ရန်ကုန် - မန္တလေး အမြန်လမ်းတစ်လျှောက် အရိပ်ရအပင်ပေါင်း (၁) သိန်းကျော် စိုက်ပျိုးမည်
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် လမ်းအသုံးပြုသူများအတွက် သာယာလှပစေရန်ရည်ရွယ်၍ အရိပ်ရအပင်ပေါင်း (၁) သိန်းကျော်ကို နှစ် အလိုက် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း အမြန်လမ်းမကြီး ပြုပြင်ထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။
အမြန်လမ်းမကြီးတစ်လျှောက် ပတ်ဝန်းကျင်အလှအပ မြှင့်တင်ပေးနိုင်မည့် စီမံကိန်းတစ်ရပ် အဖြစ်စိုက်ပျိုးမည်ဖြစ်ပြီး လာမည့်မိုးရာသီတွင် စတင်စိုက်ပျိုးမည်ဖြစ်ကာ အချိန်ကာလအားဖြင့် (၂) နှစ် မှ (၃) နှစ်အထိ ကြာမြင့်နိုင်ကြောင်းလည်း သိရသည်။ “စီမံကိန်းကတော့ ရန်ကုန်-မန္တလေးအထိကို စုစု ပေါင်း အပင် (၁၂၀ဝဝဝ) ကျော်စိုက်ဖို့လျာထားတယ်။ လျာထားပြီးတော့ တစ်နှစ်တည်းတော့ မစိုက်နိုင် လောက်ဘူးထင်တယ်။ (၂) နှစ် (၃) နှစ်လောက်ခွဲပြီး စိုက်သွားဖို့တော့ အစီအစဉ်ရှိတယ်။ လာမယ့် ရာသီ ကတော့ သစ်ပင်စိုက်ရာသီပေါ့နော်။ မိုးဦးကျတာနဲ့ ကျွန်တော်တို့ အပင်တော်တော်များများစိုက်ဖို့ လုပ် ထားတယ်။ အခုတည်းက မြေပြင်တာတွေ ဘာတွေတော့ ကြိုပြီးတော့ မြေနေရာရှင်းတာတွေတော့ လုပ် ထားမယ်ပေါ့” ဟု အထက်ပါတာဝန်ရှိသူက NP News သို့ပြောသည်။
အဆိုပါလမ်းတစ်လျှောက် ခရေပင်၊ တမာပင်၊ ကုက္ကိုလ်ပင် ၊ မယ်ဇယ်ပင် ၊ မန်ကျည်းပင်နှင့် မန်ဂျန်ရှားပင်တို့ကိုစိုက်ပျိုးမည်ဖြစ်ကာ လမ်းအခြေအနေ၊ ရေမြေနှင့် ကိုက်ညီမှု၊ ထိန်းသိမ်းရလွယ်ကူမှု တို့ကြောင့် ကုက္ကိုလ်ပင်နှင့် မယ်ဇယ်ပင်များကို ပိုမိုစိုက်ပျိုးသွားမည်ဖြစ်ပြီး လက်ရှိတွင် သစ်တောဦးစီး ဌာနမှ ပျိုးပင်ပေါင်း (၁၅၀ဝဝ) ခန့်ကို ရရှိထားပြီဖြစ်ကြောင်းလည်းသိရသည်။
“အဓိကကတော့ ကုက္ကိုလ်၊ မယ်ဇယ်နဲ့ တမာများတာပေါ့နော်။ ခရေပင်ကတော့ လမ်းလယ် ကျွန်းတွေမှာစိုက်တာ။ လမ်းအစွန်မှာကျတော့ ကုက္ကိုလ်ပင်၊ မယ်ဇယ်ပင်၊ တမာပင်၊ မဲဇလီပင် အဲဒါမျိုး တွေစိုက်မှာပေါ့နော်။ အခု မဲဇလီကတော့ စုထားတဲ့အထဲတော့မပါသေးဘူး။ ကျွန်တော်တို့ စုထားတာ မယ်ဇယ်၊ ခရေ၊ တမာ၊ မန်ကျည်းပါတယ်။ မန်ဂျန်ရှား ရှိမယ်။ ကျွန်တော်တို့ အဓိကတည်ထားတာက ရန် ကုန်-နေပြည်တော်ပိုင်းမှာက ကုက္ကိုလ်နဲ့ မန်ဂျန်ရှား၊ နေပြည်တော်-မန္တလေးပိုင်းမှာကျတော့ မယ်ဇယ်၊ တမာ၊ မန်ကျည်းပေါ့။ အဲဒီလိုလျာထားတယ်။ အခုလောလောဆယ်တော့ ရှိနေတဲ့အပင်တွေကို ထိန်း သိမ်းတာ လုပ်နေတယ်။ မနှစ်ကစိုက်ထားတဲ့အပင်လေးတွေပေါ့” ဟု ပြောသည်။
ယခင်က တင်ဒါဖြင့် အပင်စိုက်ပျိုးရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့သော်လည်း လက်ရှိတွင် သစ်တောဦးစီးဌာနမှ ပျိုးပင်များရရှိထားပြီး အမြန်လမ်းအဖွဲ့မှ အဓိကဆောင်ရွက်နေ ကြောင်း သိရသည်။ လက်ရှိတွင် ယခင်က စိုက်ပျိုးထားသည့်အပင်များကိုသာ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိနေခြင်းဖြစ်ပြီး နွေရာသီတွင် အပင်များသေဆုံးမှုမဖြစ်စေရန် ရေသန့်ဘူး ဖြင့် ရေလောင်းခြင်း၊ မြေတူးပြီး ရေအဝင်ကောင်းစေရန် ပြင်ဆင်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိပြီး အပင်အားနည်းပါက မြေဩဇာကျွေးခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။
“တစ်ပင်ကို စိုက်ခနဲ့ခြင်းခတ်ခနဲ့က အပင်ဖိုးမပါဘဲနဲ့ (၁)သောင်းနဲ့ (၁)သောင်းခွဲကြားမှာ ကုန် တယ်။ ထိန်းသိမ်းတဲ့စရိတ်ကျတော့ တစ်နှစ်ပတ်လုံးထိန်းသိမ်းရတာဆိုတော့ တစ်ရာသီကို တစ်ပင်ကို (၁)သောင်းခွဲလောက်တော့ ကျမယ်ထင်တယ်” ဟု ပြောသည်။
Np news

,