Draco Malfoy က တရုတ်နိုင်ငံ၏ ၂၀၂၆ ခုနှစ် (မြင်းနှစ်) အတွက် ကံကောင်းခြင်းသင်္ကေတသစ် ဖြစ်လာ
Harry Potter ဇာတ်လမ်းတွဲမှ နာမည်ကျော်ဇာတ်ကောင် Draco Malfoy သည် တရုတ်နိုင်ငံတွင် ၂၀၂၆ ခုနှစ်အတွက် မမျှော်လင့်ဘဲ ကံကောင်းခြင်းသင်္ကေတအဖြစ် ရေပန်းစားလျက်ရှိသည့် အဆိုပါဖြစ်ရပ်သည် Malfoy ၏ အမည်ကို တရုတ်ဘာသာဖြင့် အသံဖလှယ်ထားသည့် "Ma Er Fu" ဟူသော စကားလုံးပေါ်တွင် အခြေခံနေခြင်းဖြစ်သည်။
တရုတ်ဘာသာစကားအရ "Ma" သည် မြင်းကို ကိုယ်စားပြုပြီး "Fu" သည် ကံကောင်းခြင်း (Fortune) ကို ဆိုလိုသဖြင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် စတင်မည့် ၂၀၂၆ ခုနှစ် (မြင်းနှစ်) အတွက် Malfoy ၏ အမည်မှာ "ကံကောင်းခြင်းများကို သယ်ဆောင်လာသောမြင်း" ဟူ၍ အဓိပ္ပာယ်သက်ရောက်သွားခြင်းဖြစ်သည်။
လက်ရှိတွင် တရုတ်နိုင်ငံတစ်ဝှမ်းရှိ ဈေးဝယ်စင်တာများနှင့် လူမှုကွန်ရက်စာမျက်နှာများ၌ Malfoy ၏ ပုံရိပ်များကို နေရာအနှံ့မြင်တွေ့နေရသည်။ Harry Potter နှင့် မကြာခဏ ထိပ်တိုက်တွေ့လေ့ရှိသည့် အဆိုပါ ချမ်းသာကြွယ်ဝသော ရွှေအိုရောင်ဆံပင်ပိုင်ရှင် လူငယ်လေး၏ ပုံများကို နှစ်သစ်ကူးကဗျာများနှင့် နှုတ်ခွန်းဆက်စကားများတွင် ထည့်သွင်းအသုံးပြုလာကြသည်။
မင်းသား Tom Felton ကိုယ်တိုင်လည်း တရုတ်နိုင်ငံရှိ ဈေးဝယ်စင်တာတစ်ခုတွင် ချိတ်ဆွဲထားသည့် ၎င်း၏ ဇာတ်ကောင်ပိုစတာကြီးကို လူမှုကွန်ရက်တွင် ပြန်လည်ဝေမျှခဲ့ပြီး Douyin ကဲ့သို့ ပလက်ဖောင်းများတွင်လည်း Malfoy ၏ ပုံပါသော နှစ်သစ်ကူးအလှဆင်ပစ္စည်း ဗီဒီယိုများမှာ ကြည့်ရှုသူသောင်းနှင့်ချီ၍ လူကြိုက်များလျက်ရှိသည်။
အဆိုပါ Trend ကြောင့် အွန်လိုင်းဈေးကွက် (e-commerce) များတွင်လည်း Malfoy ပိုစတာများ ရောင်းအားကောင်းနေပြီး ဝယ်ယူသူများက "သခင်လေး Malfoy အနေဖြင့် ၂၀၂၆ တွင် ကံကောင်းခြင်းများ သယ်ဆောင်လာပေးရန်" ဆုတောင်းစာများ ရေးသားနေကြသည်။ Harry Potter လုပ်ငန်းစုသည် တရုတ်နိုင်ငံတွင် ၂၀၀၇ ခုနှစ်ကတည်းက စာအုပ်အုပ်ရေ ၁၀ သန်းနီးပါး ရောင်းချခဲ့ရသည့်အပြင် ၂၀၂၀ ပြည့်နှစ်တွင် ရုပ်ရှင်ပြန်လည်ပြသမှုမှလည်း ဒေါ်လာ ၂၈ သန်းခန့် ရရှိခဲ့သည်အထိ အောင်မြင်မှုကြီးမားခဲ့ရာ ယခုအခါ ၎င်းတို့၏ ဇာတ်ကောင်တစ်ဦးမှာ ဒေသတွင်းရိုးရာယဉ်ကျေးမှုနှင့်ပေါင်းစပ်ကာ ထူးခြားသည့် ကံကောင်းခြင်းသင်္ကေတတစ်ခုအဖြစ် တစ်ကျော့ပြန် ခေတ်စားလာခြင်း ဖြစ်သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,