ဖူးခက်တွင် အီရတ်နိုင်ငံသားကို ပစ်သတ်ပြီး ထွက်ပြေးရန်ပြင်သည့် ကိုလံဘီယာနိုင်ငံသားအား ဖမ်းဆီးရမိ

News Image

  • ဖူးခက်တွင် အီရတ်နိုင်ငံသားကို ပစ်သတ်ပြီး ထွက်ပြေးရန်ပြင်သည့် ကိုလံဘီယာနိုင်ငံသားအား ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ ဖူးခက်ကျွန်း၊ ပါတောင် (Patong) အရပ်၌ အီရတ် နိုင်ငံသားတစ်ဦးကို သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခဲ့သည့် ကိုလံဘီယာနိုင်ငံသား သံသယရှိသူအား ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၈) နံနက် အစောပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။ အခင်းဖြစ်ပွားပုံမှာ စနေနေ့ (ဖေဖော်ဝါရီ ၇) နေမဝင်မီအချိန်က အသက် ၂၄ နှစ်အရွယ် အီရတ် နိုင်ငံသား Ameer Mundher Mahmood သည် ဟိုတယ်တစ်ခု၏မျက်နှာချင်းဆိုင်ရှိ ဆိုင်ကယ်အနီးတွင် ရှိနေစဉ် နောက်ကျောကို အနီးကပ် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ပြီး ပါတောင်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

လူသတ်မှုကျူးလွန်သူအား ရဲတပ်ဖွဲ့က အပူတပြင်းရှာဖွေခဲ့ရာ သံသယရှိသူမှာ အသက် ၃၉ နှစ်အရွယ် ကိုလံဘီယာနိုင်ငံသား Fernando Estaid Guevara Sanchez ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ၎င်းသည် ဇန်နဝါရီ ၁၉ ရက်တွင် ဖူးခက်သို့ ရောက်ရှိလာခဲ့ပြီး တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၈) နံနက် ၈ နာရီ ၄၀ မိနစ်တွင် ကာတာလေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံမှ ထွက်ခွာရန် စီစဉ်ထားကြောင်းသိရှိရသဖြင့် ရဲတပ်ဖွဲ့က လေဆိပ်သို့ လိုက်လံစုံစမ်းခဲ့ရာမှ နံနက် ၃ နာရီခန့်တွင် လေဆိပ်အနီးရှိ တည်းခိုခန်း တစ်ခု၌ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်များအရ သေဆုံးသူသည် တရားမဝင် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သည့် အငြင်းပွားမှုများရှိနေသဖြင့် ၎င်းကိုသတ်ရန် သံသယရှိသူအား ပြည်ပမှ ငှားရမ်းခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူဆရသည်။ လူသတ်မှုတွင်အသုံးပြုသည့် လက်နက်ကိုမူ ထိုင်းနိုင်ငံအလယ်ပိုင်းရှိ အဆက်အသွယ်များက ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းထားပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရှိရသည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂