နော်ဝေအိမ်ရှေ့မင်းသမီး၏ သားဖြစ်သူသည် မုဒိမ်းမှု အမြောက်အမြားဖြင့် တရားရင်ဆိုင်နေရ
နော်ဝေအိမ်ရှေ့မင်းသမီး၏ သားဖြစ်သူသည် အမျိုးသမီး ၄ ဦးကို မုဒိမ်းကျင့်မှု၊ ရည်းစားဟောင်းများကို ကိုယ်ထိလက်ရောက်စော်ကားမှုတို့ဖြင့် အင်္ဂါနေ့ (ဖေဖော်ဝါရီ ၃) တွင် တရားရင်ဆိုင်ရမည်ဖြစ်ပြီး ထိုဖြစ်ရပ်ကြောင့် တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေခဲ့သည်။
အိမ်ရှေ့မင်းသား Haakon နှင့် မထိမ်းမြားမီ အိမ်ရှေ့မင်းသမီး Mette-Marit ၏ ယခင်အိမ်ထောင်ရေးမှ မွေးဖွားခဲ့သည့် အသက် ၂၉ နှစ်အရွယ် Marius Borg Hoiby သည် ၂၀၁၈ ခုနှစ်ကတည်းက ကျူးလွန်ခဲ့သည့် ပြစ်မှုများအပါအဝင် စွဲချက်ပေါင်း ၃၈ ခုကို ရင်ဆိုင်နေရခြင်းဖြစ်သည်။
၎င်းကို ပြီးခဲ့သည့် တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၁) ညနေပိုင်းကလည်း ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ ဓားဖြင့်ခြိမ်းခြောက်မှုနှင့် တားမြစ်မိန့်ကို ချိုးဖောက်မှု သံသယများဖြင့် ထပ်မံဖမ်းဆီးခဲ့သည်။ ရဲတပ်ဖွဲ့က "ထပ်မံပြစ်မှုကျူးလွန်နိုင်ခြေရှိသည်" ဟု သတိပေးခဲ့ပြီးနောက် တနင်္လာနေ့ (ဖေဖော်ဝါရီ ၂) တွင် ၎င်းကို သီတင်းပတ်လေးပတ်ကြာ ချုပ်မိန့် ရယူခဲ့သည်။ အကယ်၍ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၆ နှစ်အထိ ကျခံရနိုင်သည့် Hoiby သည် သာမန်ပြစ်မှုအချို့ကို ဝန်ခံထားသော်လည်း အပြင်းထန်ဆုံးစွဲချက်များကိုမူ ငြင်းဆိုထားသည်။
၂၀၁၉ ခုနှစ်တွင် ထောင်အတွင်း၌ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်သား Jeffrey Epstein နှင့် အိမ်ရှေ့မင်းသမီးသည် ရင်းနှီးသော ဆက်ဆံရေးရှိခဲ့ကြောင်း အမေရိကန်၏ လျှို့ဝှက်စာရွက်စာတမ်းများတွင် ဖော်ပြထားရာ ယခုအရှုပ်တော်ပုံသည် ၎င်း၏ မိခင်ဖြစ်သူထံသို့ပါ ကူးစက်နေသည်။
အော်စလိုမြို့တွင် ပြုလုပ်မည့် Hoiby ၏ ရုံးထုတ်စစ်ဆေးမှုကို ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက် ၉ နာရီခွဲတွင် စတင်မည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့အထိ ကြာမြင့်မည်ဟု ခန့်မှန်းရသည်။ တရားလိုပြ ရှေ့နေ Sturla Henriksbo က Hoiby အား "တော်ဝင်မိသားစုဝင်ဖြစ်ခြင်းကြောင့် ပိုမိုသက်ညှာပေးမည်မဟုတ်သလို ပိုမိုပြင်းထန်စွာလည်း အပြစ်ပေးမည်မဟုတ်" ဟု ပြောကြားခဲ့သည်။
Hoiby သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့တွင် ချစ်သူဖြစ်သူအား ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြင့် ဖမ်းဆီးခံခဲ့ရဖူးသည်။ နောက်ပိုင်းတွင် ၎င်းသည် "စိတ်ပိုင်းဆိုင်ရာ ပြဿနာများရှိနေပြီး အရက်နှင့် ကိုကင်းသုံးစွဲထားမိသဖြင့်" ယင်းသို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအရ ၎င်းသည် အမျိုးသမီး ၄ ဦး အိပ်ပျော်နေစဉ် သို့မဟုတ် မူးမေ့နေစဉ် မုဒိမ်းကျင့်ခဲ့ကြောင်းထွက်ပေါ်လာပြီး အချို့ကို ဗီဒီယိုမှတ်တမ်းတင်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ၂၀၂၀ ပြည့်နှစ်က ဆေးခြောက် ၃.၅ ကီလိုဂရမ် သယ်ယူပို့ဆောင်ခဲ့သည့် မူးယစ်ဆေးဝါးမှု စွဲချက်လည်း ပါဝင်နေသည်။
နစ်နာသူ ၇ ဦးအနက် Hoiby ၏ ရည်းစားဟောင်း၊ မော်ဒယ် Nora Haukland က ၎င်းအား မျက်နှာကိုရိုက်ခြင်း၊ ကန်ခြင်း၊ ထိုးကြိတ်ခြင်းနှင့် လည်ပင်းညှစ်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု လူသိရှင်ကြား စွပ်စွဲထားသည်။
အဆိုပါဖြစ်ရပ်သည် နော်ဝေတော်ဝင်မိသားစု သမိုင်းတလျှောက် အဆိုးရွားဆုံး အရှုပ်တော်ပုံတစ်ခုဖြစ်ပြီး ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သည်။ သို့သော်လည်း အသက် ၈၈ နှစ်အရွယ် ဘုရင် Harald နှင့် မိဖုရား Sonja တို့အပေါ် ပြည်သူများ၏ ကြည်ညိုမှုမှာ ရှိနေဆဲဖြစ်သည်။
အိမ်ရှေ့မင်းသမီး Mette-Marit မှာမူ အဆုတ်ရောဂါဝေဒနာ ခံစားနေရသည့်အပြင် Epstein နှင့် ဆက်နွှယ်မှုကြောင့်လည်း ဝေဖန်မှုများ ရင်ဆိုင်နေရသည်။ Hoiby အတွက် တရားရုံး၏ အမိန့်ကို တရားခွင် ပြီးဆုံးပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် ကြေညာမည်ဖြစ်သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,