နှစ်နှစ်တာစစ်ပွဲအတွင်း အစ္စရေးစစ်ဘက်ဆိုင်ရာ Start-up ကုမ္ပဏီများ အကျိုးအမြတ်အများအပြား ရရှိနေကြကြောင်း ဝါရှင်တန်ပို့စ်က ဖော်ပြ

News Image

  • နှစ်နှစ်တာစစ်ပွဲအတွင်း အစ္စရေးစစ်ဘက်ဆိုင်ရာ Start-up ကုမ္ပဏီများ အကျိုးအမြတ်အများအပြား ရရှိနေကြကြောင်း ဝါရှင်တန်ပို့စ်က ဖော်ပြ

အစ္စရေး၏ လက်နက်များနှင့် ဆက်စပ်စနစ်များကိုဝယ်ယူရန် ပြည်ပမှတောင်းဆိုမှုများ သိသိသာသာမြင့်တက်လာနေကြောင်း အစ္စရေး Start-up အမှုဆောင်များက ပြောကြားခဲ့သည်ဟု ဝါရှင်တန်ပို့စ်က အင်္ဂါနေ့ (ဖေဖော်ဝါရီ ၃) တွင် ရေးသားခဲ့သည်။ ဂါဇာနှင့် လက်ဘနွန်တို့အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ၊ ထို့အပြင် ဟစ်ဇ်ဘိုလာ လက်နက်ကိုင် အဖွဲ့အပေါ် တိုက်ခိုက်မှုများသည် အစ္စရေးတပ်ဖွဲ့ဝင်များ အသုံးပြုသည့် လက်နက်များနှင့် အခြားနည်းပညာများအပေါ် ပြည်ပ၏ဝယ်လိုအားကို မြင့်တက်စေခဲ့သည်ဟု သတင်းများအရ သိရှိရသည်။

Startup Nation Central ၏ဖော်ပြချက်အရ အစ္စရေး Start-up များ သည် ၂၀၂၄ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၂ ဘီလီယံ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် စံချိန်တင် ဒေါ်လာ ၁၅.၆ ဘီလီယံအထိ ရရှိခဲ့ကြောင်း၊ အဆိုပါအလားအလာမှာ ဆက်လက်တည်ရှိနေမည်ဟု စက်မှုလုပ်ငန်းကျွမ်းကျင်သူများက ခန့်မှန်းထားကြောင်း ဝါရှင်တန်ပို့စ်က ဆိုသည်။

အစ္စရေး စစ်ဘက်နည်းပညာအပေါ် ဝယ်လိုအားမြင့်တက်လာခြင်းသည် ဥရောပအစိုးရ အများအပြား၏ ရပ်တည်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ၎င်းတို့သည် ဂါဇာရှိ အစ္စရေး၏ လုပ်ဆောင်ချက်များကို ရှုတ်ချခဲ့ကြပြီး အချို့သောအခြေအနေများတွင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို ချိုးဖောက်ရာတွင် အသုံးပြုနိုင်မည်ကို စိုးရိမ်သောကြောင့် အစ္စရေးသို့ လက်နက်တင်ပို့မှုများကို ရပ်ဆိုင်းရန် သို့မဟုတ် ကန့်သတ်ရန် လုပ်ဆောင်ခဲ့ကြသည်။ လက်နက်ရောင်းချမှုကို ပိတ်ပင်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းများ ပြုလုပ်ထားသည့် နိုင်ငံများထဲတွင် ဗြိတိန်၊ အီတလီ၊ စပိန်၊ ကနေဒါ၊ ဘယ်လ်ဂျီယံနှင့် နယ်သာလန်တို့ ပါဝင်သည်။

“မိမိတို့နိုင်ငံသားတွေကို အကာအကွယ်ပေးရန်အတွက် အစ္စရေး ကုမ္ပဏီတွေနှင့် ဆွေးနွေးရန် ၎င်းတို့၏ ကာကွယ်ရေးခေါင်းဆောင်တွေကို စေလွှတ်နေသလို တစ်ဖက်မှာလည်း လမ်းပေါ်ကပြည်သူတွေကို နှစ်သိမ့်ရန် ဂါဇာအရေးနှင့်ပတ်သက်ပြီး လူမြင်ကောင်းအောင် ကိုယ်ကျင့်တရား ပြသနေသည့် အစိုးရတွေ ရှိပါသည်” ဟု အစ္စရေးစစ်ဘက်နည်းပညာတွင် ရင်းနှီးမြှုပ်နှံသည့် မိုင်ယာမီအခြေစိုက် 1948 Ventures ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတည်ထောင်သူ Aaron Kaplowitz က ဝါရှင်တန်ပို့စ်သို့ ပြောကြားခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကလည်း Google သည် ဒရုန်းရုပ်သံဖိုင်များကို ခွဲခြမ်းစိတ်ဖြာရန် အစ္စရေးစစ်ဘက်ကန်ထရိုက်တာတစ်ဦးအား ကူညီပေးခြင်းဖြင့် လက်နက်များ သို့မဟုတ် စောင့်ကြည့်ရေးလုပ်ငန်းများအတွက် AI အသုံးပြုမှုကို တားမြစ်ထားသည့် ၎င်း၏ ကိုယ်ပိုင်မူဝါဒများကို ၂၀၂၄ ခုနှစ်တွင် ချိုးဖောက်ခဲ့ကြောင်း အဆိုပါသတင်းစာက ရေးသားခဲ့သည်။ Google ဝန်ထမ်းဟောင်းတစ်ဦး၏ ပြောကြားချက်အရ အစ္စရေး၏ အနောက်ဂျေရုဆလင်နှင့် ချုပ်ဆိုထားသောစာချုပ်အပေါ် ဝန်ထမ်းများက ကန့်ကွက်ဆန္ဒပြခဲ့ပြီးနောက် ကုမ္ပဏီအနေဖြင့် အစ္စရေး စစ်တပ်နှင့်ပတ်သက်မှုမရှိကြောင်း လူသိရှင်ကြား အလှမ်းကွာအောင် လုပ်ဆောင်နေသည့်အချိန်မှာပင် Google ၏ Gemini AI နည်းပညာကို အစ္စရေးကာကွယ်ရေး ယန္တရားက အသုံးပြုနေခဲ့ခြင်း ဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂