လေယာဉ်ဆီ ပြတ်လပ်မှု အကျပ်အတည်းဖြစ်ပေါ်နိုင်ကြောင်း ကျူးဘား သတိပေး
ကျူးဘားလေကြောင်းအာဏာပိုင်များက နိုင်ငံအပေါ် အမေရိကန်၏ စွမ်းအင်ပိတ်ဆို့မှုများကြောင့် လေယာဉ်ဆီပြတ်လပ်မှု ကြုံတွေ့နေရကြောင်း နိုင်ငံတကာလေကြောင်းလိုင်းများကို သတိပေးလိုက်သည်။
ဟာဗားနားမြို့ရှိ Jose Marti အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၈) က ထုတ်ပြန်ခဲ့သည့် လေကြောင်းသတိပေးချက် (NOTAM) အရ ကျူးဘားနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာလေဆိပ် (၉) ခုလုံးတွင် တနင်္လာနေ့ (ဖေဖော်ဝါရီ ၉) မှစတင်၍ ဆိုက်ရောက်လာသည့် လေယာဉ်များကို ဆီဖြည့်ပေးရန် လေယာဉ်ဆီရှိတော့မည်မဟုတ်ကြောင်း သိရှိရသည်။ အဆိုပါအကျပ်အတည်းသည် အနည်းဆုံး မတ်လအထိ ကြာမြင့်နိုင်ဖွယ်ရှိသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကျူးဘားသို့ ရေနံတင်ပို့နေသည့် နိုင်ငံများကို အခွန်တိုးမြှင့်ကောက်ခံမည်ဟု ခြိမ်းခြောက်ထားပြီး ၎င်း၏ အစိုးရအဖွဲ့သည် စီးပွားရေးအကျပ်အတည်းမှတစ်ဆင့် ကျူးဘားအစိုးရ ပြိုလဲသွားစေရန် မျှော်လင့်နေခြင်းဖြစ်သည်။
ယခင်ကလည်း လေကြောင်းလိုင်းများသည် ယခုကဲ့သို့ ပြတ်လပ်မှုမျိုးကို မက္ကဆီကို သို့မဟုတ် ဒိုမီနီကန်သမ္မတနိုင်ငံတို့တွင် ဆီဖြည့်ရပ်နားခြင်းဖြင့် ဖြေရှင်းခဲ့ကြဖူးသည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းကြောင့် လေယာဉ်လက်မှတ်ခများ မြင့်တက်လာကာ ခရီးသွားလုပ်ငန်းကို ထိခိုက်စေနိုင်ကြောင်း စောင့်ကြည့်လေ့လာသူများက မှတ်ချက်ပြုကြသည်။
ကျူးဘားနိုင်ငံရောက် ရုရှားခရီးသွားများ ကြုံတွေ့ရနိုင်သည့် အဆင်မပြေမှုများနှင့်ပတ်သက်၍ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က အခြေအနေမှာ "အမှန်တကယ်ပင် စိုးရိမ်ရသည့် အဆင့်" ဖြစ်သည်ဟု ပြောကြားခဲ့ပြီး ရေရှည်မဟာမိတ် ချစ်ကြည်ရေးနိုင်ငံဖြစ်သော ကျူးဘားကို ကူညီရန် မော်စကိုက အသင့်ရှိနေကြောင်း ဆိုသည်။
"အမေရိကန်၏ အကျပ်ကိုင် ပိတ်ဆို့မှုများသည် လက်တွေ့မှာ ပြဿနာများစွာ ဖြစ်စေပါသည် ၊ မိမိတို့အနေဖြင့် ကျူးဘားမိတ်ဆွေတို့နှင့်အတူထိုပြဿနာတွေကို ဖြေရှင်းနိုင်မည့် နည်းလမ်းတွေ သို့မဟုတ် အနည်းဆုံးတော့ မိမိတို့ တတ်နိုင်သမျှ ကူညီပေးနိုင်ရန် ဆွေးနွေးနေပါသည်" ဟု ၎င်းက တနင်္လာနေ့ (ဖေဖော်ဝါရီ ၉) တွင် သတင်းထောက်များကို ပြောကြား ခဲ့သည်။
ရုရှားမီဒီယာများ၏အဆိုအရ ပြည်တွင်းလေကြောင်းလိုင်းများသည် ခရီးစဉ်ဇယားများကို ပြောင်းလဲမှုများ ပြုလုပ်နေကြကြောင်း သိရှိရသည်။ ဟာဗားနားသို့ ပျံသန်းမည့် ခရီးစဉ်တစ်ခုမှ ခရီးသည်များကို မော်စကို တွင်ပင် ဆက်လက်နေထိုင်ရန် နောက်ဆုံးအချိန်၌ အကြောင်းကြားခဲ့ရပြီး အဆိုပါ လေယာဉ်အား အရေးပေါ် သယ်ယူပို့ဆောင်ရေးအတွက် လမ်းကြောင်းလွှဲလိုက်ရသည်ဟု ဆိုသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂

,