သော ခေတ္တစစ်ရေးပဋိပက္ခအပြီးတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ လက်နက်ကိုင်တပ်ဖွဲ့များအတွက် အဓိကဝယ်ယူရေးအစီအစဉ်များတွင် အသုံးပြုရန် ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ် (Capital expenditure) ကို ဒေါ်လာ ၂၃ ဘီလီယံ သတ်မှတ်ထားသည်။ "၂၀၂၆-၂၀၂၇ ပြည်ထောင်စုအသုံးစရိတ်သည် အိန္ဒိယ၏ ကာကွယ်ရေးစွမ်းပကားကို ပိုမိုတောင့်တင်းခိုင်မာစေရန် အထောက်အကူပြုလိမ့်မည်" ဟု ကာကွယ်ရေးဝန်ကြီး Rajnath Singh က နောက်ပိုင်းတွင် X လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။
ယခုနှစ်အစောပိုင်းက ပါကစ္စတန်နှင့် နယ်စပ်ဖြတ်ကျော်ပဋိပက္ခများကို တုံ့ပြန်သည့်အနေဖြင့် ဆောင်ရွက်ခဲ့သော "Operation Sindoor" အမည်ရ အကန့်အသတ်ရှိသော စစ်ဆင်ရေးအပြီးတွင် ယခုအသုံးစရိတ်၏ အဓိကအာရုံစိုက်မှုမှာ လက်နက်ကိုင်တပ်ဖွဲ့များကို ခေတ်မီအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း Singh က ပြောကြားခဲ့သည်။ ဧပြီလ ၂၂ ရက်နေ့က ဂျမ်မူးနှင့် ကက်ရှမီးယား (Jammu and Kashmir) ဒေသတွင် လူပေါင်း ၂၆ ဦး သေဆုံးခဲ့သည့် စစ်သွေးကြွတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားပြီးနောက် နယူးဒေလီနှင့် အစ္စလာမ္မာဘတ်တို့သည် မေလ ၇ ရက်မှ ၁၀ ရက်အထိ အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့ကြသည်။
အဆိုပါ ထိတွေ့တိုက်ခိုက်မှုများတွင် ဒုံးကျည်စနစ်များကို အလုံးအရင်းဖြင့် အသုံးပြုခဲ့ကြပြီး ၎င်းမှာ တာဝေးပစ်တိုက်ခိုက်နိုင်စွမ်း၏ တိုးမြင့်လာသောအခန်းကဏ္ဍကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။ တိုးမြှင့်လိုက်သော အသုံးစရိတ်များကို တိုက်လေယာဉ်များ၊ စစ်ရေယာဉ်များနှင့် ဒရုန်းများအပါအဝင် ခေတ်မီစစ်ဆင်ရေးပစ္စည်းများဝယ်ယူရာတွင်အသုံးပြုရန် မျှော်မှန်းထားကြောင်း The Week သတင်းဌာနက ဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံအနေဖြင့် မတူညီသောအကွာအဝေးရှိပစ်မှတ်များကို ထိမှန်နိုင်သည့် လက်နက်များပါဝင်သော Rocket-missile force တစ်ခုကို တည်ထောင်ရန် မျှော်လင့်နေကြောင်းနှင့် ယင်းကဲ့သို့သော တပ်ဖွဲ့သည် တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်ရန်အတွက် မရှိမဖြစ်လိုအပ်ကြောင်း ကြည်းတပ်ဦးစီးချုပ်က ရှင်းလင်းပြောကြားခဲ့သည်။
နယူးဒေလီသည် ၂၀၂၅ ခုနှစ်အတွင်း ကာကွယ်ရေးဆိုင်ရာ ဝယ်ယူမှုအများအပြားကို အတည်ပြုခဲ့ပြီး ဒီဇင်ဘာလတွင် ဒေါ်လာ ၈.၈ ဘီလီယံ လျာထားသတ်မှတ်ခဲ့သည်။ ၎င်းမှာ ဩဂုတ်လအတွင်းက BrahMos ဒုံးကျည်များ၊ လက်နက်တပ်ဆင်ထားသော ဒရုန်းများနှင့် အခြား ရှိရင်းစွဲလက်နက်စနစ်များကို အဆင့်မြှင့်တင်ခြင်းတို့အပါအဝင် ဒေါ်လာ ၇.၆ ဘီလီယံခန့် တန်ဖိုးရှိဝယ်ယူမှုများကိုခွင့်ပြုခဲ့ပြီးနောက် ထွက်ပေါ် လာခြင်း ဖြစ်သည်။
ကမ္ဘာ့ထိပ်တန်း ကာကွယ်ရေးပစ္စည်းတင်သွင်းသူများထဲမှ တစ်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံသည် စစ်လက်နက်ကိရိယာနှင့် နည်းပညာအတွက် မော်စကိုကို သမိုင်းအစဉ်အဆက် အားကိုးခဲ့သည်။ အိမ်နီးချင်းနိုင်ငံများနှင့် လေကြောင်းအင်အားမျှခြေကို ထိန်းညှိရာတွင် ရုရှား၏ ဒုံးကျည်နည်းပညာသည် အဓိကကျသည်ဟု အိန္ဒိယက ရှုမြင်ထားသည်။
အိန္ဒိယနိုင်ငံအတွင်း Sukhoi Su-57 တိုက်လေယာဉ်များ ထုတ်လုပ်နိုင်ရေးအတွက် မော်စကိုနှင့် နယူးဒေလီတို့အကြား ဆွေးနွေးမှုများသည် အဆင့်မြင့်အခြေအနေသို့ ရောက်ရှိနေပြီဟု သတင်းများအရ သိရှိရသည်။ မော်စကိုသည် အိန္ဒိယ၏ပြည်တွင်း၌ လက်နက်ထုတ်လုပ်ရေးအစီအစဉ်များတွင် တက်ကြွသော မိတ်ဖက်တစ်ခုဖြစ်ပြီး အချို့သော ရုရှားကာကွယ်ရေးပစ္စည်းများကို အိန္ဒိယ၌ လိုင်စင်သဘောတူညီချက်များဖြင့် ထုတ်လုပ်လျက်ရှိနေပြီ ဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,
,
,
,
,
,
,